အခန်း ၃၀ (Chapter 30)

15.9K 1.8K 179
                                    

(Unicode Version)


ဒီနေ့ ငသစ်နဲ့ သင်တန်းဆရာမရဲ့အခြေအနေကို အကဲခတ်ဖို့အတွက် ကျွန်တော် လိုက်လာခဲ့မိသည်။ ပိတ်ရက်မို့ လူရှင်းနေပြီး ခန်းမထဲမှာ ကျွန်တော်အပါအဝင် လူကိုးယောက်ခန့်သာ ရှိနေလေသည်။ လူပုံအလယ်မှာ ဝံ့ကြွားစွာ လျှောက်လှမ်းလာတဲ့ ငသစ်ကို အခန်းရဲ့ထောင့်တစ်နေရာကနေ လှမ်းကြည့်ပြီး စိတ်ထဲမှာ ဂုဏ်ယူနေမိသလိုပင်။ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက် ခပ်မိုက်မိုက်နဲ့ သူ့ပုံစံက ‌တော်ရုံလူ‌တွေ အနားမကပ်ရဲဘဲ ရှိန်သွားလောက်ပေသည်။ တည်ငြိမ်တဲ့မျက်နှာထားနဲ့ လျှောက်လှမ်းနေတဲ့ ငသစ်က ကျွန်တော့်ကို ကပ်ချွဲနေတတ်သူမှ ဟုတ်သေးရဲ့လား!? ယောက်ျားပီသပြီး စွဲမက်ဖွယ်ကောင်းတဲ့သူက ကျွန်တော့်ရဲ့တိတ်တခိုးချစ်သူဆိုတာကို ဘယ်သူမှမသိကြပေမယ့် ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်နေမိတော့သည်။

"ဟေး...လဝန်းသစ်...အဲ့နားလေးမှာ အကြည့်ကို တစ်ချက်လောက် ပြင်လိုက်။ ပြီး‌တော့ ပခုံးကြောကိုလည်း နည်းနည်းလျှော့ချထား။"

ငသစ်က သင်တန်းဆရာမ ပြောတဲ့အတိုင်း ပြင်လိုက်ပေမယ့် စိတ်တိုင်းကျလောက်တဲ့ အနေအထားမျိုးကို ရောက်ရှိပုံမပေါ်သေးပေ။

"‌မဟုတ်သေးဘူး။ ခဏလေး..."

ဆရာမက ငသစ်ရှိရာဆီသို့ လျှောက်သွားပြီး ကိုယ်နေဟန်ထားကို ပြင်ပေးခဲ့ရတော့သည်။ သူ့မျက်နှာနဲ့ ပခုံးကို တခြားသူက ထိတွေ့နေတဲ့ မြင်ကွင်းကို ကျွန်တော် သဘောမကျပေမယ့် ဖြစ်လေ့ရှိတဲ့အရာတစ်ခုလို့ မှတ်ယူရင်း ငြိမ်သက်နေလိုက်မိသည်။

"ရပြီ...ဒီအတိုင်းလေးပဲ ဖြစ်ရမှာ။"

အကြည့်ချင်းဖလှယ်နေကြတဲ့ သူတို့နှစ်ဦးကို ငေးကြည့်ရင်း အားငယ်စိတ်ဝင်လာမိသည်။ တစ်ဦးက ယောက်ျားပီသပြီး ကြည့်ကောင်းသူ၊ ကျန်တစ်ဦးကလည်း မိန်းမပီသပြီး လှပချောမောသူ။ ဘေးကနေ အားကျမှုများစွာနဲ့ ငေးကြည့်နေရုံကလွဲပြီး ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲ!?

"အ!!!"

ရုတ်တရက် ခြေထောက်ပေါ်မှာ ခံစားလိုက်ရတဲ့ ပူလောင်မှုတစ်ခုကြောင့် ကျွန်တော် နှုတ်က ရေရွတ်လိုက်မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now