အခန်း ၁၄ (Chapter 14)

Start from the beginning
                                    

"အိမ်မှာက ဖွားဖွားတစ်ယောက်ပဲ ရှိတာပါ။ ဒယ်ဒီ့ကို ကျွန်တော်ပဲ ဆေးခန်းခေါ်သွားပြီး ပြပေးလိုက်ပါ့မယ်။"

"ဒါဆိုလည်း သူ့ကို သေချာ‌ခေါ်သွားလိုက်ဦးနော်။ ဆေးခန်းပြဖို့ ပိုက်ဆံပေးလိုက်မယ်။ ဒီနေ့တော့ အိမ်မှာပဲ ပြန်နားလိုက်တော့။"

"ကျွန်တော့်မှာ ဆေးခန်းသွားပြဖို့ ပိုက်ဆံရှိပါတယ်...ဆရာ။"

အခုတလော သုံးစရာနေရာမရှိတာမို့ ငသစ်ဆီမှာ မုန့်ဖိုးက အလျှံပယ် ရှိ‌နေခဲ့လေသည်။

"အေး...အေး...သူ့ကို သေချာဂရုစိုက်ပြီး ခေါ်သွားနော်။"

"ဟုတ်ကဲ့။"

ငသစ်က ကျွန်တော့်ကို တွဲခေါ်ပေးပြီး ကျူရှင်ကနေ ထွက်လာခဲ့တော့သည်။

"ဒီအနီးအနားက ဆေးခန်းတစ်ခုကို လိုက်ပို့ပေးပါ။"

လမ်းမှာ တွေ့တဲ့ တက္ကစီတစ်စီးကို အမြန်ဌားပြီး အနီးဆုံးဆေးခန်းဆီ ပို့ခိုင်းလိုက်ရသည်။ ဒါပေမဲ့ ဆေးခန်းဖွင့်ချိန်က နံနက် (၈)နာရီမို့ ကျွန်တော်တို့နှစ်ဦး ထိုနေရာရှေ့မှာသာ ထိုင်စောင့်နေရတော့သည်။

"ဆရာဝန်ကလည်း စောစောလာသင့်တယ်။ အခုတော့ လူမမာက သူ့ကို ထိုင်စောင့်နေရပြီ။"

ငသစ်က မမြင်ရသေးတဲ့ ဆရာဝန်ကို လှမ်းပြီး အပြစ်တင်နေခဲ့လေသည်။

"ငါ့အခြေအနေက အဲ့‌လောက်လည်း မဆိုးသေးပါဘူးကွာ။ ခဏစောင့်နေလို့တော့ ရပါတယ်။"

"အပြင်မှာ အေးတယ်။ တော်ကြာ အအေးမိရင် ပိုဆိုးသွားလိမ့်မယ်။ အခုရော ထိုင်ရတာ အဆင်ပြေရဲ့လား!? အေးနေသေးလား!?"

"မအေးပါဘူး။"

ငသစ်က သူ့အနွေးထည်ကို ကျွန်တော့်ကိုယ်ပေါ် လာခြုံပေးလိုက်သည်။

"ဒါကို ထပ်ခြုံထားလိုက်။ နွေးနွေးထွေးထွေးလေး နေ။"

ဒီလိုဆိုတော့လည်း ငသစ်က ကျွန်တော့်ကို ဂရုစိုက်ရှာသားပဲ။ ထိုခဏမှာ အမည်ဖော်လို့ မရနိုင်တဲ့ နွေးထွေးမှုတစ်မျိုးကို သူ့ဆီကနေ ကျွန်တော် ခံစားလိုက်ရသလိုပင်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now