Chapter 237

632 57 0
                                    

စာစဉ် 16 Chapter 237 အပြန်အလှန် ရန်စခြင်း

လူတိုင်း ဒိုင်၊ ကစားသမား၊ ဟန့်တားသူနှင့် တစ်စုံတို့တွင် ဘယ်သူနိုင်မလဲ ရွေး၍ လောင်းကြရသည်။ အကယ်၍ မိမိ လောင်းသည့်ဘက်က နိုင်သွားပါက လောင်းသူ အနိုင်ရပေမည်။ ရှုံးလျင် ၎င်းနှင့် ဆန့်ကျင်ဘက် ဖြစ်၏။
"ကဒ်တွေဆိုင်ဖို့ အချိန်ကျပြီ"
ခေါင်းလောင်းသံ ထွက်လာသည်နှင့် အားလုံး အစွန်ဘက်က ခုံများ၌ ထိုင်လိုက်ကြသည်။ လုဟောင်နှင့် လုထျန်းရှုံးတို့သည် အသက်အောင့်ထားကြပြီး ရဲ့လင်းချန်အား ကြည့်နေလေသည်။
ရဲ့လင်းချန်က အသာပြုံးလိုက်ပြီး သူ့တိုကင်ပြားအားလုံးကို ရှေ့သို့ တွန်းပို့၍ ဒိုင်ဘက်၌ လောင်းလိုက်သည်။
*ဒါ...*
လုဟောင်နှင့် လုထျန်းရှုံးတို့ ချက်ချင်း မှင်တက်သွားပြီး မျက်နှာများ စိမ်းဖန့်ဖန့် ဖြစ်လာသည်။ သူတို့ အသက်ရှူရန် မေ့သွားသဖြင့် မွန်းကျပ်သလို ခံစားလာရသည်။
ထိုအခိုက်တွင် အခြားသူများအားလုံးလည်း အံ့ဩနေကြသည်။ သူတို့သည် ရဲ့လင်းချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။
"ဆရာရဲ့၊ ခင် ... ခင်ဗျား အကုန် ပုံလောင်းမလို့လား"
လုဟောင်၏ သွားများ တဂတ်ဂတ် ရိုက်နေပြီး မျက်နှာအမူအရာက ဖြူရော်နေ၏။
"ဟုတ်တယ်၊ ဘာလို့လဲ၊ ပြဿနာ ရှိလို့လား"
ရဲ့လင်းချန်က လုဟောင်ကို ကြည့်လိုက်သည်။
"ဆရာရဲ့၊ ခင်ဗျား စည်းကမ်းတွေကို မသိဘူးပဲ"
လုထျန်းရှုံး၏ မျက်နှာသည်လည်း ပို၍ စိမ်းဖန့်ဖန့် ဖြစ်လာကာ ငိုချင်နေသော်လည်း မျက်ရည် ကျမလာချေ။ စိတ်ထဲတွင်မူ သူ၏ မသိနားမလည်မှုအတွက် ကြေကွဲနေကာ ပြန်မေးလိုက်သည်။
"ဘာလို့ ဗာကရာကို ကစားတဲ့သူ များနေလဲ ခင်ဗျား သိလား"
ရဲ့လင်းချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကာစီနိုထဲတွင် ဝိုင်း သုံးဆယ့်ငါးခု ရှိသော်လည်း တစ်ဝိုင်းကသာ ဗာကရာ ကစားနည်းကို ကစားနေကြသည်။ သို့သော် ဗာကရာတွင် ကစားသူ အရေအတွက် အများဆုံး ရှိသည်။ ၎င်းအား လူဆယ့်နှစ်ယောက်က ကစားနိုင်သည်။ အခြားဝိုင်းများမှာမူ အလွန်ဆုံး ငါးယောက်မျှသာ ရှိလေ၏။
"ဘာစည်းကမ်းလဲ"
ရဲ့လင်းချန်၏ အမေးကြောင့် ဝိုင်းထဲမှ လူတိုင်းထံမှ ရယ်သံများ ထွက်ပေါ်လာသည်။
