Chapter 236

583 59 1
                                    

စာစဉ် 16 Chapter 236 လောင်းကစားပွဲ စလိုက်ရအောင်

ခန်းမတစ်ခုလုံး၌ လူတို့ဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ကောင်တာမှ ယူနီဖောင်းများ ဝတ်ထားသည့် ဝန်ထမ်း မိန်းကလေးများက ဧည့်သည်များကို ကြိုဆိုနေရာချခြင်းကို တာဝန်ယူထားရသည်။ တော်တော်များများသည် လောင်းကစားဝိုင်း၌ ထိုင်နေသော လူများကို သတိထားမိနေပြီး ဖြစ်သလို ဝင်လာသူများနှင့် ထွက်သွားသူများကိုလည်း သတိထားမိနေကြသည်။ သူတို့က သူတို့၏ ပစ်မှတ်များအတွက် ချောင်းမြောင်း လေ့လာနေ၏။
ကစားသမားက ငါးဆယ့်ရှစ်ယောက်သာ ရှိသော်လည်း တစ်ယောက်ချင်းစီတွင် လက်ထောက်များနှင့် သက်တော်စောင့်များ ပါလာကြသည်။ တစ်ချို့သော ဂိမ်းများတွင် ပါဝင်မည့် လောင်းကစားသမား အကျော်အမော် များလည်း ရှိသဖြင့် လူ အတော်များနေလေသည်။
ကစားသမား ငါးဆယ့်ရှစ်ယောက်အတွက် ပြိုင်ပွဲ ဖြစ်သော်လည်း လောင်းစား၌ ဝင်ပါမည့် ကစားသမား ငါးဆယ့် ရှစ်ယောက်မကာ ကာစီနိုဘက်ကလည်း သူတို့၏ လူများကို ဂိမ်းများ၌ ဝင်ပါခိုင်းထားသည်။ သို့မဟုတ်ပါက ဤလောင်းကစားပွဲ ဖြစ်လာမည် မဟုတ်ပါ။
သို့သော် ကစားသမား ၅၈ ယောက်သာလျင် လက်ကျန် တိုကင်များ မည်မျှ ကျန်သလဲ ယှဉ်၍ အများဆုံး ကျန်နေသူက ဘယ်သူလဲဆိုသည်ကို သတ်မှတ်ရန် လိုအပ်ပေသည်။
တစ်နည်းအားဖြင့် ဆိုရလျင် ကစားသမား ငါးဆယ့်ရှစ်ယောက်၏ စုစုပေါင်း ပမာဏက သန်းငါးရာ့ရှစ်ဆယ် ရှိသော်လည်း နောက်ဆုံးတွင် ကစားသမား ငါးဆယ့်ရှစ်ယောက်၏ တိုတင်ပြားက ပိုများလာနိုင်သည်။ နောက်ဆုံး အထိ ကျန်ရှိနိုင်သည့် ဖြစ်နိုင်ချေက ပိုနည်းနိုင်သည်။ တိုကင်ပြား များလာခြင်းက ကာစီနိုက သူတို့ကို ရှုံးခြင်း ဖြစ်သည်။ အပြန်အလှန်အားဖြင့် တိုကင်ပြား နည်းသွားခြင်းက ကာစီနိုဘက်ကို သူတို့ ရှုံးသွားခြင်း ဖြစ်လေသည်။
လုဟောင်က တိုကင်ကောင်တာသို့ သွား၍ ဆယ်သန်းကို တိုတင်ပြားဖြင့် လဲလှယ်လိုက်သည်။ သူသည် ရဲ့လင်းချန်၏ အနောက်မှ နဖူး၌ ချွေးစို့လျက် လိုက်သွားသည်။
သူ ပိုက်ဆံ ဆယ်သန်းကို အရေးမစိုက်သော်လည်း လောင်းကစား၏ အနိုင်အရှုံးကို စိတ်ဝင်စားပါသည်။
