အခန်း ၁၉ (Chapter 19)

Start from the beginning
                                    

"ဘာဖြစ်ရပြန်ပြီလဲ!?"

"မစားနဲ့ဆို မစားနဲ့ပေါ့။"

ငသစ်ရဲ့ဂျီကျမှုကြောင့် ဆိုင်တစ်ဆိုင်ကို ဝင်ပြီး ဗိုက်ကို ဖြည့်ခဲ့ရလေသည်။

"ဒါလေး စားမလား!?"

တစ်ခုခု မှာခါနီးတိုင်း ဈေးနှုန်း အရင်ကြည့်တတ်တဲ့အကျင့်က ကျွန်တော့်ဆီမှာ ရှိနေခဲ့လေပြီ။ အခုလည်း ထိုမုန့်ဈေးနှုန်းကို ကြည့်ပြီး ကျွန်တော် ငြင်းလိုက်မိသည်။

"မစားချင်ဘူး။"

"ဈေးကြီးလို့ မစားချင်တာလား!? ကျွန်တော် ဝယ်ကျွေးမယ်လေ။"

"မင်း ဝယ်ကျွေးရင်တော့ စားပေးရမှာပေါ့။"

"ကပ်စေးနည်းလေး..."

ငသစ်က ကျွန်တော့်နှာခေါင်းကို ခပ်ဖွဖွ လာညှစ်ပြီး ပြောလိုက်လေသည်။ ထိုအချိန်မှာ ဆိုင်ထဲကို စုံတွဲတစ်တွဲ ဝင်လာပြီး ကျွန်တော်တို့ ဘေးက စားပွဲမှာ ဝင်ထိုင်ခဲ့တော့သည်။ နေရာက သိပ်မဝေးလှတာမို့ သူတို့ပြောသမျှကို အတိုင်းသား ကြားနေရသည်။

"ကို...သဲနားမှာ ဘာလို့ မထိုင်တာလဲ!?"

"ကို မနေ့က ဖတ်ခဲ့တဲ့ စာထဲမှာ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုးနဲ့ချစ်ရင် မျက်နှာချင်းဆိုင်မှာပဲ ထိုင်ရမယ်တဲ့။ ချစ်တာထက် တပ်မက်စိတ်များတဲ့သူတွေက ဘေးမှာ ထိုင်တတ်ကြတယ်တဲ့။"

"ဒါဆို ကိုက သဲကို မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပေါ့နော်။"

"ဒါပေါ့...သဲလေးရဲ့။"

ဒီလိုသဘောမျိုးရှိတာကို လက်ခံနိုင်ပေမယ့် ဒီလူ့ပုံစံက တမင်လုပ်ယူနေသလိုမျိုး ဖြစ်မနေဘူးလား!? မိန်းကလေးကတော့ သူ့စကားကို အဟုတ်ကြီး ထင်မှတ်ပြီး ပျော်ရွှင်နေရှာလေသည်။ သူ့အိုးနဲ့သူ့ဆန် အဆင်ပြေနေရင် ပြီးတာပါပဲ။

"ဘာတွေ ပြုံးနေတာလဲ!?"

"ဘာမှမဟုတ်ဘူး။ နောက်မှ ပြောပြမယ်။"

သူတို့ ပြောနေသမျှ အီစီကလီစကားတွေကို မကြားချင်ယောင်ဆောင်ထားပြီး မုန့်ကိုသာ စားနေလိုက်မိတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now