Ch 1341 - 1343

87 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 96

Chapter-10

(သေစေနိုင်သော ဝန်းရံမှု)

"အရှင်… တစ်ခုခုတော့ မှားယွင်းနေပြီနဲ့တူတယ်… ဒီသရဲဘုရင်ဂူက တော်တော်လေး တိတ်ဆိတ်နေတယ်….." လမ်းပြ၏ မျက်နှာအမူအရာက ကောင်းမွန်ခြင်းမရှိတော့ဘဲ ပြောဆိုလိုက်သည်။

ဝမ်ယုတောက်၏ မျက်နှာအမူအရာကလည်း ပျက်ယွင်းနေခဲ့ပြီး သူက ပြောဆိုလိုက်သည်။ "ပေါက်ကရပြောနေတာတွေ တော်လောက်ပြီ… မင်းက လမ်းပြပေးဖို့အတွက်ပဲ ဂရုစိုက်ဖို့လိုတယ်… ဒီကောင်စုတ်လေးက ကောင်းကင်ဘုံကို ပြောင်းပြန်လှန်နိုင်မယ်လို့ ငါလုံးဝမယုံဘူး….." 

လမ်းပြက သတိပေးနေရန်ပင် မလိုအပ်ပေ။ တစ်စုံတစ်ရာ လွဲချော်နေသည်ကို ဝမ်ယုတောက်က မည်သည့်အတွက် သတိမထားမိဘဲ နေနိုင်မည်နည်း။

သရဲဘုရင်ဂူအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် သူတို့က အမြဲတမ်း သတိထားနေခဲ့၏။ သို့သော် လမ်းတစ်လျှောက်တွင် သူတို့က မိစ္ဆာဝိညာဥ်တစ်ကောင်နှင့် ဆုံတွေ့ရခြင်းပင် မရှိခဲ့ပေ။

သရဲဘုရင်ဂူက ယင်ဓာတ်လေလိုဏ်ဂူ၏ အန္တရာယ်အကြီးမားဆုံး နေရာတစ်ခုဖြစ်၍ မိစ္ဆာဝိညာဥ်များစွာ ရှိနေသင့်ပေသည်။

ဝမ်ယုကန်းကလည်း သူ၏ခန္ဓာကိုယ်တွင် ကြက်သီးထနေခဲ့သည်ဟု ခံစားမိခဲ့၍ ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။ "ဒုတိယအစ်ကို… နောက်ပြန်ဆုတ်တာ ပိုကောင်းမယ်… ကျုပ်တို့က ဝင်ပေါက်ကို စောင့်ကြပ်နေသရွေ့ အဲဒီကောင်လေး ထွက်မလာမှာကို စိုးရိမ်နေစရာ လိုအပ်ပါဦးမလား….."

ဝမ်ယုကန်း၏ အကြံပြုချက်က ဝမ်ယုတောက်ကို ဝမ်းသာမှုကြောင့် တုန်ယင်သွားစေခဲ့သည်။

"တကယ်လို့ သူက သူ့အသက်ကို စတေးပြီး အထဲမှာပဲ ပုန်းအောင်းနေပြီးတော့ အပြင်ကို ထွက်မလာခဲ့ရင်ရော….." ဝမ်ယုတောက်က မေးမြန်းလိုက်၏။

ဝမ်ယုတောက်  စိတ်ပြောင်းလာသည်ကို ကြားလိုက်ရသော အခိုက်အတန့်တွင် လမ်းပြက ကပျာကယာ ပြောဆိုလိုက်၏။ "မဖြစ်နိုင်ပါဘူး… ပြည့်စုံခြင်းအဆင့် နက်နဲခြင်းဂူ နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်တစ်ယောက်တောင် ဒီနေရာမှာ အလွန်ဆုံးမှ အချိန်တစ်နှစ်ပဲနေနိုင်တယ်… အဲဒီအချိန်ထက် ပိုကြာသွားတာနဲ့ ဒီနေရာမှာရှိတဲ့ ယင်စွမ်းအင်က ခန္ဓာကိုယ်ကို တိုက်စားပြီးတော့ ခန္ဓာကိုယ်စွမ်းအားကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်… တကယ်လို့ သက်သာမယ်ဆိုရင် သိုင်းပညာတာအို အခြေခံအုတ်မြစ် ပျက်စီးရလိမ့်မယ်… တကယ်လို့ ပြင်းထန်မယ်ဆိုရင်တော့  ယင်အလောင်းကောင် ဖြစ်သွားရလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now