"သူဌေးလု၊ ခင်ဗျား ဒီအကူကို ဘယ်ကနေ ရှာလာတာလဲ၊ သူ ဒီကို ဘာစည်းကမ်းမှ နားမလည်ဘဲ လိုက်လာ တာလား"
စီးကရက်ကို ခဲထားသည့် ကတုံးနှင့်လူက ရယ်၍ မေးလိုက်သည်။
"သူဌေးလု ဒီကောင်လေးက အရူးပဲ၊ ဒီတစ်ခေါက် အရင်ဆုံး ပြုတ်မယ့်လူက သူလို့ ကျုပ် ထင်တယ်"
အဝလွန်နေသော အမျိုးသားတစ်ယောက်က ဝင်ပြောသည်။ သူ့ခန္ဓာကိုယ်မှ အဆီများက ခုံမှ အောက်သို့ တွဲလောင်းကျနေပြီး လည်ပင်းတွင် ကြီးမားသော ရွှေဆွဲကြိုး တစ်ကုံးကို ဝတ်ထားလေသည်။
လုထျန်းရှုံးက သူတို့ကို အရေးစိုက်မနေဘဲ ရဲ့လင်းချန်အား အကုန် ရှင်းပြနေ၏။
ဗာကရာ ကစားနည်းအား လောင်းကစား လောကတွင် အပျင်းပြေ ကစားနည်းတစ်ခုအဖြစ်သာ သတ်မှတ် ထားသည်။ ၎င်းတွင် ပြိုင်ဆိုင်လိုစိတ် နည်းပါးပြီး လောင်းကြေးမြင့်၍ အသေးစိတ်သော Ox ကစားနည်းနှင့် ကျင်းဟွာ ကစားနည်းကဲ့သို့သော ကစားနည်းများနှင့် အလွန် ကွာခြားသည်။
ထို့ကြောင့် ကာစီနိုက ဗာကရာအတွက် အနိုင်ရလျင် အချိုးကို တစ်ဆယ် အချိုး တစ် ဟု သတ်မှတ်ပြီး ရှုံးသည့်အချိုးကို တစ်အချိုး တစ်ဟု သတ်မှတ်ထားလေသည်။
တစ်နည်းအားဖြင့် ဆိုရလျင် ရဲ့လင်းချန်က ဆယ်သန်း လောင်း၍ နိုင်ပါက တစ်သန်းသာ ရပေမည်။ သို့သော် ရှုံးပါက ဆယ်သန်းလုံး ကုန်သွားပြီး ချက်ချင်း ပြုတ်သွားနိုင်၏။
ပြောရမည်ဆိုလျင် ဗာကရာကို ကစားရန် လာသည့်သူများသည် အရင် စမ်းသပ်ချင်သူများသာ ဖြစ်ပြီး သူတို့၏ အရည်အချင်းတွင် အလွန် ယုံကြည်ချက် မရှိသူများ ဖြစ်လေသည်။ ကစားပွဲ စသည်နှင့် သူတို့ ပိုက်ဆံ သိပ်မကုန်ဘဲ နေနိုင်လေသည်။
ဘယ်သူမှ ဝိုင်း၌ ထိုင်လိုက်သည်နှင့် အကုန် ပုံမလောင်းချေ။ အရှင်းဆုံး ပြောရလျင် ယင်းက တုံးအလွန်း၏။
"မိတ်ဆွေလေး မင်းက ဒိုင်ဘက်မှာ လောင်းတယ်ဆိုတော့ ငါ ကစားသမားဘက်က လောင်းမယ်၊ တစ်သိန်းကွာ"
ကတုံးနှင့်လူက ပြုံးပြီး လောင်းကြေး တင်လိုက်သည်။
"ငါလည်း ကစားသမားဘက်က လောင်းမယ်၊ တစ်သိန်း"
လူဝကြီးက ပြော၏။
အခြားသူများလည်း လောင်းကြေးများ ထပ်ကာ ရဲ့လင်းချန်အား သရော်သော အကြည့်ဖြင့် ကြည့်ကြသည်။ တစ်သိန်းသည် အနည်းဆုံး လောင်းကြေး ပမာဏ ဖြစ်လေသည်။
