အခန်း ၆၈ (Chapter 68)

Start from the beginning
                                    

"ခဏလေး...ငိုထားတာလား!?"

"မဟုတ်ပါဘူး။"

"ဘာကို မဟုတ်ရမှာလဲ!? မျက်လုံးထဲမှာ နီရဲနေတယ်...နှာခေါင်းထိပ်လေးလည်း နီနေတာပဲ။ အဲဒါတွေက ငိုထားလို့မဟုတ်ဘူးလား!?"

"မဟုတ်ဘူး။ နှာမွှန်လို့ နှာညှစ်ထားတာ။"

"ဘာဖြစ်ထားတာလဲဆိုတာ မှန်မှန်ဖြေ။"

"သားတို့ရေ...ဆရာကြီး ရောက်လာပြီ။"

မေမေ့ခေါ်သံကြောင့် ကျွန်တော် သူ့ဆီကနေ ရှောင်ထွက်ဖို့အတွက် အကြောင်းပြချက် ရခဲ့လေသည်။

"မေမေ ခေါ်နေပြီ။ သွားကြရအောင်။"

ငသစ်က ကျွန်တော် ဆွဲခေါ်ရာနောက်ကို ငြိမ်သက်စွာ လိုက်ပါလာခဲ့ပြီး မင်္ဂလာပွဲတစ်ခုရဲ့ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ခဲ့ရလေသည်။

"ကဲ...အစဉ်အလာအားလုံးကိုတော့ လုပ်ပြဖို့ မလိုပါဘူး။ ဆရာ ပြောပြတာလေးကိုပဲ လုပ်ပေးရင် ရပြီနော်။"

"ဟုတ်ကဲ့ပါ...ဆရာ။"

"ပထမဆုံး လက်စွပ်လဲပြီး ထိမ်းမြားခြင်းကို ပြုကြရအောင်။ ကလေးနှစ်ယောက်က ဝတ်ထားတဲ့လက်စွပ်တွေကို လက်သူကြွယ်ဘက်မှာ ပြောင်းဝတ်ပေးလိုက်ကြမယ်။"

ကျွန်တော်တို့လည်း လက်စွပ်တွေကို ပြောင်းဝတ်ဖို့ ပြင်နေချိန်မှာ ဆရာကြီးက လှမ်းတားလိုက်လေသည်။

"ကိုယ့်ဘာသာကိုယ် ပြောင်းမဝတ်ကြနဲ့။ သူ့လက်စွပ်ကို မင်းကိုယ်တိုင်ပဲ ဝတ်ပေးရမှာ။"

ဆရာကြီးရဲ့စကားအတိုင်း ကျွန်တော်လည်း သူ့လက်ခလယ်မှာ ဝတ်ထားတဲ့ လက်စွပ်ကို လက်သူကြွယ်သို့ ပြောင်းဝတ်ပေးလိုက်ရပြီး သူကလည်း ကျွန်တော့်နည်းတူ ပြောင်းဝတ်ပေးခဲ့တော့သည်။

"နောက်တစ်ဆင့်က ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းအမှုကို ပြုကြရမယ်။"

စံပယ်ပန်းနဲ့ သီကုံးထားတဲ့ မင်္ဂလာပန်းကုံးကို ငသစ်က လှမ်းယူလိုက်ပြီး ကျွန်တော့်ကို စွပ်ပေးခဲ့သလို ကျွန်တော်ကလည်း သူ့လည်ပင်းမှာ ပန်းကုံးပြန်စွပ်ပေးခဲ့မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now