Chapter 233

643 68 0
                                    

စာစဉ် 16 Chapter 233 တစ်ယောက်ယောက်က ငါ့ကို ရှာနေတယ်လို့ ကြားလိုက်သလားလို့

"စူပါဟီးရိုးဝိုင်လား"
အရှေ့တောင်အာရှသား၏ နှုတ်ခမ်းက ကော့တက်လာပြီး သရော်တော်တော် ပြုံးကာ ကောင်လေး၏ ဈေးဆိုင်ထံသို့ လျှောက်သွားသည်။ သူသည် ဆိုင်ပေါ်မှ စူပါဟီးရိုးများ၏ အမျိုးစုံသော ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် ဝိုင်၏ မျက်နှာဖုံးကို လှမ်းယူသည်။
"ဒီဟာလား"
ထို့နောက် သူသည် မျက်နှာဖုံးကို မြေကြီးပေါ် ပစ်ချ၍ တက်နင်းလေသည်။
"တရုတ်ကွန်ဖူးက ချီးထုပ် ဖြစ်သလို မင်းရဲ့ စူပါဟီးရိုးကလည်း ချီးထုပ်ပဲ၊ သူက ဘယ်မှာလဲ၊ သတ္တိရှိရင် သူ့ကို ထွက်လာခိုင်းလိုက်"
အရှေ့တောင်အာရှသားက ရယ်ပြီး မျက်နှာဖုံးအား အဝေးသို့ ကန်ထုတ်လေသည်။
ကောင်လေးက မျက်ရည်များဖြင့် ပြေးသွားပြီး မျက်နှာဖုံးကို ကောက်ယူကာ မျက်နှာဖုံးပေါ်မှ ခြေရာကို သူ့လက်ကလေးများဖြင့် ပွတ်နေ၏။
ထိုအခိုက်တွင် လူအုပ်ထဲမှ တရုတ်လူမျိုးများ ငြိမ်ကုပ်နေ၏။ သူတို့တွင် ဒေါသများဖြင့် ပြည့်နေသော်လည်း သူတို့၏ အသုံးမကျမှုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရုံသာ တတ်နိုင်လေသည်။
"နောက်ဆို ဒီနေရာမှာ ဒီလို ချာတူးလံတဲ့ တရုတ်ကွန်ဖူးကို ဖျော်ဖြေတာကို မင်း ရပ်လိုက်သင့်ပြီ၊ ငါ မင်းကို တွေ့ရင် တွေ့တဲ့အချိန်တိုင်း ဆော်မယ်"
အရှေ့တောင်အာရှသားက လူလတ်ပိုင်းအရွယ် အမျိုးသားကို သရော်လေသည်။
ထိုစဉ် လူရိပ်တစ်ခုက ကောင်လေးနား တဖြည်းဖြည်း ချဉ်းကပ်လာပြီး သူ့အရှေ့၌ ရပ်လာသည်။ ကောင်လေးက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး လည်ချောင်းထဲမှ ဆို့နင့်နေသော ခံစားချက်ကြောင့် တံတွေးမျိုချ၍ ပြောလာသည်။
"အစ်ကိုကြီးပါလား"
ရဲ့လင်းချန်က သူ့ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် သူ့လက်ထဲမှ ဝိုင်၏ မျက်နှာဖုံးကို ယူလိုက်သည်။
"မင်း ပြောတာ မှန်တယ်၊ တရုတ်မှာလည်း စူပါဟီးရိုးတွေ ရှိတယ္၊ မင်း ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးမယ် မဟုတ်လား၊ ငါ ဒီမျက်နှာဖုံးကို ယူလို့ရမလား"
ကောင်လေးက တအံ့တဩနှင့် ခေါင်းညိတ်ပြလိုက်သည်။
ရဲ့လင်းချန်က မျက်နှာဖုံးကို သူ့ခေါင်းတွင် စွပ်လိုက်သည်။ သူက ညင်ညင်သာသာ ပြောသော်လည်း ဘေးပတ်ဝန်းကျင်၌ ရှိနေသူတိုင်း ရှင်းလင်းစွာ ကြားရပါသည်။
"ဟေး တစ်ယောက်ယောက်က ငါ့ကို ရှာနေတယ်လို့ ကြားလိုက်သလားလို့"
၎င်းအသံသည် ဘာခံစားချက်မှ မပါဘဲ တည်ငြိမ်လှသည်။ သို့သော် လက်ရှိအခြေအနေ၌ ယင်းက လူတိုင်းကို ဒိတ်ခနဲ ဖြစ်သွားစေပြီး သူ့အား လှည့်ကြည့်လာကြသည်။