လုထျန်းရှုံးနှင့် လုဟောင်တို့သည် ချွေးများဖြင့် ရွှဲနစ်နေလေသည်။ ယခုမှ တစ်ခုခု လုပ်လျင်လည်း နောက်ကျ သွားချေပြီ။ ထို့ကြောင့် သူတို့ စိတ်ထဲမှ ဆုတောင်းနေရုံသာ တတ်နိုင်လေတော့သည်။
"တစ်သိန်းပဲလား၊ ခင်ဗျားတို့တွေက သတ္တိမကောင်းဘူးပဲ"
ရဲ့လင်းချန်က အခြားသူများ၏ သရော်သော အကြည့်အား အထင်သေးသော စကားဖြင့် ပြန်တုံ့ပြန်လိုက်သည်။
*ဟမ့် သူက ငတုံးပဲ၊ လောင်းကစားလုပ်တာက သတ္တိကောင်းလား ပြိုင်တဲ့ ပွဲလို့များ ထင်နေလား၊ မင်း ရှုံးတဲ့အထိပဲ စောင့်နေလိုက်စမ်းပါ*
ထို့နောက် ကဒ်များကို ပြရမည့် အချိန်သို့ ရလာလေသည်။
"ဒိုင် အနိုင်ရသွားတာလား"
ဒိုင် အနိုင်ရသွားသည်ကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။
"သောက်ကျိုးနည်း ကံကောင်းလှချည်လား"
ကတုံးနှင့်လူက မနေနိုင်ဘဲ အသံကျယ်ကျယ်ဖြင့် ထဆဲလေသည်။
"ငါတို့ နိုင်သွားတာလား"
လုဟောင်သည် ကောင်းကင်မှ ငရဲသို့ ကျသွားသကဲ့သို့ ရုတ်တရက် ခံစားချက် ကြီးကြီးမားမား ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူ မသိမသာ အံ့ဩနေပြီး စားပွဲပေါ်မှ တိုကင်ပြားအားလုံးကို သိမ်းနေချိန်တွင် တုန်ယင်နေ၏။
*ပျော်ဖို့ကောင်းလိုက်တာ*
*စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်*
အစောပိုင်းတုန်းက သူ ငိုလုနီးနီး ဖြစ်ခဲ့သည်။
ဝိုင်းတွင် တစ်သန်း ရသွားသူက ရဲ့လင်းချန် တစ်ယောက်တည်းသာ ရှိသည်။ ကျန်လူများအားလုံးက တစ်သိန်း ရှုံးသွားကြသည်။
တစ်သိန်းက ကြီးမားသော ဆုံးရှုံးမှု ပမာဏ မဟုတ်ချေ။ ထို့ကြောင့်ပင် လူအများက ဗာကရာကို သဘောကျကြခြင်း ဖြစ်သည်။ မိမိက အချိန်ယူ၍ ကံကောင်းခြင်းကို တည်ဆောက်နိုင်ပေသည်။
"ခင်ဗျားတို့ စိတ်ပျက်သွားရသလို့ ကျုပ် စိတ်မကောင်းပါဘူး"
ရဲ့လင်းချန် ပြုံးလိုက်သည်။ သူက တိုကင်ပြားများအားလုံးကို ထပ်တွန်းလိုက်ပြီး ကြေညာလေသည်။
"ကျုပ် ဒိုင်ဘက်ကပဲ ဆက်လောင်းမယ်"
"ဂလု"
လုဟောင်နှင့် လုထျန်းရှုံးတို့ အသက်ရှူသံ ပြန်မမှန်သေးခင်မှာပင် ထပ်မံ၍ အသက်ရှူသံ မြန်လာရသဖြင့် မျက်နှာများ ရှုံ့မဲ့ကုန်၏။
"ဘာဖြစ်တာလဲ၊ ခင်ဗျားတို့ ထပ်ပြီး ကျုပ်နဲ့ ဆန့်ကျင်ဘက် လောင်းရဲသေးလား"
