Scroll down for Unicode. ပါကိုပါပါတယ်။
[Zawgyi]
Chapter 43 - Luo Yi looked at Wen Xiaohui deeply, showing a somewhat stiff smile
လော့ရိ ဝမ်းရှောင်ဟွေးကို နက်ရှိုင်းလေးနက်စွာဖြင့်ကြည့်လာပြီး တောင့်တောင့်ဆတ်ဆတ်နှင့်ပြုံးလေသည်
[ Friendly reminder - ဒီအပိုင်းက ဖြည်းဖြည်းအေးအေးဆေးဆေးလေးဖတ်တာ ပိုပြီးဖတ်လို့ကောင်းလောက်မယ်လို့ ထင်ပါတယ် ]
ဝမ်းရှောင်ဟွေးတစ်ယောက် တရုတ်ကိုပြန်ရောက်ပြီးချိန်ကစလို့ ပန်းခင်းလမ်းပေါ်ရောက်သွားပြီဖြစ်သည်။
နိုင်ငံခြားထွက်ပြီးရွှေကွပ်လာလိုက်တော့ တန်ဖိုးက တစ်ဟုန်ထိုးမြင့်တက်သွား၏။ စတူဒီယိုကအလုပ်နှင့် သူ့ကိုသီးသန့်လာအပ်သည့်အလုပ်တွေအပြင် ပွဲအခမ်းအနားတွေတက်ရောက်ဖို့ဖိတ်ကြားခံရတာ၊ မိတ်ကပ်နှင့်စတိုင်လင်းအတွက် သင်တန်းပို့ချပေးရတာ၊ သူနှင့်ပူးပေါင်းပြီး ဗီဒီယိုသင်ခန်းစာရိုက်တာမျိုး စာအုပ်ရိုက်နှိပ်ထုတ်ဝေတာတွေအထိပါရှိလာသည်။ သူ့ blogရဲ့ fanအရေအတွက်ကလည်း နှစ်သိန်းကျော်နားကပ်နေပြီ။ ဒီတလောလေးတင် ကိုးရီးယားက မိတ်ကပ်ကုမ္ပဏီအသစ်တစ်ခုအတွက် ပရိုမိုးရှင်းဆင်းပေးဖို့ကိစ္စကို လက်ခံလိုက်ရသေးပြီး အနာဂတ်ကြီးက လင်းလက်တောက်ပနေတော့သည်။
အလုပ်တွေအရမ်းများနေပြီး အချစ်ရေးကိစ္စအတွက် သူ့မှာအချိန်မရှိဟု ဝမ်းရှောင်ဟွေးတွေးမိသည်။ ပြန်ရောက်ပြီးနောက်မှာ သူနှင့်လီရှော့တို့ နှစ်ခါတွေ့ဖြစ်သည်။ နှစ်ဝက်ကြာခွဲခွာထားရအပြီးမှာ နှစ်ယောက်သားအခြေအနေက သိပ်ပြီး နီးကပ်မှုမရှိသည့်အနေအထားကိုပြန်ရောက်သွားသည်ဟုထင်ရသည်။ သူ မှန်းဆမိသည့်အတိုင်း ထိုညသည်ကား သူတို့နှစ်ယောက်အကြားရှိ အနေအထား၊ အချိန်၊ လူ အရာအားလုံး အချိန်ကိုက်သတ်မှတ်ခံထားရသည့် အချိန်းအချက်အပေါင်းအစည်းတစ်ခုပင်၊ ထိုပေါင်းစည်းမှုကို အမိအရချုပ်ကိုင်နိုင်ခြင်းမရှိလိုက်သည်မှာ အရာအားလုံးကဟန်ချက်ပျက်သွားတော့၏။ ကံကြမ္မာအပေါ်သာပုံအပ်ထားချင်ပါသည်ဆိုဦးတော့ သူတို့ကြားကဆက်ဆံရေးကို အတည်တကျမသတ်မှတ်ခင်မှာ ဖြတ်ကျော်လျှောက်လှမ်းရမည့်လမ်းကြောင်းတစ်ခုကတော့ရှိနေဆဲ။