Chapter 227

601 68 2
                                    

စာစဉ် 16 Chapter 227 ရုံတင်ချိန်အတွင်း ကြုံတွေ့ရသည့် ဘေးဒုက္ခ

နောက်တစ်နေ့တွင် ...
မနက်အစောပိုင်းတွင် စာဖတ်သူများက အလေ့အကျင့်အရ အဆင့်များကို ကြည့်ရန် QQ အက်ပ်ကို ဖွင့်လိုက်ကြသည်။
ဝတ္ထုက ပထမနေရာ၌ ရောက်နေသည်ကို မြင်သောအခါ သူတို့ တစ်ခဏမျှ အံ့ဩသွားသော်လည်း စိတ်အေးသွားကြလေသည်။
လစဉ်အဆင့်များ၏ နံပါတ်တစ် - နတ်ဘုရားများကို သုတ်သင်ခြင်း။
ရောင်းအားအဆင့်များ၏ နံပါတ်တစ် - နတ်ဘုရားများကို သုတ်သင်ခြင်း
အဆင့်နှစ်ခုလုံးက အချိန်နှင့်အမျှ မွမ်းမံထားပြီး ဩဇာအရှိဆုံးပင်။ ၎င်းက အင်တာနက်တစ်ခွင်မှ ဝတ္ထု၏ ရလဒ်များကို ကိုယ်စားပြုသည်။
နတ်ဘုရားများကို သုတ်သင်ခြင်းက ပထမနေရာ ရောက်နေသည်ကို သူတို့ အံ့ဩမိသော်လည်း ဖြစ်သင့်ပေသည်။
သို့သော် သူတို့အကြည့်က ဒုတိယနေရာသို့ ရောက်သွားသောအခါ ထိတ်လန့်သွားရသည်။
ထိုနေရာ၌ ရှိနေသည်မှာ သရီးလော့ဂ်၏ ကောင်းကင်ဘုံအောက်ဝယ် ဖြစ်နေ၏။
၎င်းက ဒုတိယနေရာ၌ ရှိနေသော်လည်း နတ်ဘုရားများကို သုတ်သင်ခြင်းနှင့် ယှဉ်လိုက်သောအခါ မိုးနှင့်မြေသဖွယ် ဖြစ်နေလေသည်။
လစဉ်အဆင့်များတွင် နတ်ဘုရားများကို သုတ်သင်ခြင်းက ခြောက်သောင်းကျော်သော်လည်း ကောင်းကင်ဘုံ အောက်ဝယ်က တစ်သောင်းပင် မရောက်ချေ။
ရောင်းအားအဆင့်က ပိုပင် ဆိုးသေးသည်။
ရောင်းအားအဆင့်က တစ်သောင်း၌ တန့်နေသည်။ အကယ်၍ ဝတ္ထုတစ်ပုဒ်၏ ရလဒ်က ကောင်းနေပါက အခြား ဝတ္ထုများ၏ ရောင်းအားက ကျသွားမည်ပင်။
ပထမနေရာမှ နတ်ဘုရားများကို သုတ်သင်ခြင်းသည် ၉၉၉၉ ရှိပြီး ဒုတိယနေရာမှ ရောင်းအားမှာပင် တစ်ထောင် ကျော်ရုံမျှသာ ရှိသည်။
ဆယ်ဆပင် ကွာခြားနေပါတကား။
သမိုင်းတစ်လျှောက်တွင် ကွာဟချက် အကြီးဆုံး အဖြစ် မှတ်တမ်းဝင်သွားသည်။ ယင်းက တော်တော်များများကို မှင်တက်စေပြီး အချို့ဆိုလျင် စနစ်အမှားဟုပင် ထင်မှတ်မှားကြသည်။
