[Unicode]
Chapter 90
ဝမ်းရှောင်ဟွေး၏မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်လာသည်။ သူ့ခေါင်းတစ်ခုလုံးက ပေါက်ကွဲထွက်တော့မတတ် နာကျင်နေသည်။ မျက်လုံးများ ဖောယောင်နေပြီး လူကလည်း အားလုံးဝမရှိ။
ဘယ်လိုကနေပြီး ဒီလိုဖြစ်သွားရတာလဲ ပြန်တွေးကြည့်တော့မှ သူ ကားမတော်တဆ ဖြစ်ခဲ့သည်ကို သတိရသွားသည်။ ဒါပေမဲ့ အရင်လည်း ကြုံခဲ့ရဖူးတဲ့သူ့အတွက် ဒါ မတော်တဆတိုက်မိခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တာဖြစ်မည်ဟု သူ ခံစားမိ၏။ သူ ထွက်ပြေးဖို့လုပ်တုန်းက လီရှော့ သူ့အတွက် ငှားပေးခဲ့တဲ့ဒရိုင်ဘာကလည်း သူ့ကို လော့ရိရဲ့လက်ထဲကနေ ဒီနည်းအတိုင်းပဲ ကယ်ထုတ်ခဲ့သည်။ အဲ့တုန်းကနှင့်ယှဥ်ကြည့်ရင် အခုကိစ္စမှာ ကွာခြားနေသည်တစ်ချက်က "သူ့ကိုထိခိုက်စေတဲ့အထိပါ ပြင်းထန်နေခြင်း"။
သူ အသက်ပြင်းပြင်းရှူလိုက်သည်... သူ့ အခုလက်ရှိအနေအထားအရ အန္တရာယ်တွင်းထဲ ရောက်နေပြီမှန်း တွေးကြည့်စရာတောင်မလို။ ကားမတော်တဆဖြစ်ထားတာကို အခု သူရှိနေတဲ့နေရာက ဆေးရုံမဟုတ်။ သပ်ရပ်ရှင်းသန့်နေမှုမရှိ၊ သန့်ရှင်းရေးပုံမှန်မလုပ်တဲ့ စုတ်စုတ်ပဲ့ပဲ့ အခန်းတစ်ခုထဲမှာ။ သူ အပေါ်တည့်တည့်က သစ်သားမျက်နှာကျက်ရှင်းရှင်းကို တွေကြည့်နေပြီး အပြင်ဘက်က အခြေအနေကို အကဲခတ် နားစိုက်ကြည့်ရင်း သူရှိနေတဲ့နေရာက ရေပေါ်သို့မဟုတ် ရေပတ်လည်ရှိတဲ့နေရာဖြစ်ရမယ်လို့ ခန့်မှန်းမိလိုက်သည်။
တစ်ကိုယ်လုံးကကိုက်ခဲနာကျင်မှုတို့ကို ကျိတ်မှိတ်သည်းခံ၊ လက်ထောက်ပြီး ကုန်းထကြည့်လိုက်တော့ သူ့ကိုယ်သူ ခပ်နွမ်းနွမ်း တစ်ယောက်အိပ်မွေ့ရာပေါ်မှာ ခွေးလိုဝက်လို ဖြစ်သလို ပစ်ခံထားရမှန်း သိလိုက်ရသည်။ သူ ဘေးဘီကို ကြည့်ကြည့်သည်...