အခန်း ၄၁ (Chapter 41)

12.4K 1.5K 105
                                    

(Unicode Version)


ရပ်ကွက်ထဲက အလှူပွဲအတွက် ကျွန်တော်တို့နှစ်ဦး လုပ်အားပေးအဖြစ် ကူညီပေးဖို့ ကတိပေးထားခဲ့ကြသည်။ ပိုက်ဆံတော်တော်လေး အကုန်အကျခံထားရတဲ့ အလှူပွဲမို့ ခြိမ့်ခြိမ့်သဲ စည်ကားနေလေတော့သည်။ လုပ်အားပေးဖို့အတွက် တစ်ရပ်ကွက်လုံးက တက်ကြွနေပြီး ရွာအလှူပွဲလို ဖြစ်နေခဲ့လေသည်။

"လပြည့်မှူးက ရှေ့ဆုံးက ရှင်လောင်းကို ထီးမိုးပေးရမယ်။ လဝန်းသစ်က ဒုတိယမြောက် ရှင်လောင်းကို ထီးမိုးပေးရမယ်နော်။"

ပွဲစီစဉ်သူက ကျွန်တော်တို့ကို နေရာချပေးခဲ့ပြီး တခြားသူတွေဆီသို့ ထွက်သွားချိန်မှာ ငသစ်ရဲ့ခေါ်သံကို ကြားလိုက်ရသည်။

"ဒယ်ဒီ..."

"ဘာလဲ!?"

"မျက်နှာကို ခပ်တည်တည်ထား။ တွေ့တဲ့လူတိုင်းကို လိုက်ရယ်ပြမနေနဲ့။"

ကိုယ့်ပါးစပ်‌တောင် ကိုယ် မပိုင်တဲ့ဘဝထက် ဆိုးဝါးတာ ရှိပါဦးမလား!? ဒါပေမဲ့ သူများရဲ့အလှူမှာ ပြဿနာမဖြစ်ချင်တာမို့ နှုတ်ဆိတ်ပြီး နေခဲ့မိသည်။ ခဏအကြာမှာ ကျွန်တော်တို့လည်း သက်ဆိုင်ရာရှင်လောင်းတစ်ဦးစီနဲ့အတူ ကားပေါ်သို့တက်ပြီး ရွှေတိဂုံဘုရားသို့  စတင်ထွက်ခွာခဲ့ကြတော့သည်။ စည်ကားလှတဲ့ လူအုပ်ကြီးနဲ့အတူ ဘုရားပေါ်သို့ တက်ခဲ့ချိန်မှာ ဘုရားဖူးအားလုံးအတွက် ထူးခြားတဲ့မြင်ကွင်းတစ်ခုလို ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခြင်းကိုလည်း ခံယူခဲ့ရလေသည်။ ထိုနောက် ဓလေ့ထုံးစံအတိုင်း နတ်ပြခြင်းနဲ့ ရှင်လောင်းလှည့်ခြင်းတွေကို ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်အထိ အရာအားလုံးက အေးအေးဆေးဆေး ရှိနေဆဲပင်။ သို့ပေမယ့် ဘုရားပေါ်မှာ အုပ်စုလိုက်အမှတ်တရဓာတ်ပုံရိုက်ဖို့ နေရာယူချိန်မှာ ပြဿနာစ,လာခဲ့လေသည်။ ကျွန်တော့်ဘေးနားမှာ လာရပ်ကြတဲ့ ရပ်ကွက်ထဲက ကွမ်းတောင်ကိုင်မိန်းကလေးတစ်ချို့ကို ငသစ်က မနှစ်မြို့ဟန်ဖြင့် လှမ်းကြည့်နေတာကို တွေ့လိုက်ရတာမို့ တတ်နိုင်သလောက် ရှောင်ပြီး ရပ်နေခဲ့ရတော့သည်။ ကံဆိုးချင်တော့ ထိုအုပ်စုက နေရာယူဖို့ တိုးကြိတ်နေရင်းနဲ့ မိန်းကလေးတစ်ဦးက ကျွန်တော့်အပေါ်ကို မတော်တဆ ယိုင်ကျလာခဲ့လေသည်။ ဒုက္ခရောက်နေသူကို လျစ်လျူရှုထားခြင်းမျိုး မလုပ်တတ်တဲ့ ကျွန်တော့်စိတ်ကြောင့် သူမကို ကူညီပေးဖို့ ပြင်လိုက်ချိန်မှာ ခါးကို ဖက်မိသလို ဖြစ်သွားလေတော့သည်။ ကျွန်တော်တို့နှစ်ဦးရဲ့ပုံစံက စုံတွဲအကတစ်ခုနဲ့ ကဗျာဆန်ဆန် ဖျော်ဖြေနေသလို ဖြစ်ခဲ့ပေမယ့် ထိုမြင်ကွင်းလေးက ကြာရှည်မခံခဲ့ပေ။ ငသစ်က ကျွန်တော်ရှိရာဆီသို့ အမြန်ရောက်ရှိလာပြီး ဆွဲခေါ်လိုက်တာမို့ ထိုမိန်းကလေးခမျာ ဘေးနားမှာထိုင်နေရှာတဲ့ ရှင်လောင်းရဲ့ဖခင်ပေါ်သို့ လဲကျသွားလေသည်။ ပြဿနာရဲ့နောက်ဆက်တွဲ‌အနေနဲ့ ရှင်လောင်းရဲ့မိခင်က ခင်ပွန်းဖြစ်သူကို ဆူပူသောင်းကျန်းလေတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now