[Unicode]
Chapter 82
ကြာရှည်လွမ်းဆွတ်ခဲ့ရတဲ့ မွေးရပ်မြေကို ပြန်ရောက်ခဲ့ပြီ...
ဝမ်းရှောင်ဟွေး လေယာဥ်ပေါ်က ဆင်းတာနှင့် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ တောင်ပိုင်းနှင့် ကွဲပြားသော ခြောက်သွေ့သွေ့လေထုကို ခံစားလိုက်ရသည်။ သို့ပေမဲ့ ရာသီဥတုက မှိုင်းတိုင်းတိုင်းရှိလှ၏။ ရှူသွင်းလိုက်သော လေတွင်လည်း သန့်စင်သောလေချည်းသာ မဟုတ်မှန်း သိသာစွာ...
လေဆိပ်ကထွက်တော့ လော့ရိက ပျားပန်းခတ်နေတဲ့ လူအုပ်ကြီးကို မသိချင်ယောင်ဆောင်ကာ သူ့လက်ကို မသိမသာ လှမ်းကိုင်လာသည်။ သူတို့နောက်ကလိုက်ရတဲ့ လော့ယွဲ့ကတော့ ဘာလို့မှန်းမသိ နားတွေ နီလာသည်။
ကားပေါ်ရောက်တော့ ဝမ်းရှောင်ဟွေး လော့ရိနှင့် ခွာနိုင်သလောက်ခွာပြီး ထိုင်သည်။ ဒါပေမဲ့လည်း ကားနောက်ခန်းက အရမ်းကျဥ်းတာဆိုတော့ လော့ရိ့လက်ကနေ မလွတ်နိုင်။ လော့ရိက သူ့လက်ကို တောက်လျှောက် ကိုင်ထားသည်က လက်လွှတ်လိုက်မိတာနှင့် သူ ပျောက်သွားမှာစိုးနေလေသလိုကို။ စိတ်လှုပ်ရှားစိုးထိတ်နေမတတ်ရှိသည်ကိုလည်း ကိုင်ထားသည့်လက်မှာ သိသာနေလျက်...
အားလုံးရဲ့လက်တွေမှာ ချွေးတို့စို့နေသည်။ ဝမ်းရှောင်ဟွေးမှာ မသက်မသာရှိရ၏။ သူ မသိမသာလေး လက်ကို ပြန်ဆွဲဖို့လုပ်ပေမဲ့ ဘယ်လိုမှ ဖြုတ်ချမရ။
ကားထဲတွင် အနေရခက်သော တိတ်ဆိတ်မှု ကြီးစိုးလျက်ရှိတော့သည်။
အတန်ငယ်ကြာကာမှ လော့ယွဲ့က စပြောလာသည် "ရှောင်ဟွေး၊ အန်တီက မနက်ဖြန် ပြန်လာမယ်တဲ့"
"အဲ့လောက် မြန်မြန်ကြီး?" ဝမ်းရှောင်ဟွေးရင်ထဲ တင်းကျပ်သွားသည်။ သူ သူ့အမေကို အရမ်း လွမ်းနေရပေမဲ့ ရုတ်တရက် သိလိုက်ရသည့် ဒီအခိုက်အတန့်မှာတော့ စိတ်ကိုလည်း မပြင်ဆင်ထားရသေးတာနှင့် သူ့ ရင်ထဲ စိုးရိမ်တွန့်ဆုတ်စိတ်က အရင်ဝင်လာသည်...
လော့ရိက သူ့အတွေးကို ဖောက်ထွင်းမြင်သည် ထင်၏... "မစိုးရိမ်ပါနဲ့၊ လိုအပ်ရင်..."