စာရေးဆရာ တော်တော်များများသည်လည်း ရောင်းအားအဆင့်ကို ကြည့်ပြီး အောင့်သက်သက်ဖြင့် ရယ်မော လိုက်မိသည်။ ရောင်းအားမှတ်တမ်း၌ တစ်ရာကျော် တစ်ထောင်ကျော် ရောင်းအားရသူများသည် ယခု အဆင့် ရာဂဏန်းသို့ ထိုးကျသွားသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းက သာမန်ထက် ထူးနေခြင်းကိုသာ အပြစ်တင် ရပေတော့မည်။
နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်က စာဖတ်သူများနှင့် စာရေးသူများကို အံ့ဩစေရုံသာမက အွန်လိုင်း ဝတ္ထု အဖွဲ့အစည်းတစ်ခုလုံးကိုလည်း ထိတ်လန့်သွားစေသည်။
အွန်လိုင်းဝတ္ထုများက အထွတ်အထိပ်သို့ ဦးဆောင်လာသည်ဟုပင် ဆိုရပေမည်။ အထူးသဖြင့် ထိုဝတ္ထုသည် မကျော်ကြားသော ရှန်းရှအမျိုးစား ဝတ္ထု ဖြစ်နေခြင်းပင်။ ၎င်းက ဒဏ္ဍာရီတစ်ခုကို ဖန်တီးသွားလေပြီ။
နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရောင်းအားက နံပါတ်တစ် ဝတ္ထုအဖြစ် ပြသသွားနိုင်ပြီး အချိန် အတော်ကြာပြီးမှ အွန်လိုင်း ဝတ္ထု အဖွဲ့အစည်းက ပြန်လည် စိုးမိုးလာနိုင်ပြီး ခေတ်သစ်တစ်ခုကို ဖန်တီးလာ လေသည်။
[ချီးပဲ နတ်ဘုရားများကို သုတ်သင်ခြင်းက အံ့ဩစရာကောင်းမှန်း ငါ သိပင်မယ့် ဒါက လွန်တယ်ကွာ၊ တခြား စာရေးဆရာတွေ ဘယ်လို ရှင်သန်ကြမလဲ]
[သူတို့ကြားက ကွာဟချက်ကြီးက ဆိုးလိုက်တာ၊ ဒီဝတ္ထုက ရှိတောင်မရှိသင့်ဘူး၊ အရာရာကို ဟန်ချက် ပျက်အောင် လုပ်နေတာပဲ]
[နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စဦးဝယ်သူစာရင်းကို ငါ သိချင်မိတယ်၊ စံချိန်ကို ချိုးလိုက်နိုင်တယ်ဆိုတာ သေချာတယ်၊ ဘယ်အရေအတွက် ရှိမလဲ မသိဘူး]
[ဒီလိုရလဒ်မျိုးက သရီးလော့ဂ်ကို အတော်လေး ဝန်ပိစေမှာဲ၊ အခုလောက်ဆို သရီးလော့ဂ်ရဲ့ စိတ်အခြေအနေ ဘယ်လို ရှိမလဲ မသိဘူး]
[ဘာလို့ သရီးလော့ဂ်က ထွက်လာပြီး မပြောသေးတာလဲ၊ အရှုံးနဲ့ အဖိခံလိုက်ရလို့ စကားပြောနိုင်စွမ်း ဆုံးရှုံးသွား တာလား]
[ဒီအရှုံးက ကြောက်ဖို့ကောင်းလွန်းတယ်၊ သုတ်သင်ခံရတယ်ဆိုတာက ဘာလဲဆိုတာကို ငါ ဒီနေ့ သိသွားပြီ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက တကယ့်ကို နတ်ဘုရား သုတ်သင်ရေးသမားလိုပဲ]
...
