အခန်း ၄၆ (Chapter 46)

11.2K 1.4K 71
                                    

(Unicode Version)


Covid-19ရောဂါပိုးရဲ့ရိုက်ခတ်မှုက ဒုတိယအကြိမ်မှာ ပိုမိုဆိုးရွားလာခဲ့ပြီး ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတစ်ချို့ အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ကြီးမားနေခဲ့လေသည်။ ထိုကြောင့် မေမေ့ကို အပြင်ထွက်ခွင့်လုံးဝမပေးတော့ဘဲ ကျွန်တော်တို့ကိုယ်တိုင်လည်း သတိထားပြီး နေပေးခဲ့ရတော့သည်။

"ငါတို့ အခန်းခွဲပြီး နေသင့်ပြီ။"

ကျွန်တော့်စကားကြောင့် ငသစ်က အံ့ဩစွာဖြင့် ပြန်မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ!?"

"အခန်းခွဲလိုက်ရင် ကူးစက်နိုင်ချေနည်းသွားတာပေါ့။ မေမေ့အတွက်လည်း စိတ်ချသွားရမှာ။"

"အိမ်ထဲမှာနေလည်း Mask တပ်ရမယ်ဆိုလို့ ကျွန်တော် တပ်ခဲ့တယ်လေ။ အောက်ထပ်က ဘာပစ္စည်းကိုပဲ ကိုင်ကိုင် ဆေးပြန်ဖျန်းခဲ့ပေးဆိုလို့ ဖျန်းပေးခဲ့တာပဲ။ ဒီလောက်အထိ လုပ်ပေးပြီးတာတောင် အခန်းခွဲပြီး အိပ်ရမယ်ဆိုတာကြီးက မလွန်လွန်းဘူးလား!?"

"ဂရုစိုက်ထားတာ အကောင်းဆုံးပဲ။ ဟိုဘက်အိမ်က အန်တီစိန်ဆိုရင် လက္ခဏာတောင် မပြဘဲနဲ့ အသက်ရှုကြပ်ပြီး ဆုံးသွားတာ။"

"ကျွန်တော်တို့ကလည်း ဈေးသွားမှပဲ အပြင်ကို ထွက်ဖြစ်ကြတာလေ။ အဲ့လောက်ကြီး မစိုးရိမ်ပါနဲ့...ဒယ်ဒီရယ်။"

"ဒီတစ်ခါလေးတော့ ငါ့စကားကို နားထောင်ပေးစမ်းပါ။ အကယ်၍များ ငါတို့ထဲက တစ်ယောက်ယောက်မှာ ဒီရောဂါပိုးရှိနေခဲ့ရင် ကျန်တဲ့သူက မေမေ့ကို စောင့်ရှောက်ဖို့ ကျန်နေခဲ့ရမှာ။ အဲဒါကြောင့် သတိထားနေရမယ်လေ။"

ကျွန်တော့်စကားကြောင့် ငသစ်က နှုတ်ဆိတ်သွားပြီး သူ့အဝတ်အစားတွေကို ဗီရိုထဲကနေ သွားထုတ်လေတော့သည်။

"မင်း ဒီအခန်းမှာ နေချင်ရင် မမတို့အခန်းကို ငါ ပြောင်းနေပေးမယ်နော်။"

ကျွန်တော့်ကို ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ ငသစ်က ပစ္စည်းတွေယူပြီး အခန်းထဲက ထွက်သွားလေတော့သည်။ ငသစ် စိတ်ဆိုးနေတာကို သိပေမယ့်လည်း မေမေ့အတွက် လုပ်ကိုလုပ်သင့်တဲ့ကိစ္စမို့ ကျွန်တော် လျစ်လျူရှူပြီး နေခဲ့မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now