[Unicode]
.
.
.
Chapter 77
ဝမ်းရှောင်ဟွေးကိုယ်လုံးလေးသည် လေအဝေ့ထဲ ကြွေခရသော သစ်ရွက်ငယ်လို တုန်ယင်နေတော့၏...
သူ မော့မကြည့်လိုက်ရဲ...
အေးခဲလှတဲ့ ဆောင်းညချမ်းတွင်း နဖူးထက်မှ ချွေးစေးတို့သည် ပါးပြင်သို့ဆီ တတောက်တောက် ကျလာတော့၏။ လက်က အလိုလို ကားတံခါးကို ပြန်ဆွဲပိတ်မယ် လှုပ်ရှားပေမဲ့ ခွန်အားကြီးသော ထိုသူ့လက်တစ်ဖက်က တံခါးကို မြဲနေအောင် ကိုင်ထား၏...
ဆွဲသာ ဆွဲနေသည်၊ တံခါးကား တုတ်တုတ်မျှပင်မလှုပ်။
လက်တစ်ဖက်သည် သူ့ပုခုံးဆီ ဖိကိုင်လာလျက် ရင်းရင်းနီးနီးရှိလှသော လော့ရိ့အသံက နားဆီ ပဲ့တင်လာသည်...
"ရှောင်ဟွေးကော၊ ကားပေါ်က ဆင်း"
အသံ၏ နွေးထွေးမှုမှာ နေခြည်နွေးနွေးနှယ်... သို့သော် နွေးထွေးသည်၏ နောက်ပါးတွင် အေးစက်ခြင်းနှင်းခဲလွှာ မံ၏။
ဝမ်းရှောင်ဟွေး သူ့အောက်နှုတ်ခမ်းသူ တင်းတင်း ဖိကိုက်ထား၏၊ စိတ်ဝိဉာဥ်အား အနက်ရှိုင်းဆုံးသော ကြောက်ရွံ့ခြင်းတွင်းချောက်ထဲဆီမှနေ ကြိုးစား ပြန်ဆယ်ရမည်၊ အနည်းငယ်ဖြစ်ဖြစ် လှုပ်ရှားရုန်းထကြည့်ဖို့ သူကိုယ်သူ တွန်းအားပေးစေခိုင်း၏။
သူ လော့ရိ့ဝမ်းဗိုက်ဆီ လက်သီးတစ်ချက် ထိုးသွင်းလိုက်ပြီး ဘာမှတွေးမနေတော့ဘဲ ကားတံခါးကို ဆွဲပိတ်ဖို့လုပ်သည်။ သူ အမြန် ကားစက်နှိုးလိုက်ပြီး ထွက်ပြေးချင်မိသည်... လော့ရိလက်ကနေ လွတ်မြောက်ရဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒက အရိုးထဲထိ စွဲနေပြီ... သူ၏ ပင်ကို အသိစိတ်လိုကို ဖြစ်လာတော့၏။