[ငတုံးတွေပါလား၊ မင်းတို့ ဘယ်လိုလုပ် နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ရလဒ်ကို ယုံနေရတာလဲ၊ ဒီရလဒ်က ဖြစ်နိုင်လား၊ သေချာပေါက် ငွေပေးဝယ်ထားတာပေါ့ကွ]
နောက်ဆုံးတွင် သရီးလော့ဂ်က အားမာန်အပြည့်ဖြင့် တုံ့ပြန်လာ၏။
[ဒီလိုရလဒ်မျိုးက လူတွေ အိပ်မက်ထဲတောင် ထည့်မမက်နိုင်တဲ့ အရာပဲ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက ဘာအရည်အချင်းရှိလို့ ဒါကို ရရမှာလဲ၊ ဒါ တရားမဝင်ဘူး၊ အတုပဲ ဖြစ်ရမယ်]
သူ့စကားက ချက်ချင်း သူ့ပရိသတ်များကို ပြောစရာစကား ရသွားစေပြီး ခွေးရူးများသဖွယ် ဝိုင်းဟောင် လေတော့သည်။
[စာရေးဆရာကြီး သရီးလော့ဂ် ပြောတာ အဓိပ္ပာယ် ရှိတယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက ငလိမ်ကောင်ပဲ]
[တကယ့်ကို ဆရာကြီးပါပဲ၊ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တယ်၊ အဲ့လိုက်လျက်နေတဲ့ခွေးတွေက ငတုံးတွေ]
[နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရင်းဇယား အချက်အလက်ကို စုံစမ်းစစ်ဆေးဖို့ website ကို ငါ ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်၊ ဒီလိုငလိမ်မျိုးရဲ့ ဝတ္ထုကို ပိတ်တောင် ပိတ်ပစ်သင့်တယ်]
[ဟုတ်တယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရင်းဇယား အချက်အလက်ကို စုံစမ်းစစ်ဆေးဖို့ website ကို ငါ ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်၊ ငါတို့ မကျေနပ်ဘူး]
...
သရီးလော့ဂ်၏ ဦးဆောင်မှုအောက်တွင် နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာရင်းဇယား အချက်အလက်ကို စစ်ဆေးရန် တောင်းဆိုမှုက အချိန်နှင့်အမျှ ကြီးထွားလာ၏။ ယင်းက တရုတ်စာပေ website ၏ ရာထူးအကြီးပိုင်း များအား ပြဿနာကို ဦးစားပေး၍ ဖြေရှင်းရန် ဖိအားပေးလာလေသည်။
သို့သော် စုံစမ်းစစ်ဆေးပြီးနောက် တရုတ်စာပေ website ဘက်မှ နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာရင်းဇယား အချက်အလက်များအားလုံးက တရားဝင်ပြီး မည်သည့် လိမ်လည်ခြင်းမှ မရှိကြောင်း ကြေညာ လာ၏။ သို့သော် သရီးလော့ဂ်၏ ကောင်းကင်ဘုံအောက်ဝယ်က လစဉ်မဲ နှစ်ထောင်ကျော် ဝယ်ထားသည်ကို တွေ့ရှိခဲ့ပြီး website ဘက်မှ ထိုမဲများကို ပြန်လည်ဖယ်ရှားခဲ့သည်။
ထို့ကြောင့် သူ၏အဆင့်က ဒုတိယနေရာမှ နံပါတ်ရှစ်သို့ ပြုတ်ကျသွားသည်။
ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်များက သရီးလော့ဂ်နှင့် သူ့ပရိသတ်များ၏ တောက်လောင် နေသော စိတ်အားထက်သန်မှုကို ငြိမ်းသွားစေပြီး လူရယ်စရာများ ဖြစ်သွားကြသည်။