ရဲ့လင်းချန်က အားလုံးကို ရယ်ချင်ဟန်ဖြင့် ကြည့်လိုက်သည်။
"သေချင်နေတာပဲ"
လူဝကြီးက ပြောဆိုလာသည်။
"ငါ ကစားသမားဘက်က ဆက်လောင်းမယ်၊ တစ်သိန်း"
"ထပ်ပြီးတော့ တစ်သိန်းပဲလား၊ ခင်ဗျား အဲ့လောက် ဆင်းရဲနေရင် ဒီလာပြီး လောင်းကစား မလုပ်သင့်ဘူး၊ ဘာသတ္တိမှ မရှိဘဲနဲ့ ခင်ဗျား ဘယ်လိုလုပ် သူဌေး ဖြစ်လာတာလဲ"
ရဲ့လင်းချန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့စကားတွင် ရန်စဟန်တို့ဖြင့် ပြည့်နေ၏။ ထို့နောက် သူက အခြားသူများကို ကြည့်လိုက်လေသည်။
"ကျန်တဲ့သူတွေကရော ဘယ်လိုလဲ"
"ကစားသမားဘက်ကပဲ၊ တစ်သိန်း"
အခြားသူများက အချင်းချင်း မကျေမနပ်ဖြင့် ကြည့်လိုက်ကြသည်။ ဘာမဟုတ်သော ငချွတ်လေးကများ သူတို့ကို သရော်ရဲတယ်လို့။
"ငကြောက်တွေပါလား၊ ခင်ဗျားတို့ ဗာကရာကိုပဲ ဆော့ရဲတာ အံ့ဩစရာ မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မှ မရှိတာ"
ရဲ့လင်းချန်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလေ၏။
လုထျန်းရှုံးနှင့် လုဟောင်တို့ မချိပြုံး ပြုံးနေရသည်။ ရဲ့လင်းချန်အဖို့ တစ်ဝိုင်းလုံးကို ရန်စရန် သိပ်မကြာလိုက်ပေ။ အားလုံးက သူ့အပေါ် အမှန်တကယ် ကြည့်မရဖြစ်ကာ မုန်းတီးနေသည်။
"ဒိုင်ကပဲ နိုင်ပါတယ်"
ထိုစကားက ဝိုင်းထဲမှ လူတိုင်းကို ဒေါသကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လာစေပြီး ရဲ့လင်းချန်အား မနာလိုဟန်ဖြင့် ကြည့်လာစေသည်။ ရဲ့လင်းချန် ရှုံးမည်ဟု သူတို့ မျှော်လင့်ထားသော်လည်း သူက ဒုတိယအကြိမ် နိုင်သွားပြန်သည်။
*သူ့ကံက အံ့ဩစရာပဲ*
အချိန်တိုလေးအတွင်းမှာပင် ရဲ့လင်းချန်က နှစ်သန်း နိုင်ထားပြီးလေပြီ။
လုဟောင်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းနေ၏။ ဆရာရဲ့၏ လောင်းကစား စွမ်းရည်က တကယ် ကောင်းသည်ဟု သူ ယုံကြည်လာသည်။ ရဲ့လင်းချန်ကို ဖိတ်ရန် သူ ဆုံးဖြတ်ပြီးကတည်းက ကျေနပ်လောက်သည့် အံ့ဩစရာများ ပုံနေပုံ ရသည်။
လုဟောင်က ရှေ့တိုး၍ တိုကင်ပြားများကို သိမ်းတော့မည့်အချိန်၌ ရဲ့လင်းချန်က သူ့ကို တားလိုက်သည်။
"ရတယ်၊ ငါ နောက်တစ်ပွဲမှာလည်း ဒိုင်ဘက်က ဆက်လောင်းမှာ"
