ရှစ်စုန့်၏ မျက်နှာက အဆက်မပြတ် အရောင်ပြောင်းသွားခဲ့ပြီး သူက အံကြိတ်၍ ပြောလိုက်သည်။ "၂.၆ ဘီလီယမ်… နင်လီရှောင်… တကယ်လို့ မင်းက အစွမ်းရှိတယ်ဆိုရင် သုံးဘီလီယမ်အထိ ဈေးမြှင့်ပေးလိုက်လေ….."

နင်လီရှောင်က ရှစ်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောဆိုခဲ့၏။ "၃.၅ ဘီလီယမ်….."

"ဝှူး….."

လူတိုင်းက လေအေးများ ရှူသွင်းလိုက်ရသည်။ ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက အလွန်တန်ဖိုးကြီးမည်ဟု အစောကြီးကတည်းက မျှော်လင့်ထားခဲ့သည့်တိုင် ယခုကဲ့သို့သော ပမာဏတစ်ခုအထိ အမှန်တကယ် တန်ဖိုးကြီးနေမည်ဟု သူတို့က ထင်မထားခဲ့ကြပေ။

၃.၅ ဘီလီယမ် တန်ဖိုးဖြင့်ဆိုလျှင် လူတစ်ယောက်က အကာအကွယ် နတ်သခင် ဆန်းကြယ်ရတနာ အချို့ကိုပင် ဝယ်ယူနိုင်ပြီဖြစ်၏။

သို့ရာတွင် ထိုအရာက ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံးအတွက် တန်ဖိုးမျှသာ ဖြစ်နေခဲ့သည်။

ရှစ်စုန့်၏ မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့ပြီး သူက အလွန်အမင်း မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။ "နင်လီရှောင်… မင်းက ရက်စက်တယ်လို့ပဲ သတ်မှတ်လိုက်မယ်… ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက မင်းတို့နင်မိသားစုအပိုင်ပဲ….."

နင်လီရှောင်က လက်သီးလက်ဝါးဆုပ် အရိုအသေပေးလိုက်ပြီး ပြုံး၍ ပြောဆိုခဲ့၏။ "အစ်ကိုရှစ်စုန့်… အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….."

"၃.၅ ဘီလီယမ်… နင်မိသားစုက ၃.၅ ဘီလီယမ် ဈေးပေးနေပါပြီ… ပိုပေးချင်တဲ့သူ ရှိပါသေးလား….."

တာဝန်ခံကျန်းက စကားပြောဆိုခြင်းကို အချိန်အနည်းငယ်ကြာ ရပ်တန့်လိုက်ပြီး သူ၏အကြည့်က လူအများပေါ်သို့ ရောက်ရှိသွားပြီးမှ သူက ဆက်လက်ပြောဆိုလိုက်သည်။ "၃.၅ ဘီလီယမ် တစ်ကြိမ်၊ ၃.၅ ဘီလီယမ် နှစ်ကြိမ်၊ ၃.၅ ဘီလီယမ် သုံးကြိမ်… ရောင်းလိုက်ပါပြီ… နင်မိသားစုက ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီးရဲ့ သမိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့ ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ရရှိသွားခဲ့အတွက် ဂုဏ်ယူပါတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now