"အဲဒီထက် ပိုရဦးမယ်။ ဟုတ်လား။"

ဘေးလူတွေ ကြားရင် အောင်သွယ်ပေးတယ်လို့ ထင်မှာ မဟုတ်ဘူး။ အရောင်းအဝယ်လုပ်နေတယ်လို့ပဲ သေချာပေါက်ထင်ကြမှာ။

ပြောနေတဲ့ ကျွန်တော်ကလည်း စကားလှပြီး ရှင်းလင်းအောင် မပြောတတ်၊ နွယ်ကလည်း နားမလည်။ အဲဒီမှာတင် သပွတ်အူလို ရှုပ်ယှက်ခတ်နေတဲ့ ကျွန်တော်တို့ကြားထဲကို ငသစ်က ဝင်လာပါလေရော။

"အရှင်းဆုံးပြောရရင် နင့်ကို ငါ ကြိုက်တယ်။ နင်ကလည်း ငါ့ကို ပြန်ကြိုက်ရမယ်။ အခုကစပြီး ငါတို့က ချစ်သူတွေ ဖြစ်သွားပြီ။ နားလည်တယ်မလား။"

ငသစ်က စကားကို ချည်ပြီးတုပ်ပြီး ပြောချလိုက်တော့ ကျွန်တော်ရော နွယ်ရော အံ့အားသင့်သွားရတာပေါ့။ ဒါက မိန်းကလေးဆီကနေ အဖြေတောင်းတာ မဟုတ်ဘဲ ချစ်သူဖြစ်တဲ့အထိ အဆင့်ကျော်ချလိုက်တာမလား။

ဒီလိုဉာဏ်မျိုးကို ပညာရေးမှာသာ အသုံးချတတ်ခဲ့ရင် ကျွန်တော်လည်း တစ်နှစ်တစ်ခါ အပင်ပန်းခံစရာ မလိုတော့ဘူးလေ။

"သူ ပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်လဲ... လပြည့်။"

နွယ်က နားမလည်တာ မဟုတ်ဘဲ ကျွန်တော့်ဆီကနေ အတည်ပြုချက်လှမ်းယူနေတာပါ။ နွယ့်ရဲ့မျက်လုံးတွေကလည်း မီးဝင်းဝင်းတောက်နေလေရဲ့။

ငသစ်ရဲ့စကားက လွန်သွားမှန်း သိပေမဲ့ ကိုရီးယားကားတွေထဲကလိုမျိုး မကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါဆိုပြီး ဒရမ်မာချိုးလို့မှ မရတာ။ အဲဒါကြောင့် ငသစ်ရဲ့စကားကို ပံ့ပိုးကူညီပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်မိတယ်။

"သူက နင်နဲ့ ချစ်သူဖြစ်ချင်..."

"ဖြောင်းးးးး"

စကားမဆုံးခင် ရှိန်းခနဲ ပူသွားတဲ့ ဘယ်ဘက်ပါးကို ကျွန်တော် ယောင်ယမ်းပြီး ပွတ်ရင်းနဲ့ နွယ့်ကို လှမ်းကြည့်ခဲ့ရတာပေါ့။ နွယ့်ရဲ့မျက်လုံးတွေက နီရဲပြီး မျက်ရည်တွေနဲ့ ပြည့်နေပြီပဲ။

ရည်းစားစကားအပြောခံရလို့ ဒီလောက်အထိ ဒေါသထွက်သွားမယ်မှန်း ကျွန်တော် လုံးဝမသိခဲ့ပါဘူး။ ပြောရရင် ကျွန်တော်က တစ်ဆင့်ခံပြောပေးရုံပဲဟာ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now