ကတ်များကို ပြန်မဝေရသေးသော်လည်း သူက နောက်တစ်ပွဲအတွက် ပြောနေလေသည်။
*အားလုံး လောင်းမှာလား၊ ရှုံးရင် တန်းပြုတ်မှာကို၊ ဒီကောင်လေးရဲ့ သတ္တိက တော်တော် ကောင်းတာပဲ*
ရဲ့လင်းချန်က ငြိမ်နေသော လူများကို ကြည့်၍ ပြုံးလိုက်သည်။
"ခင်ဗျားတို့ထဲက ဘယ်သူက ကျုပ်နဲ့ ဆက်ပြီး ယှဉ်လောင်းရဲသေးလည်း၊ ခင်ဗျားတို့မှာ တစ်သိန်းပဲ ရှိတယ်ဆို ပါမနေနဲ့တော့၊ ကလေးဆန်လွန်းတယ်၊ ခင်ဗျားတို့ မရှက်ဘူးလား"
"ကံဆိုးမှုက သုံးခါထက် ပိုမလာနိုင်ပါဘူး၊ ဒီတစ်ခါ ငါ ကစားသမားဘက်က တစ်သန်း လောင်းမယ်"
လူဝကြီး၏ မျက်နှာက မသိမသာ သုန်မှုန်နေပြီး အံကြိတ်၍ ပြောသည်။
"ကောင်စုတ်လေး မင်း အခု သောင်းကျန်းနေလို့ ရတယ်၊ ဒါပေမဲ့ မင်းကံက ကုန်သွားမှာပဲ"
ကတုံးနှင့်လူ၏ မျက်လုံးများက မှုန်မှိုင်းနေ၏။ သူသည်လည်း ကစားသမားဘက်က တစ်သန်း လောင်းလေသည်။
အခြားသူများသည်လည်း အကျပ်တွေ့နေသော်လည်း နောက်ဆုံးတွင် ကစားသမား နိုင်မည့်ဘက်က လောင်းကြသည်။
လူတိုင်း ဝိုင်းကို စိုက်ကြည့်နေကြပြီး ရဲ့လင်းချန် ထပ်နိုင်နိုင်ချေ ရှိ၊မရှိ သိချင်စိတ် ပြင်းပြနေ၏။ ကံဆိုသည်မှာ ဘယ်သူမှ အတပ်မသိနိုင်သော အရာပင်။
သို့သော် လောင်းကစားသမားများ အနေဖြင့် ကာစီနို၌ နိုင်သူများ မရှိဟု လက်ခံထားသည်။ အချိန်ကြာကြာ လောင်းကစား လုပ်လေ အနှေးနှင့်အမြန်ဆိုသလို ရှုံးလေပင်။
သူတို့ ရှုံးသွားလျင်တောင်မှ သူတို့တွင် အရင်းအနှီးနှင့် အနာဂတ် အခွင့်အလမ်းများ ရှိသေးသည်။ သို့သော် ရဲ့လင်းချန်က အကုန် ပုံလောင်းခဲသည်။ သူ ရှုံးသွားသည်နှင့် သူ့တွင် ထပ်စမ်းနိုင်သည့် နည်းလမ်း မရှိသလို အခြေအနေလည်း မကောင်းနိုင်ပေ။
ရဲ့လင်းချန် အားလုံး ဆုံးရှုံးရမည့်အချိန်ကို သူတို့အားလုံး စောင့်နေကြသည်။
ဒိုင်သမားက ကတ်များကို ထုတ်ပြလေသည်။
လုဟောင်နှင့် လုထျန်းရှုံးတို့ တအံ့တဩ အော်မိသည်။ သူတို့၏ ပါးစပ်နှင့် လျှာများ ခြောက်သွေ့လာသလို ခံစားလာရပြီး စိတ်ထဲ၌ တုန်လှုပ်နေ၏။
သူတို့ ရဲ့လင်းချန်၏ အရည်အချင်းကို ယုံသော်လည်း ဤသို့သော အပြုအမူက ရဲတင်းလွန်းသည်။ လူတိုင်း မစိုးရိမ်ဘဲ မနေနိုင်ပါ။

ကျုပ်က ပါရမီရှင် (Chapter 201-400)जहाँ कहानियाँ रहती हैं। अभी खोजें