အခန်း ၁၂ (Chapter 12)

16.8K 2K 98
                                    

(Unicode Version)


ကိုးတန်းကျောင်းသားဘဝက တရွေ့ရွေ့နဲ့ ကုန်ဆုံးခဲ့ရပြီး ဘဝအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် ဆယ်တန်းကို ကျွန်တော်တို့ ရောက်ရှိလာခဲ့ကြလေသည်။ ငသစ်ရဲ့ရောဂါအခြေအနေက ပုံမှန်အတိုင်း ရှိနေခဲ့ပြီး ဘာလက္ခဏာမှ ထပ်မပြတော့ပေ။ တက်ခဲ့သမျှ စာသင်နှစ်တွေမှာ ကျူရှင်တက်စရာ မလိုခဲ့ပေမယ့် ဆယ်တန်းနှစ်အတွက်တော့ လိုအပ်တာမို့ မေမေနဲ့ မမက တိုင်ပင်ပြီး ကျွန်တော်တို့နှစ်ယောက်ကို နာမည်ကြီးကျူရှင်တစ်ခုမှာ အပ်နှံပေးခဲ့လေသည်။ ကျောင်းကိုသွားပြီး ပြန်လာတာနဲ့ ကျူရှင်တက်ရပြီး အိမ်ပြန်ရောက်တာနဲ့ အိပ်လိုက်ရတဲ့ ကျွန်တော်တို့နှစ်ဦးအတွက် စကားပြောချိန်ဆိုတာ ရှားပါးလာခဲ့တော့သည်။

"ဆယ်တန်းဆိုတာကြီးကို မြန်မြန်ပြီးစေချင်ပြီ။"

ကျောင်းခန်းထဲမှာ ခဏနားနေတုန်း ပြောချလိုက်တဲ့ ငသစ်ကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ သူ့လို စာလုပ်ရမှာ ကြောက်တဲ့သူအတွက် ဆယ်တန်း‌က ငရဲခန်းနဲ့ အလားသဏ္ဍာန်တူနေပေလိမ့်မည်။

"မင်းက စာတွေ အကုန်ရသွားပြီလား!?"

"မရသေးပါဘူး။ ဘာလို့လဲ!?"

"ဆယ်တန်းနှစ် မြန်မြန်ပြီးချင်ရင် နောက်ဆုံးစာမေးပွဲကို မြန်မြန် ဖြေရတော့မှာလေ။ အဲဒီအတွက် စာတွေကိုများ ပိုင်ပိုင်နိုင်နိုင် ရနေပြီလားလို့ မေးကြည့်တာ။"

"ဒယ်ဒီက ကျွန်တော့်ကို လာစ,နေတာပဲ။"

ငသစ်က ကျွန်တော့်ကို ပြုံးပြီး လာကြည့်နေခဲ့လေသည်။

"လပြည့်မှူး...မင်းကို အတန်းပိုင်ဆရာမက ခေါ်နေတယ်။"

ကျောင်းသားတစ်ယောက်ရဲ့ခေါ်သံကြောင့် ဆရာမဆီသွားဖို့ ကျွန်တော် ပြင်လိုက်ရတော့သည်။

"ကျွန်တော်လည်း လိုက်ခဲ့မယ်။"

အမြဲတမ်း ကပ်တွယ်နေတတ်တဲ့ ငသစ်ကို ကျွန်တော့်ဘက်က မငြင်းဆန်နိုင်ဘဲ လက်ခံပေးလိုက်ရတာချည်းပင်။ ဒါတွေကြောင့်ပဲ သူ့ရောဂါက ကောင်းလာခဲ့ခြင်း ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားခဲ့လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now