ရဲ့လင်းချန်သည် ထုံးစံအတိုင်း အွန်လိုင်းပေါ်မှ ရန်စကားများ၌ ဝင်ပါရန် နေနေသာသာ လိုက်ကြည့်ရန်ပင် စိတ်မကူးပါ။
သို့သော် သူ့ဝတ္ထုက လက်ဆောင်တို့ဖြင့် ပြည့်လျှံနေသည်ကို မြင်သောအခါ သူ အံ့ဩသွားရသည်။ ထိုစဉ် ဒိန်ချဉ်ထံမှ သူ ဂုဏ်ပြုစကား ရလာသည်။ ဒိန်ချဉ်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်က သမိုင်းတွင် တော့မည်ဟု သတင်းစကား ပါးလေသည်။
တစ်ညတည်းနှင့် သူ ၃.၄ သန်း စုဆောင်းနိုင်ခဲ့သည်။ website ဘက်မှ ဝေစုအပိုင်းကို ဖယ်လိုက်လျင်တောင်မှ အကြမ်းဖျင်း ၁.၂ သန်း ကျန်ပေသေးသည်။
အကြမ်းဖျင်း တွက်ကြည့်ရုံနှင့်တင် ရဲ့လင်းချန် သူ့ကိုယ်သူ လန့်သွားရသည်။
*လခွမ်း*
*ကြောက်ဖို့ကောင်းတယ်ဟ*
လက်ရှိတွင် အဆိုပါရလဒ်အား တစ်စုံတစ်ယောက်က ချိုးဖျက်ရန် မဖြစ်နိုင်လောက်ပေ။ ရလဒ်ကပင် အတော်လေး အိပ်မက် ဆန်လွန်းနေ၏။
ထိုအခိုက်တွင် ရဲ့လင်းချန်က စနစ်ထဲမှ သူ၏ ရေပန်းစားမှု အမှတ်ကို ကြည့်လိုက်သည်။ မကြာသေးခင်က တိုက်ရိုက် ထုတ်လွှင့်ခြင်းနှင့် ဝတ္ထုရေးခြင်းတို့က သူ့အား ရေပန်းစားမှုကို ဖြည်းဖြည်းနှင့် မှန်မှန် တိုးလာစေသည်။ သူသည် ရေပန်းစားမှု အမှတ် ၈၉၀,၀၀၀ မှ ၉၅၆,၇၉၈ သို့ ရောက်သွားလေသည်။ အမှတ်တစ်သန်း ပြည့်ရန် နည်းနည်းလေးသာ လိုပေတော့သည်။
မနက်ခင်းအား ပုံမှန်အတိုင်း သူ လည်ပတ်လေသည်။ ထို့နောက်တွင်မူ ရဲ့လင်းချန်ထံသို့ လုဟောင် ဖုန်းခေါ် လာသည်။
"ဆရာရဲ့ အဆင်သင့်ပဲလား၊ ကျွန်တော်တို့ ခင်ဗျားကို လာခေါ်တော့မလို့"
လုဟောင်က မျှော်လင့်နေသော အရိပ်အယောင်တို့ ပါဝင်နေသည့် အသံဖြင့် တလေးတစား ပြောလာသည်။
လွန်ခဲ့သော တစ်လက လုဟောင်သည် ရဲ့လင်းချန်အား Las Vegas မှ လောင်းကစားပြိုင်ပွဲတွင် ဝင်ပြိုင်ပေးရန် တောင်းဆိုခဲ့သည်။ ယနေ့သည်ကား ထိုချိန်းဆိုထားသည့်နေ့ ဖြစ်လေ၏။
"ရတယ်လေ၊ လာခဲ့"
Las Vegas သို့ ခရီးတွင် ရဲ့လင်းချန်သည် အချီကြီးရအောင် လုပ်ရန် စိတ်ကူးထားသည်။
ပန်ဒါ ထုတ်လွှင့်ရေး၏ လုပ်ငန်းလည်ပတ်စရိတ်က အတော်လေး ကုန်ကျသည်။ သူ့တွင် ထုတ်လွှင့်ရေး ပလက်ဖောင်းကို ကြီးပွားအောင် လုပ်ပြီး ဟူယွီ ထုတ်လွှင့်ရေးနှင့် ယှဉ်ပြိုင်ရန် အရင်းအနှီး တော်တော် လိုနေသေးသည်။ ထို့အပြင် သူသည် ရုပ်ရှင်ရိုက်ကူးရေးတွင် ရေပန်းစားမှုအမှတ်များ ပိုရရန် ရင်းနှီးမည်ဟု စိတ်ကူးထားသဖြင့် ယင်းကလည်း အတော်လေး ငွေကုန်ကြေးကျ များပေဦးမည်။