သူတို့အားလုံး မြင်ရသည်က ငိုနေသော ကောင်လေးဘေး၌ ဝိုင်၏ မျက်နှာဖုံးကို တပ်ထားသည့် လူတစ်ယောက် ကိုပင်။
ထိုလူသည် သာမန်ကာလျှံကာ ပုံပေါ်နေပြီး မျက်နှာဖုံးက သူ့အသွင်အပြင်ကို ဖုံးကွယ်ထားသည်။ သို့သော် သူ့ထံမှ အထင်မသေးသင့်သည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
"မင်းကို ရှာတယ် ဟုတ်လား"
အရှေ့တောင်အာရှသား အနည်းငယ် မှင်တက်သွားသည်။
"မင်းက ဝိုင်လား"
"ငါက သူတို့တွေထဲက တစ်ယောက်ပဲ၊ မင်းက တရုတ်ကွန်ဖူးကို အထင်မကြီးဘူးလို့ ပြောခဲ့မှတော့ ငါ မင်းကို သင်ခန်းစာ မပေးဘဲ မနေနိုင်တော့ဘူး"
ရဲ့လင်းချန်က ရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။
"တကယ်တော့ ငါက တရုတ်ကွန်ဖူးကို လေ့ကျင့်တဲ့သူပဲ"
"မ...မ...မင်းက ... သရုပ်ဆောင်ဝိုင်လား"
တရုတ်လူမျိုးများထဲမှ တစ်ယောက်က မရဲတရဲဖြင့် မေးလာသည်။
ရဲ့လင်းချန်က သူတို့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာကို သူတို့ မမြင်ရသော်လည်း သူ ပြုံးနေမှန်း သူတို့ ခံစားမိသည်။
"တကယ်ပဲ သရုပ်ဆောင်ဝိုင်လား"
"လခွမ်း သူ ဒီမှာ ဘာလုပ်နေတာလဲ၊ အံ့ဩစရာပဲဟေ့"
"အားးးး သူက ငါ့အသည်းစွဲပဲ"
"သူ အရှေ့တောင်အာရှသားကို ဆော်နိုင်မှာလား"
"မင်း မေ့နေပြီလား၊ ဝိုင်က ဝံပုလွေတစ်ကောင်ကို လက်ဗလာနဲ့ တိုက်ခိုက်ဖူးတယ်လေ၊ သူ့ကွန်ဖူးက တအား ကောင်းတာကွ"
...
လူအုပ်ကြီးက ချက်ချင်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီး တရုတ်လူမျိုးအားလုံးက ရဲ့လင်းချက်ကို မျှော်လင့်ချက်တို့ဖြင့် ကြည့်လာကြသည်။
အခြားသူများမှာမူ သုန်မှုန်၍ ကြည့်နေကြသည်။ နိုင်ငံခြားသားများက အချင်းချင်း ပြန်ကြည့်နေကြပြီးနောက် ရဲ့လင်းချန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လေသည်။
*ဒါ ... တရုတ်ရဲ့ စူပါဟီးရိုးလား*
*တကယ့်လူအစစ်လား*
"လာဟန်ဆောင်နေတာပဲ"
အရှေ့တောင်အာရှသားက ရဲ့လင်းချန်ကို စူးစိုက်ကြည့်၍ သရော်လေသည်။
"မင်းလည်း တရုတ်ကွန်ဖူးကို သိတယ်ပေါ့"
ရဲ့လင်းချန်က ဟုတ်ကြောင်း ခေါင်းညိတ်ပြပြီးနောက် လက်သုံးချောင်း ထောင်ပြ၏။
အရှေ့တောင်အာရှသားက မကျေနပ်သံပြု၍ အလေးအနက် မေးလာသည်။
"မင်း ဘာပြောတာလဲ"
"ငါ မင်းကို သုံးကွက်တည်းနဲ့ တရုတ်ကွန်ဖူးအပေါ် ဒူးထောက်ပြီး တောင်းပန်ခိုင်းမယ်"
သူအသံက တည်ငြိမ်သော်လည်း လူအုပ်ထဲမှ တရုတ်လူမျိုးအား ရင်တဒိန်းဒိန်း ခုန်လာစေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကြသည်။
*လွှမ်းမိုးနိုင်လွန်းတယ်*
*စိတ်လှုပ်ရှားအောင် လုပ်နိုင်လွန်းတာပဲ*
*ဝိုင်ဖြစ်ထိုက်တယ်*
