အပိုင်း(၃၇)သားကြောက်တယ်

2.4K 327 12
                                    

ကုထင်ရန်က သူ့ကို ကြည့်ရင်း တဆတ်ဆတ် တုန်ယင်နေလေသည်။

ကျောက်ဝမ်ယုံးက စူးစိုက်ကြည့်လိုက်ပြီး တင်းတင်းကျပ်ကျပ် ထပ်ဆုပ်ကိုင်၍
ကုထင်ရန်ကို အတင်းပြန်ဆွဲခေါ်သွားသည်။

ကုထင်ရန်က ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် သူ့ကို ကြည့်နေလေသည်။

ကျောက်ဝမ်ယုံးက သူ့ကို သလွန်ထက်တင်လိုက်ပြီး အကြိမ်ကြိမ် ကြည့်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ တိုးတိုးလေး ပြောလိုက်သည်။

"မင်းမကြောက်နဲ့"

ကုထင်ရန်က တဆတ်ဆတ် တုန်ယင်နေသည့် လက်နှစ်ဖက်ကို သတိထား၍ ဆုပ်ကိုင်လိုက်ပြီး အေးတိအေးစက် မျက်နှာထားပြောင်းလိုက်သည်။ ကျောက်ဝမ်ယုံး၏ ရှေ့မှာ ကြောက်ရွံစိတ်ကို စိုးစဉ်းမျှ ထုတ်မပြချေ။

ကျောက်ဝမ်ယုံးက တစ်ဖက်လှည့်၍ အန်းကုန်းကုန်းကို ဝင်လာဖို့ ခေါ်လိုက်သည်။

"အရှင်မင်းကြီး"

အန်းကုန်းကုန်းသည် ဧကရာဇ်အရှင်၏ ကိုယ်ပေါ်က သွေးများကို မြင်တော့ အလန့်တကြားဖြစ်သွားလေသည်။ သူက ကိုယ်ကိုလှည့်၍ သမားတော် သွားခေါ်ရန် ပြင်လိုက်ပေမယ့် ကျောက်ဝမ်ယုံး၏ အကြည့်တစ်ချက်ကြောင့် ရပ်တန့်သွားသည်။

"ဘာကြီးကြီးမာမားမှမဟုတ်ဘူး၊ မင်း ဟိုလိမ်းဆေးတွေသွားယူလာခဲ့၊ ပြီးရင်
ကိုယ်တော့်ကို ပတ်တီးကူစီးပေး"

အန်းကုန်းကုန်းမှာ ထိတ်လန့်မှုကြောင့် စကားတောင် ပြောမထွက်တော့ချေ။ သူက သခင်နှစ်ယောက်ကို ခေါင်းမော့၍ တစ်ချက်ကြည့်လိုက်သည်နှင့် စိတ်ထဲမှာ အဖြေတစ်ချို့ ရသွားသည်။ သို့သော် အရှင်မင်းကြီးကို လုပ်ကြံတာက ဆွေစဉ်မျိုးဆက် ကွပ်မျက်ခံရနိုင်သည့် အပြစ်ကြီးဖြစ်သည်။

အန်းကုန်းကုန်းက ကျောက်ဝမ်ယုံး ရင်ဘတ်ပေါ်မှ စီကျနေသည့် သွေးများကို ကြည့်ရင်း စိတ်ထဲမှာ တကယ့်ကို နားမလည်နိုင်တော့ချေ။

"အရှင်မင်းကြီး၊ ဒါကြီး....ဒါကြီးက သမားတော်လာကုမှ ဖြစ်မှာနော်"

ကျောက်ဝမ်ယုံး၏ နှုတ်ခမ်းပါးက အနည်းငယ် ဖြူဖျော့နေပြီး ‌မျက်မှောင်ကျုံ့ထားလေသည်။ သူ ခဏလောက် စဉ်းစားလိုက်ပေမယ့် ခေါင်းငြိမ့်လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now