အခန်း (၅၄) တိတ်တိတ်ပုန်း ဖောက်ပြန်နေသူအား လက်ရဖမ်းခြင်း (ဒုတိယပိုင်း)

5.2K 687 65
                                    

ကျောက်ဝမ်ယုံးက သူ့ကို ကြည့်ရင်း မတတ်နိုင်သည့် အပြုံးတစ်ခု ထုတ်ပြလာသည်။

"မင်း ဘယ်သွားဖို့ ထပ်စဉ်းစားထားလဲ"

ကုထင်ရန်က သူ့ကို အဖတ်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ်ပြောနေသည်။ မျက်ဝန်းတွေက အေးစက်ခက်ထန်နေသည်။

"သူတို့က ကျွန်တော့်အမေကိုတောင် သွားပြဿနာရှာခဲ့တာ၊ ကျွန်တော်က သူ့ကို သွားကြည့်လို့တောင်မရဘူးလား"

ကျောက်ဝမ်ယုံးသည် ထိုစကားထဲ၌ ထုတ်မပြောလိုသည့် အကြောင်းကိစ္စရှိနေသည်ကို ကြားလိုက်ရတော့ သူ့၏ အမူအရာက ရုတ်တရက် တင်းမာသွားပြီး မျက်ခုံးကို မသိမသာကျုံ့လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

"အရှင့်ရဲ့ ချစ်မိဖုရားကို သွားမေးကြည့်ပါလား"

ကုထင်ရန်က သူ့ကို ကြည့်တောင်မကြည့်ဘဲ ချက်ချင်း လူတွေခေါ်ပြီး ကုရို့လန်၏ နန်းဆောင်ဘက်သို့ သွားလိုက်သည်။

သူ့ရဲ့ ထိုပုံစံက ကျောက်ဝမ်ယုံးအား လုံးလုံးလျားလျား ဒေါသထွက်စေခဲ့သည်။ ကျောက်ဝမ်ယုံး၏ မျက်နှာက အတော်လေး ကြောက်ဖို့ကောင်းသွားသည်။ ဘေးမှာ စောင့်နေသည့် ရူရွေ့တောင် လန့်လွန်းသဖြင့် လှုပ်တောင်မလှုပ်ရဲပေ။

"မင်းပြော တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"

ရူရွေ့က သူ့ရဲ့ မျက်နှာကို အကဲခတ်ကာ သတိထား၍ ပြောလိုက်သည်။

"အရင်တစ်ခေါက် ကုကွေ့ဖေး ကိုယ်ဝန်ပျက်ကျတုန်းက သမားတော်လီမလာလို့ ကုမိသားစုရဲ့ ဒုသခင်မက သခင်မကြီးကို စကားပြောဖို့ သွားရှာခဲ့တယ်လို့ ပြောသံကြားပါတယ်"

သူသည် နန်းတော်ထဲက မိန်းမစိုးတစ်ယောက်ဖြစ်သဖြင့် ဘာဖြစ်ခဲ့လဲဆိုတာ သိရင်တောင်လျှောက်ပြောလို့မရပေ။ အကယ်၍ သူက ကျုံးစုဟို့အိမ်တော်နှင့် ပတ်သက်သမျှ ကိစ္စတွေကို  နှိုက်နှိုက်ချွတ်ချွတ်သိနေရင် လူတွေက အကြောင်းမဲ့သက်သက်  မယုံသင်္ကာဖြစ်လာနိုင်သည်။

သို့ပေမယ့် ဒီနန်းတော်ထဲမှာ နေလာသည့် အချိန်ကြာလာသည်နှင့်အမျှ စကားကို သတိထားပြီး ပြောနေပေမယ့် ဆိုလိုရင်းကိုတော့ အလွယ်တကူနားလည်အောင် ပြောနိုင်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now