တစ်ချို့နေရာတွင် ပိုက်ဆံသည် ရေပန်းစားမှုအမှတ်နှင့် ညီမျှလေသည်။ ရဲလင်းချန်သည် ပိုက်ဆံ တော်တော် များများ ကုန်သွားသည်ကို အဓွန့်မတက်ပါ။
သူ ဖုန်းပြောပြီးသည်နှင့် လီထိုက်၏ ဖုန်းက ဝင်လာသည်။
"သခင်လေးရဲ့၊ ဒီနေ့ ညသန်းခေါင်မှာ ကျွန်တော်တို့ ရုပ်ရှင်ကို ထုတ်လွှင့်မှာပါ"
လီထိုက်က အက်နေသေ အသံဖြင့် ပြောလာသည်။ အသံအရ အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်သည်။
ရုပ်ရှင်က အမျိုးသားနေ့၌ ရုံတင်မည်ကို ရဲ့လင်းချန် သိထားပါသည်။ သူ မနေနိုင်ဘဲ မေးလိုက်သည်။
"အင်း ... တစ်ခုခု ဖြစ်လို့လား"
"အခြေအနေက သိပ်တော့မကောင်းဘူး"
လီထိုက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့အသံတွင် မကျေနပ်ဟန်တို့ ပါဝင်နေ၏။
"ငါတို့ ရုပ်ရှင်မှာ စူပါစတားတွေ မပါဘူး၊ နာမည်ကျော်တွေ မပါဘူးလေ၊ အမျိုးသားနေ့မှာ နာမည်ကြီးနေတဲ့ ရုပ်ရှင် တော်တော်များများက ပြကြမှာ၊ ငါတို့ ရုံတင်ပြနိုင်မယ့် ခွဲတမ်းသက်မှတ်ချက်က အရမ်း ကန့်သတ် ထားလွန်းတယ်"
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
"အရမ်း ကန့်သတ်ထားတယ် ဟုတ်လား၊ ဘယ်လောက်မို့လို့လဲ"
"အမျိုးသားနေ့မှာ ရုပ်ရှင်ကားကြီး ခြောက်ကား တင်မှာ၊ ငါတို့ ရုံတင်နိုင်မယ့် ခွဲတမ်းက ငါးရာခိုင်နှုန်းပဲ ရှိတယ်"
လီထိုက် ခါးသီးစွာ ပြောလိုက်၏။
"ငါးရာခိုင်နှုန်း ဟုတ်လား"
ရဲ့လင်းချန်၏ မျက်နှာအမူအရာ သုန်မှုန်သွားသည်။ ရုံတင်ပြနိုင်မည့် ခွဲတမ်းက box office ရောင်းအားကို တိုက်ရိုက် သက်ရောက်စေသည်။ ရုံတင်ခွင့် ဘာမှမရှိပါက ကြည့်ရှုသူက လက်မှတ်ပင် ဝယ်မည် မဟုတ်ပါ။ သူတို့ ဘယ်လိုလုပ် လက်မှတ် ရောင်းနိုင်ပါမည်နည်း။
"ဝူဟန်ကြောင့် ငါတို့ ရုံတင်ပြနိုင်မယ့် ခွဲတမ်းသတ်မှတ်ချက် နိမ့်သွားတာလို့ ငါ ယုံတယ်၊ ဒါ ငါတို့ကို အပြတ် ရှင်းချင်တဲ့ နည်းလမ်းတစ်ခုပဲ"
လီထိုက် သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောသည်။
"ဝူဟန်ရဲ့ "ငါက သူရဲကောင်း" က ရုံတင်ပြသခွင့် ခွဲတမ်းသတ်မှတ်ချက် သုံးဆယ် ရာခိုင်နှုန်း ရှိတယ်၊ ပြီးတော့ ရှောင်ချန်လင်ရဲ့ နာမည်ကျော်နေတဲ့ ဟာသကား "ပြန်ပေးဆွဲခြင်း" က နှစ်ဆယ့်ငါး ရာခိုင်နှုန်း၊ နောက်ရုပ်ရှင် သုံးခုလုံးက အနည်းဆုံး ဆယ်ရာခိုင်နှုန်းကျော်လောက် ရထားတယ်၊ ငါတို့ ရုပ်ရှင်တစ်ခုတည်းက ခွဲတမ်း အနိမ့်ဆုံးပဲ"
...

ကျုပ်က ပါရမီရှင် (Chapter 201-400)Donde viven las historias. Descúbrelo ahora