Chapter 65

16.5K 2.4K 398
                                    

[Unicode]

Chpater 65

မနက်ခင်းသူရိန်နေမင်း၏ လင်းရောင်ခြည်တန်းသည် ဝမ်းရှောင်ဟွေးမျက်နှာထက်ဆီ ဖြာကျလာကာ သူ၏ပါးပြင်များအား နွေးထွေးစေ၏။ သူ အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် မျက်နှာကို လက်ဖြင့်ကာ၏။ သို့သော် နှာခေါင်းကို အမှုမဲ့အမှတ်မဲ့ ထိမိသွားကာ အသိအာရုံတို့အား ဟစ်အော်နှိုးဆော်လေသည်ကြောင့် မျက်လုံးများ ပြူးကျယ်စွာ ပွင့်လာခဲ့သည်။

မြင်လိုက်ရသည့် အခန်းတွင်းမြင်ကွင်းသည် သူ့အတွက် အတော်လေး ရင်းနီးသည်၊ ဤအခန်းဝယ် သုံးနှစ်သုံးလီတန် တိုးဝင်မှေးစက်ခဲ့ဖူးသည်မှာ အခန်းဖွဲ့ ဆင်ယင်ပြင်ဆင်ထားပုံတစ်ခုစီတိုင်းသည် သူ၏မှတ်ဉာဏ်တွင် အတင်းသား ထင်ဟပ်လျက်ရှိဆဲ၊ လိုက်ကာအဆင် ဘယ်နေရာက ဘယ်အရောင်ဆိုတာကအစ သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်၊

ဒါ လော့ရိ့အခန်းပင်။

ဝမ်းရှောင်ဟွေး ထထိုင်လိုက်ပြီး လိုက်ကာအဟကြားကနေ ပြူထွက်နေသည့် ခပ်ပြပြရောင်ခြည်တန်းဆီ တွေတွေကြီး စိုက်ကြည့်နေခဲ့သည်၊ ဤအချင်းအရာသည် သူ့အား တိမ်စိုင်မြူခိုးများအကြား ရောက်ရှိနေလေသလို စိတ်တံလျှပ် ထင်ဟပ်လှည့်စား၏။

သူ ခေါင်းခါလိုက်သည်၊ အိပ်ရာပေါ်ကဆင်း၊ ဆိတ်ငြိမ်စွာပဲ သွားတိုက်မျက်နှာသစ်ပြီး မှန်ကြည့်မိသည်။ မှန်ထဲတွင် မျက်နှာပေါ်က ပိတ်ကျဲဂွမ်းကပ်ကို တွေ့တော့ ဒီပိတ်ကျဲဂွမ်းကပ်၏နောက်မှာ သူ့နှာခေါင်းလေး ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို ပုံဖော်ကြည့်မိပြီး စိတ်ဓာတ်တွေ တဆုံးထိုးကျသွားရသည်။

မျက်နှာသစ်ပြီးနောက် စတူဒီယိုကို ဖုန်းခေါ်ဖို့ခေါင်းထဲရှိလာသည်။ ဆေးရုံတက်နေရတုန်းက ဆေးခွင့်တစ်ပတ် ယူထားပြီးပြီ၊ အခု ခွင့်ရက်ရှည်ထပ်ယူရဦးမလားနှင့် သူခေါင်းပူနေမိသည်။ သူ အဝတ်အမြန်လဲလိုက်ပြီး ဖုန်းဆက်ဖို့ ဖုန်းလိုက်ရှာပေမဲ့ ဘယ်မှာမှ ရှာမတွေ့။ ကြည့်ရတာ လော့ရိယူသွားတာ ဖြစ်လောက်မည်။

သူ လော့ရိကိုရှာဖို့ အောက်ထပ်ဆင်းသွားလိုက်သည်။

ဧည့်ခန်းထဲတွင်တော့ ခန္ဓာကိုယ်ခပ်တောင့်တောင့် သူစိမ်းအမျိုးသားနှစ်ယောက်ထိုင်နေသည်၊ ပုံစံအရတော့ ဘော်ဒီဂတ်တွေပဲဖြစ်လောက်မည်။ ဝမ်းရှောင်ဟွေးကိုတွေ့တော့ ထိုနှစ်ယောက်က မတ်တပ်ထရပ်ပြီး နှုတ်ဆက်သည်။

Additional Heritage [Myanmar Translation]Onde histórias criam vida. Descubra agora