နိုင်ငံခြားသားများကလည်း အချင်းချင်း ပြောဆိုလာကြသည်။
"သူက ဘယ်သူလဲ"
"သူ ဘာကို ပြောနေတာလဲ၊ အဲ့ဒါ ဖြစ်နိုင်လို့လား"
"တရုတ်လူမျိုးတွေက တော်တော် အပြောကြီးတာပဲ၊ ကြွားဝါတာက သူတို့ရဲ့ အရည်အချင်းတွေထဲက တစ်ခုပဲလေ"
"လခွမ်း ဒီဝိုင်က ငါတို့ Spiderman ကို လာအတုခိုးနေတာလား"
အရှေ့တောင်အာရှသား၏ မျက်နှာက မည်းမှောင်သွားသည်။ သူသည် ရဲ့လင်းချန်အား သိမ်းငှက်သဖွယ် စိုက်ကြည့်နေပြီး သူ့မျက်လုံးတွင် လူသတ်ချင်စိတ် ဖြတ်ပြေးနေသည်။ သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် အမူအရာ လုပ်ပြသည်။
"သုံးကွက်အတွင်း ငါ မင်းကို တောင်းပန်ရအောင် လုပ်ပြမယ်"
ရဲ့လင်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မသိလျင် အရှေ့တောင်အာရှသားအား ဘယ်တုန်းကမှ အလေး မထားသလိုပင်။ လေညင်းတစ်ချက် တိုက်ခိုက်လာသောအခါ လေထုအနေအထားက ပို၍ လေးလံကာ အေးစိမ့်လာ၏။
"မင်း သေချင်နေတာပဲ"
အရှေ့တောင်အာရှသားက အော်ဟစ်လိုက်ပြီးနောက် ရဲ့လင်းချန်ထံ ပြေးတင်လာသည်။
တစ်ဝက်မျှ ပြေးတက်လာပြီးနောက် အရှေ့တောင်အာရှသားက လေထဲသို့ ခုန်လိုက်ပြီး ရဲ့လင်းချန်ထံ ပစ်ဝင်သည်။ ရဲ့လင်းချန် အနားသို့ ရောက်ခါနီးသောအခါ သူ့တံတောင်ဆစ်ကို မြှောက်၍ ရဲ့လင်းချန်၏ မျက်နှာကို ထိုးသည်။
ထိုတိုက်ကွက်တွင် သူ၏ အရှိန်နှင့် ခွန်အားတို့အားလုံးကို သုံးထားသည်။ တံတောင်ဆစ်၏ အားနှင့် ပေါင်းလိုက် သောအခါ ယင်းက သေချာပေါက်ကို လူသတ်နိုင်သည့် တိုက်ကွက် ဖြစ်လာပြီး ခုခံရန် ခက်ခဲစေသည်။ ထို့အပြင် ရှောင်ရန် ကြိုးစားသည်နှင့် အရှေ့တောင်အာရှသားက လက်သီးဖြင့် ဆက်တိုက် ထိုးရန် ပြင်ထားသည်။
"မလှုပ်သေးပါလား"
"အဲ့တရုတ်ကောင်က တအား ကြောက်သွားတာများလား"
"ဝိုင် မင်း လုပ်နိုင်တယ်၊ ဝိုင်ဆိုတဲ့ နာမည်ကို ခံယူထားတဲ့ မင်းတို့အားလုံးက အံ့ဩဖို့ကောင်းတဲ့သူတွေဆိုတာ ငါတို့ သိတယ်"
"ပရိသတ်ဖြစ်တဲ့ ငါတို့ကို စိတ်ပျက်ရအောင် မလုပ်ပါနဲ့"
လက်ရှိတွင် လူအုပ်ကြီးက နှစ်ဖက်ကွဲနေသော်လည်း အားလုံး၏ အကြည့်များက မလှုပ်မယှက် ဖြစ်နေသည့် ရဲ့လင်းချန်၏ ခန္ဓာကိုယ်ပေါ် ကပ်ညိနိုင်သည်။
အရှေ့တောင်အာရှသားသည် ရဲ့လင်းချန်အနားသို့ နီးသထက် နီးလာသည်နှင့်အမျှ အကြည့်များက ပို၍ အာရုံ စူးစိုက်လာသည်။ သူက နှုတ်ခမ်းကိုတွန့်၍ သွေးဆာနေသော အပြုံးမျိုး ပြုံးလိုက်ပြီး ရဲ့လင်းချန်၏ ရှုံးနိမ့်သွားမည့် မျက်နှာကို မြင်ယောင်နေလေသည်။
တံတောင်ဆစ်က ရဲ့လင်းချန်၏ မျက်နှာနှင့် ပေတစ်ဝက်မျှသာ ဝေးတော့သည့်အချိန်တွင်မှ သူ လှုပ်ရှားလာသည်။