ကုမ္ပဏီတိုင်းက ဖိတ်ခေါ်ထားသည့် လူတိုင်းက အလွန် ကျွမ်းကျင်ကြသည်။ အကယ်၍ လုလုပ်ငန်းစုသာ မြေနေရာကောင်း တစ်ခုကို ဆုံးရှုံးရပါက သူတို့ အဆင့်အတန်း ကျဆင်းရပေမည်။
"သူဌေးလု၊ မင်း စမ်းကြည့်ချင်လား"
သူတို့ မနေ့က တွေ့ခဲ့သော ဝေ့ဟုန်က လောင်းကစားဝိုင်း၌ ထိုင်နေသည်။ သူ့ဘေးကလူသည် မန်ကျိုး ဖြစ်ပြီး မျက်နှာ အမူအရာက ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေ၏။
လုထျန်းရှုံးက ပြုံးလိုက်ပြီး ဘာမှမပြောချေ။
သူက ရဲ့လင်းချန်အနောက်သို့ လိုက်သွားပြီး တီးတိုး ပြောသည်။
"ဆရာရဲ့ အရမ်း မဆင်မခြင် စလိုက်မိရင် ဆိုးကျိုးပဲ ဖြစ်လိမ့်မယ်"
လောင်ကစားပွဲအစ၌ လူတစ်ယောက်သည် မိမိ၏ လောင်းကစား စွမ်းရည်ကို အလွန် ယုံကြည်မှု မရှိလျင် နည်းစနစ်များကို အသုံးချသင့်သည်။ ပုံမှန်အခြေအနေတွင် အားနည်းသူက ဖိနင်းပြီး မိမိ၏ အရင်းအနှီးကို ပိုများလာအောင် တတ်နိုင်သလောက် လုပ်၍ အခြားသူများကို ဖြုတ်ကာ အဆင့်တက်လာအောင် လုပ်ကြသည်။
"ခင်ဗျား အရင်က ရှုံးဖူးလား"
ရဲ့လင်းချန်က လုထျန်းရှုံးကို ရွှတ်နောက်နောက်ဖြင့် ကြည့်လိုက်သည်။
လုထျန်းရှုံးက အနည်းငယ် ရှက်ရွံ့သွားပုံ ပေါ်လာသည်။
"ပြီးခဲ့တဲ့နှစ်တုန်းက ကျုပ် နောက်ဆုံးအဆင့် ရောက်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျုပ် ပထမဆုံး လုပ်လိုက်မိတဲ့ အရာက ဝေ့ဟုန်နဲ့ တစ်စားပွဲတည်း ထိုင်ခဲ့မိလို့ပဲ"
တစ်ခဏမျှ ငြိမ်နေပြီးနောက် သူ ဆက်ပြောသည်။
"ဒါပေမဲ့ သူလည်း အဲ့လောက် တော်နေတာမျိုး မဟုတ်ဘူး၊ ကျင်းဟမ် သူ့ကို ရှင်းဖို့ သိပ်တောင် အချိန်မယူ လိုက်ရဘူး"
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ဤသို့သော ကာစီနိုများတွင် ယင်းကဲ့သို့ အဖြစ်များပေသည်။ ငါးကြီးများက ငါးသေးများကို ဝါးမျိုကြပြီး တစ်ယောက်က အသတ်ခံရခြင်းမှ ရှောင်လျင်ရှောင် သို့မဟုတ် တိုက်ရိုက် ရင်ဆိုင် နိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်မှ ဖြစ်ပေမည်။
များစွာသော အိမ်ခြံမြေ ကုမ္ပဏီများက အခြေအနေအပေါ် အလွန်အမင်း ဗျူဟာချထားပုံပေါ်ကြောင်း ရဲ့လင်းချန် သတိထားမိသွားသည်။ ဘယ်သူမှ ပြိုင်ပွဲနေသို့ မပြင်ဆင်ထားဘဲ မလာကြချေ။
