ရှီလာ မျက်လုံးမဖွင့်ရဲဘဲ နားစွင့်နေမိသည်။ အခြေအနေက ကြောက်စရာကြီးဖြစ်နေတာမို့ ထလည်း ပြေးချင်သည်။ ပြေးလည်း မပြေးရဲ။ အခုဆို သူ့ချစ်သူရဲ့ ခြေသံတွေကို ကြားနေရသည်။ ခပ်ဖြည်းဖြည်း ခပ်မှန်မှန်နဲ့ သူ့ဆီကို လှမ်းလာသည့် ခြေသံ။ ခြေသံထက်ကျယ်နေတာက နှလုံးခုန်သံတွေဖြစ်နေသည်။ အခုကျတော့မှ မျက်နှာက ဟိုနေရာ ယားသလို၊ ဒီနေရာ ယားသလို။ တံတွေးမျိုချတာကပဲ ပုံမှန်ထက်ပိုပြီး ကျယ်ချင်နေသလိုလို။

“ရှီလာ”

ဘုရား၊ ဘုရား။
နားနားကပ်ပြီး ခေါ်လိုက်ပုံက ကြက်သီးထဖွယ်။ လက်သီးလေးကို ကျစ်ခနဲဆုပ်ကာ ဆက်ပြီးအိပ်ချင်ယောင်ဆောင်လိုက်သည်။ သွားလိုက်ပါတော့။ အိပ်ပျော်နေတဲ့လူကို ထားခဲ့လိုက်ပါတော့။

သူကသာ သူ့ကိုယ်သူအိပ်ချင်ယောင်ဆောင်တာ ပီပြင်လှချည်ရဲ့လို ထင်နေတာ တကယ်တမ်းတော့ မျက်ခုံးနှစ်ဖက်တို့က တွန့်ချိုးလို့ ပါးစပ်က လှုပ်စိလှုပ်စိ။ ရင်တွေခုန်နေလို့ သရုပ်ဆောင်စွမ်းရည်တွေအကုန် ပလုံသွားတာဖြစ်နိုင်မလားမသိ။ မျက်ခွံ‌ပေါ်မှ မြင်ရသည့် မျက်လုံးရာလေးက ဟိုရွေ့ ဒီရွေ့။ နော်ဂါက နှဖူးမှ ဆံသားတို့ကို ဖွဖွသပ်ပေးလာချိန်ဝယ် တွ့န်ခနဲတောင်ဖြစ်သွားသေးသည်။ တကယ် ရယ်ချင်စရာပုံစံလေး။

“ရှီလာ”

လေသံနွေးနွေးတို့က နားမွှေးလေးကိုဖြတ်သန်းသွားသည်။ နော်ဂါက ညာဘက်နားနားလေး ကပ်လေလေ။ ရှီလာက မသိမသာ ခုတင်ဟိုဘက်ကို တိုးလေလေ။ တဖြည်းဖြည်းနဲ့ နံရံကိုကပ်ကာ တိုးစရာနေရာမရှိတော့မှ နံရံဘက်ကိုလှည့်ကာ ကွေးကွေးလေးကျုံ့နေသည်။

နော်ဂါ တဖြည်းဖြည်းရယ်ချင်လာသည်။ ဒါလေးက ဘယ်လိုဟာလေးတုန်း။ ဘာလို့ ဒီလောက် ချစ်စရာကောင်းနေရတာလဲ။ တော်ပါပြီ။ ကိုယ်ချစ်မိပြီးသားပါကွာ ထပ်ပြီး ချစ်လာအောင် မလုပ်ပါနဲ့တော့။ ကြာရင် ကိုယ့်နှလုံးတွေလည်း ပေါက်ထွက်တော့မှာပဲ။ ဒီဟာလေးဟာလေ။

အသည်းယားစွာ ပွေ့ယူလိုက်ပြီး ပေါင်ပေါ်တင်လိုက်တော့ အခုမှ နိုးလာသလိုလို ဘာလိုလိုနှင့် မျက်လုံးလေးပွင့်လာသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now