အခန်း ၅၉ (Chapter 59)

9.4K 1.2K 187
                                    

(Unicode Version)


ပထမဆုံးနေ့-

မနေ့ညကတည်းက ခရီးထွက်သွားတဲ့ ငသစ်ကြောင့် မနက်ခင်းလေးက အရင်လို သာယာလှပခြင်းမရှိဘဲ အထီးကျန်ဆန်နေသလိုပင်။ မျက်လုံးတွေမဖွင့်ရသေးခင် နဖူးပေါ်ကို ကျရောက်လာတတ်တဲ့ အနမ်းတစ်ပွင့်ကိုလည်း လွမ်းဆွတ်နေမိပြန်သည်။ မျက်လုံးဖွင့်လိုက်တိုင်း မြင်တွေ့ရတတ်တဲ့ သူ့အပြုံးတွေအစား အေးစက်နေတဲ့ ခေါင်းအုံးလေးက နေရာဝင်ယူထားခဲ့လေပြီ။ ကျွန်တော့်ကို အနွေးဓာတ်ပေးနေကျ ရင်ခွင်တစ်ခုနဲ့ ဝေးကွာနေရတာမို့ ချမ်းစိမ့်လာသလို ခံစားရပြီး ရေရွတ်လိုက်မိတော့သည်။

"ခရီးကလည်း ဆောင်းတွင်းဘက်ကြီး ထွက်ရတယ်လို့။ ချမ်းလိုက်တာ~~~"

နိစ္စဓူဝအလုပ်တွေကို စတင်ဖို့ ပြုတ်ကျနေတဲ့ ကျွန်တော့်စိတ်ဓာတ်တွေကို ပြန်ကောက်တင်ပြီး အိပ်ရာကနေ ထ,ခဲ့ရလေသည်။

"သား...စားလေ...ဘာဖြစ်လို့လဲ!?"

နံနက်စာစားနေချိန်မှာ ဘေးနားက လှမ်းမေးနေတဲ့ မေမေ့အတွက် ပေးစရာအဖြေက မရှိခဲ့ပေ။

"သား ဗိုက်မဆာဘူး...မေမေ။"

အစားအစာကို မဖြုန်းတီးသင့်မှန်း နားလည်ပေမယ့် ပါးစပ်က အရသာခံလို့ မရတဲ့အထိ ထုံနေသလို ရင်ဘတ်ကလည်း ပြည့်ကြပ်နေခဲ့ပြန်သည်။

"ဒါဆိုလည်း ဆာတော့မှပဲ ထပ်စားလိုက်ပါ။ နေလို့ရော ကောင်းရဲ့လား!?"

မေမေက ကျွန်တော့်နဖူးကို လာစမ်းကြည့်ခဲ့ပေမယ့် အကောင်းပကတိအတိုင်းရှိနေသူဆီက အဖျားရဲ့အငွေ့အသက်ကို မခံစားမိတာမို့ စိတ်ရှုပ်ထွေးသွားပုံ ရလေသည်။

"နေလည်း ကောင်းရဲ့သားနဲ့။"

"သား ခြံထဲမှာ လမ်းလျှောက်လိုက်ဦးမယ်။"

"အေးပါကွယ်..."

သံပတ်ပေးထားတဲ့ စက်ရုပ်ရဲ့‌ခြေလှမ်းမျိုးနဲ့ ခြံထဲကို ရောက်ရှိလာချိန်မှာ လှလှပပဖူးပွင့်နေတဲ့ ပန်းလေးတွေကို ငေးကြည့်ပြီး အကြံတစ်ခု ဖြစ်တည်လာမိသည်။

"အပင်တွေကို ရေလောင်းရဦးမယ်။"

ဆောင်းရာသီရဲ့နံနက်ခင်း ချမ်းအေးလွန်းတဲ့ အချိန်အခါမျိုးမှာ ကျွန်တော်က ပန်းပင်တွေကို ရေလောင်းနေမိသတဲ့...ထားပါလေ...ရင်ထဲက အပူတွေလည်း အေးချင်အေးသွားမှာပါ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now