ဝေ့ဟုန်က ရဲ့လင်းချန် သူ့ဘေးမှ ဖြတ်လျှောက်သွားသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တစ်ဖက်လှည့်၍ မန်ကျိုးအား မေးလေသည်။
"သူက လောင်းကစား ကျွမ်းကျင်သူလား"
ရဲ့လင်းချန်သည် ကာစီနိုထဲမှ အရာအားလုံးက သူနှင့် မဆိုင်သကဲ့သို့ တည်ငြိမ်လွန်းနေသည်။ မဟုတ်မှလွဲရော ဒါကို သူ ထိန်းချုပ်နိုင်လို့များလား။
မန်ကျိုး၏ မျက်လုံးများက လက်ခနဲ အနီရောင် ဖြစ်သွားပြီး ခေါင်းခါလေသည်။
"သူ့ခန္ဓာကိုယ်က လောင်းကစားသမား တစ်ယောက်ရဲ့ အငွေ့အသက်မျိုး ထွက်မနေဘူး၊ သူ့လက်တွေအရ သူ ကဒ်တွေကို မကြာခဏ မထိဖူးလောက်ဘူး၊ သူက ကျွမ်းကျင်သူ ဖြစ်ဖို့နေနေသာသာ ဘယ်လို လောင်းကစား လုပ်ရမလဲ သိမယ့်ပုံတောင် မပေါ်ဘူး"
"လုထျန်းရှုံးက အရူးပဲ၊ ဘာလို့ လူသစ်တစ်ယောက်ကို ဖိတ်ရတာလဲ"
လုထျန်းရှုံးက ဝေဖန်ကာ ရယ်လိုက်သည်။
"လုထျန်းရှုံးက အဆုံးသတ်ကို ရောက်နေပြီနဲ့တူတယ်၊ ဒီလို နောက်ဆုံးအချိန်မှာ လုထျန်းရှုံးနဲ့ ကျုပ် မပြိုင်လိုက် ရတာ နာတယ်၊ မဟုတ်ရင် အရင်ဆုံး ပြုတ်သွားမယ့်လူက သူပဲ"
ရဲ့လင်းချန်က လူအုပ်ကြီးကို လေ့လာနေချိန်တွင် အခြားသူများကလည်း သူ့ကို လေ့လာနေ၏။
နာမည်ကျော် လောင်းကစားသမားများအပြင် ရဲ့လင်းချန်ကလည်း လူစိတ်ဝင်စား အခံရဆုံးသူ ဖြစ်နေသည်။
သူသည် ငယ်လွန်းနေပြီး ဘယ်သူမှ မသိကြပေ။ တစ်ချက်ကြည့်ရုံနှင့် သူ့အား လုထျန်းရှုံး၏ သက်တော်စောင့်ဟု လူတိုင်းက ထင်ကြလေသည်။
"သူဌေးလု ကျုပ်ဝိုင်းကို လာပြီး ပွဲနည်းနည်းလောက် စကားပါလား"
ကျင်းဟမ်က လုထျန်းရှုံးကို မြင်သောအခါ ပြုံး၍ ဖိတ်ခေါ်လေသည်။
"သူဌေးလု ခင်ဗျား ကျုပ်တို့ ဝိုင်းထဲ ဝင်သင့်တာဗျ၊ အံစာတုံး ကစားပွဲဆိုရင်ရော ဘယ်လိုလဲ"
"ဟားဟားဟား ခင်ဗျားက ရယ်စရာပဲ သူဌေးလုရေ၊ မင်းက ကလေးတစ်ယောက်ကို တကယ်ကြီး ခေါ်လာတာလား၊ ကျင်းဟွာ ကစားနည်းကို နည်းနည်း‌လောက် လာကစားပါလား၊ ဒါ အလွယ်ဆုံးပဲ"
လမ်းတစ်လျှောက်တွင် လူများစွာက လုထျန်းရှုံးကို နှုတ်ဆက်ကာ ရဲ့လင်းချန်အား အထင်သေးသော အကြည့်ဖြင့် ကြည့်ကြလေသည်။
လုထျန်းရှုံး မချိပြုံး ပြုံးလိုက်မိသည်။ လူတိုင်းက သူ့ကို တည်ကြက်သဖွယ် သဘောထားနေကြ၏။
သို့သော် ရဲ့လင်းချန်၏ မျက်နှာတွင် အရေးမစိုက်ဟန် ပေါ်နေပြီး ဘယ်သူ့စကားမဆို စိတ်ထဲမထားချေ။ သူသည် ခန်းမအား ဝေ့ကြည့်ပြီး စားပွဲတစ်လုံးကို ရွေး၍ ထိုင်လိုက်သည်။