သူက လျှပ်စီးတမျှ မြန်ဆန်သော လက်သီးတစ်လုံးဖြင့်သာ တုံ့ပြန်လေသည်။ နောက်ကျမှ လှုပ်ရှားသော်လည်း ထိုတိုက်ခိုက်မှုက လျင်မြန်လွန်းသည်။ လူတိုင်း သူ့လက်သီးကို ဖျတ်ခနဲသာ မြင်လိုက်ရသည်။ ထိုလက်သီးက အရှေ့တောင်အာရှသား၏ တံတောင်ဆစ်နှင့် လျင်မြန်စွာ ထိုးနှက်မိသွားသည်။
"ဂျွတ်"
အရိုးကျိုးသံက လူအုပ်ကြီး၏ နားထဲသို့ တိုးဝင်လာပြီး လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
အရှေ့တောင်အာရှသား၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားပြီး လက်မောင်းတစ်ဖက်လုံး တွဲလောင်းကျ နေသည်။ သူ့တံတောင်ဆစ်ရိုး ကျိုးကြေသွားခဲ့လေပြီ။
"ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူတိုင်း မျက်လုံးပြူးကာ ပြောစရာ စကား မဲ့သွားကြသည်။
နိုင်ငံခြားသား အချို့ဆိုလျင် မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်နေပြီး ပါးစပ် အဟောင်းသား ဖြစ်ကာ ပြန်ပင် ပါးစပ် မစိနိုင်ကြချေ။
*လက်သီးတစ်လုံးတည်း၊ တံဆောင်ဆစ်ကို ယှဉ်ချတာက လက်သီးပဲဆိုပင်မယ့် အရှေ့တောင်အာရှသားရဲ့ တံတောင်ဆစ်က ကျိုးသွားတယ်ပေါ့*
လူ့ခန္ဓာကိုယ်တွင် တံတောင်ဆစ်က အမာဆုံးပင်။ ပုံမှန်အခြေအနေအရဆိုလျင် လက်သီးက တံတောင်ဆစ်ကို မယှဉ်နိုင်ပါ။ ထို့အပြင် ဤအရှေ့တောင်အာရှသား၏ တံတောင်ဆစ်က ကျောက်တုံးထက်ပင် မာသေးသည်။
သို့သော် လက်သီးတစ်လုံးတည်းဖြင့် အရှေ့တောင်အာရှသား ရှုံးသွားလေပြီ။
လျင်မြန်မှု သို့မဟုတ် ခွန်အားတို့က လူအုပ်ကြီး၏ ဗဟုသုတကို ကပြောင်းကပြန် ဖြစ်သွားစေသည်။
"ပြန်တိုက်မယ်"
အရှေ့တောင်အာရှသား၏ မျက်လုံးများက စွေးစွေးနီနေ၏။ သူသည် ရဲ့လင်းချန်အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေပြီး ခြေထောက်နှစ်ဖက်လုံးက ခက်ခက်ခဲခဲဖြင့် ရပ်နေရသည်။ ထို့နောက် သူသည် လွှားခနဲ ခုန်၍ ရဲ့လင်းချန်အား ဒူးနှစ်ဖက်ဖြင့် တစ်ပြိုင်တည်း တိုက်ခိုက်လေသည်။
"ဂျွတ်"
နောက်ထပ် အရိုးသံကို ကြားလိုက်ရပြီးနောက် အရှေ့တောင် အာရှသားသည် မြေကြီးပေါ် တန်းပစ်ကျသွားပြီး ဒူးနှစ်ဖက်လုံးက မြေကြီးပေါ် ထောက်လျက်သား ဖြစ်နေသည်။
"မင်း..."
အရှေ့တောင်အာရှသားက တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် ရဲ့လင်းချန်အား မော့ကြည့်သည်။ ပြင်းထန်သော ဝေဒနာကြောင့် သူ့နဖူးမှ ချွေးများ စီးကျလာသည်။
သူ မတ်တပ်ရပ်ချင်သော်လည်း ခြေထောက်မှ အရိုးအဆစ်များ ကျိုးကာ နေရာလွဲနေသဖြင့် ဆက်၍သာ ဒူးထောက် နေရသည်။ ထို့အပြင် ယခု သူ မျက်နှာမူထားရသည့် အရပ်သည် အစောပိုင်းက သူ ဖျက်ဆီးလိုက်သည့် တရုတ်ကွန်ဖူးဟု ရေးထားသော ပျက်စီးနေသည့် ဆိုင်းဘုတ်ရှေ့ပင်တည်း။

ကျုပ်က ပါရမီရှင် (Chapter 201-400)Dove le storie prendono vita. Scoprilo ora