[Unicode]
[Sweetheart] Extra - 16
Chapter 122
လော့ယွဲ့ သူ့ ဟင်းချက်အရည်အချင်းကို ပြသဖို့ရည်ရွယ်ရင်း သူက ပြောထားသလိုအတိုင်း သိမ်မွေ့လိမ္မာကြောင်း လက်တွေ့သက်သေပြဖို့ လုပ်သည်။
သူ ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ သူ့ကို အထူးတလည်စိတ်ကျေနပ်စေသော ဟင်းချက်စရာလည်းမရှိ။ သို့နှင့် သူ အပြင်ထွက်ဝယ်ဖို့လုပ်သည်။
ချင်ဇီကျောင်းက သူ့ကို မသွားခိုင်း
"ရှိတာနဲ့ပဲ တစ်ခုခုလုပ်လိုက်ပါ။ အပြင်မှာ အရမ်းအေးတယ်...မထွက်နဲ့တော့"
လော့ယွဲ့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်သည်။
"ဒါက ငါကြိုးစားပြမဲ့အရည်အသွေးကို ထိခိုက်စေတယ်လေ..."
ချင်ဇီကျောင်းက သူ့ခေါင်းလေးကို ပုတ်ပေးပြီး...
"ကိုယ်တို့ အိမ်ထမင်းအိမ်ဟင်းလေးပဲ ချက်ကြရင်ဖြစ်ပါတယ်"
လော့ယွဲ့ ချက်ချင်းကို အားတက်သွားသည်။
"ဟုတ်ပြီ"
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး "ခဏ"ဆို စတိုခန်းထဲ ပြေးသွားသည်။ တအောင့်ကြာ မွှေနှောက်လိုက်ရှာပြီး နောက်ဆုံးတော့ သူ ရှာနေတာလေး ရှာတွေ့သွားသည်။
ချင်ဇီကျောင်းက သူ့လက်ထဲ ယူလာတာကို ကြည့်ပြီး
"အဲ့တာ ဘာလဲ"
"အေပရွန်"
လော့ယွဲ့က သူ့လက်ထဲက အေပရွန်ကို လှုပ်ယမ်းပြပြီး
"ဒါ ငါ ဂရိကို အလည်သွားတုန်းက လက်မှုအမှတ်တရပစ္စည်းဆိုင်ကနေ ဝယ်လာတာ။ စုံတွဲဝတ်တာလေး"
လော့ယွဲ့ ရွှင်မြူးလို့ တစ်ထည် ကမ်းပေးပြီး
"ငါ ဒီအေပရွန်ကိုတွေ့တော့ ဝတ်ကြည့်ကြည့်ပြီး ... အတွေးဝင်လာတာ။ အဲ့တုန်းက ဒီအေပရွန်တစ်စုံကို ကြည့်ပြီး နောက် ကောင်လေးရလာရင် သေချာပေါက် သူနဲ့တူတူဝတ်မယ်လို့ တွေးနေခဲ့သေးတာ"
ချင်ဇီကျောင်းက အေပရွန်ပေါ်မှ စိတ္တဇ ပန်းချီတို့ကိုကြည့်ပြီး လက်ခံလို့ရတဲ့အနေအထားလို့ ခံစားရတာမို့ ဝတ်လိုက်သည်။