ထိုဝိုင်းတွင် လူရှစ်ယောက် ထိုင်နေပြီး ဗာကရာ ကတ်ကစားနည်းကို ကစားနေကြသည်။ ရဲ့လင်းချန် ဝင်ထိုင်လိုက် သောအခါ သူတို့က အချင်းချင်း ပြန်ကြည့်ပြီး ပြုံးသွားသည်။ လူသစ်တစ်ယောက်က ဝင်ပါလာသဖြင့် သူတို့အတွက် ပွဲက လွယ်ကူပေတော့မည်။
အခြားသူများသည် လူသစ်ကို အနိုင်ကျင့်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသဖြင့် စိတ်ဓာတ်ကျသွားသည်။
"မီယာကို ရောက်လာပြီ"
ရုတ်တရက် တံခါးအပြင်ဘက်မှ အော်ပြောသံကို ကြားလိုက်ရသည်။ ကာစီနိုထဲမှလူတိုင်း အသက်မရှူနိုင် ဖြစ်သွားကြသည်။ သူတို့ ရင်တဒိန်းဒိန်း ခုန်လာပြီး အားလုံး လှမ်းကြည့်လေသည်။နာမည်ကျော် ကစားသမား အများစုသည် အတွေ့အကြုံမှနေ၍ နာမည်ကျော်လာခြင်း ဖြစ်သည်။
ဤနေရာမှ လူများအားလုံးသည် လောင်းကစားလောက၌ အနည်းနှင့်အများ ဆိုသလို ကျော်ကြားသူများ ဖြစ်သည်။ ထို့ကြောင့် မီယာကို၏ နာမည်ကို သူတို့ သေချာပေါက် သိလေသည်။ လောင်းကစားဘုရင်၏ တပည့်ဟူသော သူမ အဆင့်အတန်းက အတော်လေး ကြီးမားနေလေပြီ။ သို့သော် ပို၍ လူသိများသွားစေသည်က ပွဲဦးထွက်ကတည်းက သူမ တစ်ခါမှ မရှုံးဖူးသေးသည့် အချက်ပင်။
သူမ၏ ပြိုင်ဘက်များအားလုံးက ဘယ်ကစားနည်းနှင့်မဆို သူမလက်ထဲ၌ ရှုံးခဲ့ကြသည်ပင်။
ရဲ့လင်းချန်သည်လည်း အလိုလို လှမ်းကြည့်မိသည်။ နီညိုရောင် ကီမိုနို ဝတ်ထားသည့် အမျိုးသမီးတစ်ယောက် လှမ်းလာနေသည်ကို သူ တွေ့လိုက်ရသည်။ သူမဘေး၌ လူလတ်ပိုင်းအရွယ် ခပ်ဝဝ အမျိုးသားတစ်ဘောက်က ပြုံး၍ လိုက်လာပြီး သူတို့အနောက်၌ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့်များက နှစ်တန်းခွဲ၍ လိုက်လာသည်။
သူတို့အဖွဲ့က ဟိတ်ဟန်ကြီးလှသဖြင့် ဆူညံနေသော ကာစီနိုက ချက်ချင်း တိတ်ဆိတ်သွား၏။
မကြာခင်မှာပင် အံ့ဩသံများနှင့် ပြောဆိုသံများက ခန်းမအနှံ့ ပဲ့တင်ထပ်လာသည်။
"အဲ့မိန်းမက ဂျပန်နိုင်ငံက လောင်းကစားဘုရင်ရဲ့ တပည့်လား၊ သူက ငယ်လွန်းတာပဲ"
"သူက ဂျပန်နိုင်ငံမှာ သူ့အရည်အချင်းတွေ ပြခဲ့ဖူးတယ်၊ သူက တအား ထူးချွန်တယ်၊ သူ့ဆရာရဲ့ အရည်အချင်း ခုနစ်ဆယ် ရာခိုင်နှုန်းလောက်ကို သူ ပိုင်နေပြီလို့ ကောလာဟလ ရှိတယ်၊ ဒါပေမဲ့ အဲ့ဒါ တကယ် ဟုတ်၊ မဟုတ် ဘယ်သူမှ မသိဘူး"
