Chapter 350

436 35 0
                                    

စာစဉ် 24 Chapter 350 အသက် အန္တရာယ် ခြိမ်းခြောက်မှု

ရဲ့လင်းချန်၏ လေသံတွင် အလွန် အလျင်လိုဟန် ပါဝင်နေသဖြင့် လူတိုင်း အံ့ဩသွားပြီး သူ့အား စူးစမ်းဟန်ဖြင့် ကြည့်လာကြသည်။

"ဝိုင် ဘာကိစ္စ ရှိလို့လဲ"

ချန်ရှောင်ယန်က စိုးရိမ်တကြီး မေးလာပြီး ရဲ့လင်းချန်၏ အမူအရာက သူမအား စိတ်မသက်မသာ ဖြစ်စေလေသည်။

"ညီလေးဝိုင် ဘာဖြစ်တာလဲ"

တလေကလည်း မေးလေသည်။

ရိုက်ကူးရေး အဖွဲ့သားများကလည်း ရဲ့လင်းချန်အား ဇဝေဇဝါ ဖြစ်နေသော အမူအရာတို့ဖြင့် ကြည့်နေကြသည်။

"ရှေ့မှာ အန္တရာယ် ရှိတယ်၊ ငါတို့ နောက်ပြန်လှည့်ပြီး အားကုန် လှော်ဖို့ လိုတယ်"

ရဲ့လင်းချန်၏ လေသံက အလွန်အမင်း လေးနက်နေပြီး ညှိနှိုင်းလိုစိတ် မရှိပေ။

*အန္တရာယ်လား*

လူတိုင်း ခေါင်းထောင်လာပြီး ကျယ်ပြောသော ပင်လယ်ပြင်အား လှမ်းကြည့်ကြသည်။ ၎င်းသည် တည်ငြိမ်နေပြီး ဆူနာမီ လာမည့် အရိပ်အယောင် မရှိချေ။

"ဝိုင် မင်း စိတ်ပူစရာ မလိုပါဘူး၊ ငါတို့ ရိုက်ကူးရေးအဖွဲ့က ရာသီဥတု အခြေအနေ အကောင်းဆုံးဖြစ်တဲ့ ဒီအချိန်ကို ရွေးထားတာ၊ ဘာဆူနာမီမှ ရှိလာမှာ မဟုတ်ဘူး၊ မင်းရဲ့ လုံခြုံရေးအတွက် စိတ်ချလို့ ရတယ်"

ကျန်းယုံက သူ့အား အားပေးလေသည်။

ရဲ့လင်းချန်က ကျန်းယုံကို ဒေါသတကြီး သုန်သုန်မှုန်မှုန်ဖြင့် စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို ချက်ချင်း နောက်ပြန်လှည့်ဖို့ ပြောနေတယ်လေ"

ယင်းက လူတိုင်းကို အံ့ဩသွားစေသည်။ ရဲ့လင်းချန် ဤသို့ ဒေါသထွက်နေသည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ကာ သူနှင့် ညှိနှိုင်း၍ မရ ဖြစ်နေသည်။

ပြီးခဲ့သည့် ရက်များအတွင်း ရဲ့လင်းချန်၏ အကျင့်စရိုက်ကို လူတိုင်း နားလည် သဘောပေါက်ခဲ့ကြသည်။ သူသည် လုံးဝ တည်ငြိမ်၍ အစွမ်းအစ ရှိသော လူတစ်ယောက် ဖြစ်သည်။ မည်သို့သော အခြေအနေတွင် ဖြစ်စေ သူသည် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ရှာတွေ့စမြဲပင်။ ထို့အပြင် သူသည် အခြားသူများအပေါ် ရင်းနှီးဖော်ရွေသည်။ အတိုချုံး၍ ပြောရလျင် သူ့အနား၌ နေရသည်က သက်တောင့်သက်သာ ရှိလှပေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now