🌹8🌹

16.4K 2.2K 228
                                    

(Unicode Version)

ပြဿနာဖြစ်ပြီး နောက်တစ်နေ့မှာ သူ မနိုးခင် ကျောင်းသွားဖို့ ပြင်ဆင်ပြီး ကျွန်တော် ဆင်းလာခဲ့မိတယ်။ အောက်ထပ်ကို ရောက်‌တော့ မေမေနဲ့ တန်းတိုးပြီး အမေးခံရတာပေါ့။

"အစောကြီးပဲ ရှိသေးတာကို ကျောင်းသွားတော့မလို့လား။ သစ်သစ်လေးရော... နိုးပြီလား။"

"သူ မနိုးသေးဘူး။ ဒီနေ့ သားဘာသာသား ကျောင်းကို အရင်သွားနှင့်တော့မယ်။"

"မနေ့က သားတို့နှစ်ယောက် ဘာဖြစ်လာကြတာလဲ။ သစ်သစ်လေးကို မေးတော့လည်း မဖြေဘဲနဲ့ အသံတိတ်ငိုနေရှာတာ။"

သူ ငိုတယ်လို့ ကြားရင်ကို ကျွန်တော် ဒေါသထွက်လာမိတယ်။ ကြီးကြီးမားမား ပြဿနာဖြစ်တာလည်း မဟုတ်၊ စိတ်အခန့်မသင့်လို့ စကားများရုံလေးနဲ့ ဒီလောက်အထိ ဖြစ်စရာလား။

"မေမေတို့က သူ့ကို အရမ်းအလိုလိုက်ထားတော့ အဲဒီကောင်က ဆိုးသွမ်းနေပြီ။ လူရှေ့သူရှေ့လည်း မရှောင်ဘဲ သူ လုပ်ချင်ရာကို ဇွတ်လုပ်တာ။ သားလည်း သူ့ကို သည်းမခံနိုင်တော့ဘူး။"

အဲဒီမှာတင် မေမေက ရွှေပြည်အေးတရား စဟောပါလေရော။

"သူက သားကို တအားချစ်လို့ နွဲ့ဆိုးဆိုးတာမျိုးပါကွယ်။ ‌မနေ့ကလည်း ငိုနေရင်းနဲ့ ပြောသေးတယ်။ ဒယ်ဒီက သားကိုဆို လုံးဝမချစ်ဘူးတဲ့။ သစ်သစ်လေးကို ခွင့်လွှတ်ပေးလိုက်ပါ... သားရယ်။"

'သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ' ဆိုတဲ့ စကားကို ငယ်ငယ်လေးကတည်းက ကျွန်တော် ကြားခဲ့ရတာပါ။ ကျွန်တော့်ကို သူ အမှားလုပ်လည်း အဲဒီစကားတစ်ခွန်းနဲ့တင် အမြဲကျေအေးပေးခဲ့ရတယ်။

လောကကြီးက အရမ်းဘက်လိုက်ရာ မကျဘူးလား။

"မေမေက သူ့ဘက်ကပဲ အမြဲလိုက်ပြောပေးနေတာပဲ။ သားဘက်ကိုကျတော့ တစ်ခါမှ မကြည့်ပေးဘူးနော်။"

ကျွန်တော့်စကားကြောင့် မေမေ့မျက်နှာက ချက်ချင်းညှိုးကျသွားလေရဲ့။ အဲဒီလောက်အထိ ကျွန်‌တော် ထုတ်မပြောချင်ပါဘူး။

ဒါပေမဲ့ သည်းခံနိုင်စွမ်းမှာ အတိုင်းအတာရှိတယ်လေ။ ငသစ် ဂျစ်ကျသမျှကို ငြိမ်ခံနေရင် နောင်ဆို အခုထက် ပိုဆိုးလာနိုင်တယ်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now