"ဟိုကျင်းဟမ် ပြောတာ မှန်နေတာပဲ၊ ဟမ်ထိုက်က နှိမ့်ချနေပြီးတော့ မီယာကိုကို ဖိတ်နိုင်ခဲ့တာပဲ"
"ဟမ်ထိုက်က နောက်ဆုံးမှ ပေါ်လာဖို့ ရွေးခဲ့တာ မဆန်းဘူးပဲ၊ လတ်စသက်တော့ ငါတို့ကို အံ့ဩစေချင်လို့ပဲ၊ လည်လိုက်တာများ"
မီယာကိုက ငယ်သည့်အပြင် အလွန် လှပသည်။ သူမတွင် ဂျပန်နိုင်ငံ၏ anime များထဲမှ မိန်းကလေးများကဲ့သို့ ကြီးမား၍ ရွှန်းစိုတောက်ပသော မျက်လုံးများ ရှိသည်။ သူမအသားအရည်က ဖြူဝင်းပြီး သူမ၏ ရှည်လျား သွယ်လျသော ခြေတံများက ကီမိုနိုနှင့် တွဲဖက်လိုက်သောအခါ ရင်သက်ရှုမောဖွယ် ကောင်းနေ၏။
ဤသို့ ငယ်ရွယ်သော မိန်းမပျိုလေးက လောင်းကစားနယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်နေသည်က ယုံရခက်လှသည်။
လူတိုင်း၏ အကြည့်က ရဲ့လင်းချန်ထံမှ ဖယ်ခွာသွားပြီး မီယာကိုထံ ကျရောက်နေသည်။
နှစ်ယောက်လုံးက သက်တူရွယ်တူ ဖြစ်ပုံပေါ်နေသော်လည်း ယှဉ်၍ မရနိုင်ပေ။ သူတို့ကြားမှ ခြားနားချက်က ကြီးမားလွန်း၏။
မီယာကိုက ဝင်လာပြီးနောက် ကြုံရာဝိုင်းကို ‌ရွေးထိုင်လိုက်ပြီး အခြေအနေကို သေချာပင် မကြည့်ချေ။ ထိုဝိုင်းမှလူများ ချက်ချင်း မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးတွင် ကြံရာမရဟန်တို့ ပေါ်လာသည်။ သူတို့ ကံဆိုးလွန်းပေသည်။
"အချိန်ကျတော့မယ်"
လုဟောင်၏ အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် အက်နေ၏။ သူသည် ရဲ့လင်းချန်ဘေး၌ ထိုင်၍ ဝိုင်းအား စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
ဗာကရာ ကစားနည်းအား ဒိုင်၊ ကစားသမား၊ ဟန့်ထားသူနှင့် တစ်စုံဟူ၍ လေးမျိုး ခွဲထားသည်။ လူတိုင်း အခြေအနေအရ လောင်းနိုင်ပြီး မှန်သူက နိုင်ပေမည်။
ကစားနည်းက အလွန် လွယ်ကူသည်။ တတိယလူက ဘဏ်နှင့် ကစားသူများထံ ကဒ်များ ပေးမည်ဖြစ်သည်။ ထို့နောက် နှစ်ဖက်က ကဒ်ခြင်း ယှဉ်ပေမည်။ ကိုးနှင့် တန်ဖိုးအနီးဆုံးသူက အနိုင်ရမည် ဖြစ်သည်။ အကယ်၍ နှစ်ဖက်လုံးက တန်ဖိုးတူနေပါက သရေကျမည်။ အကယ်၍ တစ်ဖက်စီ၌ ကဒ်တူ တစ်စုံစီ ရှိနေပါက ပူးတွဲဟု သတ်မှတ်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now