အပိုင်း(၈၂) ဟာကွက် (ပထမပိုင်း)

1.7K 316 22
                                    

"သခင်လေး၊ ရှာတွေ့ပြီ"

ဝမ်ကုန်းကုန်းက ကုထင်ရန်၏ နားနားကပ်ပြီးတိုးတိုးကလေးပြောလိုက်သည်။

ကုထင်ရန်၏ မျက်ခုံးက မသိမသာ တစ်ချက် လှုပ်ရှားသွားလေသည်။ သူက မေးလိုက်သည်။

"တကယ်လား"

သူက ထုံစံအတိုင်း အေးစက်စက်ပုံစံ ဖြစ်နေတုန်းဆိုပေမယ့် လေသံထဲမှာတော့ သိသာထင်ရှားသည့် ဝမ်းသာပီတိဖြစ်မှုများ ကိန်းအောင်းနေပြန်သည်။ သူကိုယ်တိုင်တောင် သတိထားမိမှာမဟုတ်ပေ။

"တကယ်ပါ၊ အန်းယိ ကိုယ်တိုင်သွားခဲ့တာ၊ နတ်ဆရာမျိုးဆက်ရဲ့ အကြီးအကဲတဲ့"

ဝမ်ကုန်းကုန်းက မိမိ၏ သခင်လေးကို စိတ်လှုပ်တရှားနဲ့ ပြောပြလိုက်သည်။

"အရင်ခေါ်လာခဲ့လိုက်၊ ငါကြည့်ဦးမယ်"

ကုထင်ရန်သည် စိတ်ထဲက မဆိုစလောက်လေး ဝမ်းသာပီတိဖြစ်နေမှုကို ဖိနှိပ်ပြီး ဝမ်ကုန်းကုန်းကို အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်ကုန်းကုန်းက သူ့ အမိန့်ရတော့ ဝမ်းပန်းတသာနဲ့ လှည့်ထွက်သွားတော့သည်။

ကုထင်ရန်သည် တဆတ်ဆတ်တုန်ယင်နေသော လက်ချောင်းလေးများကို ဆုပ်ကိုင်ပြီး မိမိကိုယ်ကို အတင်း ထိုင်ချခိုင်းလိုက်သည်။ ဘေးနားက ပိလော်ချွမ်း လက်ဖက်ရည်အိုးထဲကနေ မိမိအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်နွေးနွေးလေး ပါးစပ်ထဲ ရောက်သွားသည်အခိုက်တွင် ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ဤအရာအားလုံးက အရမ်း လွယ်ကူချောမွေ့နေသလိုပင်။

မတော်လို့ ရှောင်နုဘက်က အကွက်ချထားတာ ဖြစ်နေပြန်ရင်ရော...

ကုထင်ရန်သည် လက်ထဲက လက်ဖက်ရည်ခွက်ဖြူဖြူကို ဆုပ်ကိုင်ပြီး မျက်လုံးစုံမှိတ်လိုက်သည်။

သိပ်မကြာခင်တွင် ဝမ်ကုန်းကုန်းသည် အများပြောကြသော နတ်ဆရာမျိုးဆက်၏ အကြီးအကဲကို ခေါ်၍ ဝင်လာခဲ့သည်။ ထိုလူက အသားညိုပြီး အကြည့်က ခက်ထန်သည်။ လက်ချောင်းထိပ်များက အနည်းငယ် မည်းနေသောကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ တစ်နှစ်ပတ်လုံးအဆိပ်နှင့် ထိတွေ့ထားသလိုပင်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now