Chapter 95

12.3K 2.1K 153
                                    


[Unicode]


Chapter 95

နောက်ဆုံးတော့ သူ့အမေဖြစ်သူထံမှ စကားသံတို့သည် ခွံလွှာကိုထိုးဖောက်လို့ သူ၏ဝိဉာဥ်ထဲ အနက်ရှိုင်းဆုံးတစ်နေရာဆီထိ ဝင်ရောက်လာခဲ့သည်...

သူ ကြာရှည်မေ့မြောနေသူတစ်ယောက် သတိပြန်လည်လာသလို နိုးထလာခဲ့ပြီး စိတ်ဝိဉာဥ်သည် ပုံရိပ်ယောင်လောကဆီမှနေ လက်တွေ့အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားသည်။ ဘေးဘီဝန်းကျင်မှ အသံများ၊ ပုံရိပ်မြင်ကွင်း၊ အခန်းအပူချိန်နှင့် လက်တွေ့ဘဝကိုလက်ခံလိုက်ရသော အသိတို့က သူ့အား ရုတ်ချည်းမြင့်တက်လာသော ဒီရေလှိုင်းလို ဝါးမြိုလို့ ရေနှစ်သတ်တော့၏။

သူ မျက်လုံးများကို သေချာဖွင့်လိုက်တော့ သူ့ရှေ့က မျက်ရည်လည်ရွဲနှင့် မျက်နှာလေးကို တွေ့လိုက်ရသည်။ အခုလောက် မျက်လုံးဖွင့်တာလေးကိုပင် လူက အားအတော် သုံးလိုက်ရသလို...

"သားငယ်..."

ဖန်းယွီ့ဟွားမှာ မျက်ရည်မဆယ်နိုင်။

ဝမ်းရှောင်ဟွေး ပါးစပ်ဖွင့်လို့ ကြောက်ပေါက်လေးအသံလုပ်ယူ၍ "...မား?"

ဖန်းယွီ့ဟွား၏ စိတ်အစဥ်မှာ ရုတ်ချည်းဆိုသလို ခံစားချက် အတက်အကျတို့ ပြင်းထန်လာလျက် ဝမ်းရှောင်ဟွေး၏ အင်္ကျီလက်ကောက်ဝတ်ကို တင်းတင်းဖမ်းဆွဲထားရင်း သူမ၏မျက်ဝန်းအိမ်ထဲ စိတ်မကောင်းဖြစ်ခြင်းနှင့် ဒေါသစိတ်တို့ ယှက်သန်းနေတော့၏။

အကြာကြီးမက်ခဲ့သော အိပ်မက်ဆီမှ နိုးထလာပြီးနောက် ဝမ်းရှောင်ဟွေး စိတ်ကိုမနည်းတင်းကာ မေးလိုက်သည်...

"မား၊ လော့ရိရောဟင်?"

ဖန်းယွီ့ဟွားမှာ နှုတ်ခမ်းကို တင်းတင်းစေ့လို့ ဆို့နင့်စွာဖြင့် မျက်ရည်များ သွင်သွင် စီးကျလာတော့သည်။

"လော့ရိရောလို့..." ဝမ်းရှောင်ဟွေး နီမြန်းနေသော မျက်လုံးများဖြင့် ထပ်မေး၏။

ဖန်းယွီ့ဟွားက ခေါင်းသာတွင်တွင်ခါ၏။

ဝမ်းရှောင်ဟွေး သူ၏ အားနည်းသောလက်များကို မျက်လုံးအစုံပေါ် အုပ်ကာလို့ အသံယဲ့ယဲ့ဖြင့်... "လော့ရိ ဘယ်များရောက်နေပါလိမ့်"

Additional Heritage [Myanmar Translation]Where stories live. Discover now