အခန်း(၃)ကွေ့ဖေးမယ်မယ်

8K 892 22
                                    

ကုထင်ရန်သည် ညဝက်လောက်ထိ တောင့်ခံခဲ့ပြီး ဆက်မတောင့်ခံနိုင်တော့တဲ့အဆုံးတစ်ဝက်တစ်ပျက်နဲ့တင် သတိလစ်မေ့မြောသွားသည်။သို့သော် ဒီနေ့မှာ ဧကရာဇ်က သူ့ကို အတင်းအကြပ်နိုးမသွားပေ။ ရခဲသည့် စိတ်ကောင်းစေတနာလည်းဖြစ်သည်။

သူအိပ်မက်တစ်ခုမက်ခဲ့တဲ့ပုံပေ။ အိပ်မက်ထဲတွင် ငယ်သေးတဲ့သူက ကုအိမ်တော်၏ တံခါးဝအောက်တွင် ရပ်နေပြီး အထင်အမြင်သေးသည့် အကြည့်ပေါင်းများစွာကို ကျိတ်မှိတ်သည်းခံနေရသည်။

သူ အစွမ်းကုန်ကြိုးစားပြီး ထွက်ပြေးချင်ခဲ့သည်။ ခက်ခက်ခဲခဲထွက်ပြေးလာခဲ့ပြီးမှ ရုတ်တရက် အရပ်မြင့်မြင့် ကြံခိုင်သန်စွမ်းသည့် လူတစ်ယောက်နဲ့ ဝင်တိုက်မိသည်။

ခေါင်းမော့လိုက်တာနဲ့ ကျောက်ဝမ်ယုံး၏ အေးတိအေးစက်မျက်နှာကိုမြင်လိုက်ရသည်။ သူက ယဲ့ယဲ့ကလေး ပြုံးနေပေမယ့် မျက်ဝန်းထောင့်စွန်းတွေကတော့ အေးစက်နေသည်။ ကုထင်ရန် ထထွက်ပြေးချင်ပေမယ့် သူက တစ်ချက်လှမ်းဆွဲပြီး ဘေးဘက်က အသူတရာချောက်နက်ထဲ ဆွဲချသွားသည်။

ကုထင်ရန် ချက်ချင်း လန့်နိုးသွားခဲ့သည်။ ကုတင်ပေါ်တွင် ငေးကြောင်ကြောင်နဲ့ အတန်ကြာထိုင်‌နေပြီးမှပဲ အသိစိတ်ပြန်ဝင်လာသည်။

ထမလို့လုပ်တုန်းမှာ ခန္ဓာကိုယ်တစ်ခုလုံးက တစ်ခုခုနဲ့ အကြိတ်ခံထားရသလိုပင်။ တစ်ကိုယ်လုံးက နာကျင်နေပြီး ခန္ဓာကိုယ်အနောက်ပိုင်း ပြောလို့မရသည့် နေရာတွင် စေးကပ်ကပ်ဖြစ်နေကာ လူကို အလွန့်အလွန် ခံရက်ခက်စေသည်။

သူသည် မနည်း အားတင်း၍ ကုတင်ပေါ်က ထလာပြီး ဖြစ်သလို ဆေးကြောသန့်စင်ပြီးနောက် မနေ့ညကဝတ်လာတဲ့ ဟောင်းနွမ်းသည့် အစိမ်းရောင်အဝတ်အစားကိုပဲ ပြန်လဲဝတ်လိုက်သည်။

နန်းတော်ထဲတွင် သူ့အတွက် ကောင်းမွန် သင့်တော်သည့် အဝတ်အစားများကို ပြင်ဆင်ပေးထားသည်။ သူကတော့ ခေါင်းမာမာနှင့်ပင် ဘယ်တုန်းကမှ မဝတ်ပေ။ ဒီပုံစံလေးကပဲ အရင်က သူဖြစ်နေဆဲလို့ ထင်ရစေသည်။

ကုထင်ရန် တုန်တုန်ယင်ယင်ဖြင့် ဖူရုန်အဆောင်ထိလမ်းလျှောက်လာပြီး အရှေ့ဘက်က ဥယျာဉ်ကိုဖြတ်၍ ကုအိမ်တော်ကို ပြန်ဖို့ ပြင်လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now