Chapter 246

554 53 0
                                    

စာစဉ် 17 Chapter 246 မီယာကို၏ သဘောတူညီချက်

အသံက ပြတ်သား၍ အိမ်ထဲ၌ သေသေချာချာ ကြားနေရသည်။
မီယာကိုသည် အစပိုင်း၌ အံ့ဩနေပြီး မယုံနိုင်သော မျက်နှာထားနှင့် ဖြစ်နေကာ သူမ အပြစ်ပေးရသည့် အဖြစ်ကို နားမလည်နိုင် ဖြစ်နေ၏။
မိဘက ကလေးတစ်ယောက်ကို ဆုံးမသကဲ့သို့ သူမ ဆုံးမခံနေသည်တဲ့လား။
သူမက ခန္ဓာကိုယ်ကို တွန့်လိမ်၍ လွတ်ရန် ရုန်းကန်လေသည်။
"သေနာကောင်ကြီး၊ အမှိုက်ကောင်၊ နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ နင် စောင့်နေလိုက်၊ ငါ နင့်ကို သတ်ပစ်မယ်"
ရဲ့လင်းချန်က မီယာကို စိုက်ကြည့်နေပြီး သူ့စိတ်က တည်ငြိမ်မြဲ တည်ငြိမ်နေသည်။ မီယာကိုသည် ဂျပန်နိုင်ငံမှ လောင်းကစားဘုရင်၏ တပည့် ဖြစ်သည်။ တရုတ်လူမျိုးများ ဘယ်လို ခက်ခက်ခဲခဲ ရှာထားရသည့် ပိုက်ဆံများကို သူ ဘယ်လောက် အပိုင်သိမ်းသွားသလဲ မသိနိုင်ပါ။ ထို့အပြင် သူသည် တရုတ်နိုင်ငံနှင့် ရင်းနှီးမှု မရှိပါ။ ထိုအကြောင်းပြချက်များနှင့်တင် သူ့တွင် နည်းနည်းလေးမျှ အပြစ်ရှိသောစိတ် မခံစားမိပါ။
"ကြည့်ရတာ မင်းအခြေအနေကို မင်း နားမလည်သေးတဲ့ပုံပဲ"
ရဲ့လင်းချန်က ကြက်တောင်မွေးကို မြောက်၍ မီယာကို၏ လက်ကို ထပ်ရိုက်လေသည်။
"ဖြန်း"
မီယာကို၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး လက်တစ်ခုလုံး ထုံကျဉ်လာသည်ကို ခံစားမိသွားသည်။
ထုံကျဉ်သော ခံစားချက်က သူမခန္ဓာကိုယ်တစ်ခုလုံးသို့ လျှပ်စီးသဖွယ် ပျံ့နှံ့သွားပြီး သူမစိတ်ထဲ၌ ကြောက်စိတ်နှင့် ဒေါသစိတ်တို့ ထွက်ပေါ်လာ၏။ သူမမျက်နှာက နီရဲနေပြီး ခြေထောက်များကို ကန်ကျောက်၍ ရဲ့လင်းချန်ကို ကန်ရန် ကြိုးစားနေလေသည်။
"နင် သေပြီသာမှတ်၊ ငါ ဒါကို လုံးဝ မမေ့ဘူး"
မီယာကို၏ အသံက တုန်ယင်စ ပြုလာသည်။
"မင်း အိမ်အကူဝတ်စုံကို ဝတ်မှာလား"
ရဲ့လင်းချန်၏ နူးညံ့သော အသံက မီယာကို၏ နားထဲ တိုးဝင်လာသဖြင့် သူမ၏ ရှက်စိတ်ကို ပို၍ တိုးလာစေ၏။
"ဆုတောင်းလေ"
မီယာကိုက မျက်နှာကိုတင်း၍ ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။
သူမ ထိုသို့ပြောပြီးသည်နှင့် သူမလက်ဝါးကို ခပ်ပြင်းပြင်း ထပ်အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပူခနဲ ဖြစ်သွားသော ခံစားချက်က သူမကို တော်တော်လေး နာကျင်စေပြီး ဒေါသမီးကို ပို၍ လောင်စာ ဖြည့်ပေး လိုက်သလို ဖြစ်သွားလေသည်။
"မင်းကိုယ်မင်း ဟုတ်လှပြီလို့ ထင်နေတုန်းလား၊ မင်းက ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်လား၊ မင်း အခု တရုတ်မှာ ရှိနေတာ၊ မင်းက ငါ့အစေခံ၊ လောင်းကစားဘုရင်ရဲ့ တပည့် မဟုတ်ဘူး"
"ဖြန်း ဖြန်း ဖြန်း"
ရဲ့လင်းချန်က သူမအား အပြစ်ပေးရသည်ကို စွဲလမ်းနေသကဲ့သို့ ခပ်သွက်သွက် ရိုက်လေသည်။ တစ်ချက်ပြီး တစ်ချက် ရိုက်လိုက်သဖြင့် မီယာကို၏ လက်ဝါးလေးက အပူလောင်သကဲ့သို့ နီမြန်းလာ၏။
သူသည် မောက်မာနေသော ဤအမျိုးသမီးအား ပညာပေးချင်နေပြီး သူမအခြေအနေကို သတိပြုစေကာ သူမ၏ စိတ်ကြီးဝင်နေသော စိတ်ကို ပျောက်သွားစေချင်နေသည်။
ရဲ့လင်းချန် အရှိန်ရလာသည်နှင့်အမျှ မီယာကို ညည်းတွားမိသည်။ တစ်ကိုယ်လုံး ထုံလာပြီး အားမရှိတော့သကဲ့သို့ ခံစားလာရသည်။ သို့သော် သူက အားကို ချိန်ဆထားသဖြင့် သူမခန္ဓာကိုယ်အား မနာကျင်စေဘဲ နာသလိုသာ ခံစားရစေသည်။
မီယာကို၏ မျက်နှာ နီရဲလာလေသည်။ သူမခန္ဓာကိုယ်က တုန်နေပြီး မျက်လုံးထဲတွင် အရှက်ရစိတ်တို့ ပြည့်နှက် နေ၏။ သူမသည် ငယ်ငယ်လေးကတည်းက ဘယ်နေရာသွားသွား အမြဲ လေးစားခြင်း ခံခဲ့ရသည်။ သူမ ဘေးပတ်ဝန်းကျင်မှ လူများသည် သူမကို ရယ်ချင်သလိုပင် မကြည့်ရဲပါ။ ရဲ့လင်းချန်၏ လက်ထဲ၌ သူမ ဤသို့ လှောင်ပြောင်ခံရလိမ့်မည်ဟု သူမကိုယ်သူမ ထင်မထားမိပေ။ ဤသည်က သူမကို ရူးမတတ် ဖြစ်လာစေပြီး သူမ အော်ဟစ်လိုက်သည်။
"ငါ နင့်ကို အစွမ်းကုန် တိုက်ခိုက်မှာ"
သူမက ဘေးကိုလှည့်၍ ရဲ့လင်းချန်ကို ကိုက်လေသည်။ သူ အလျင်အမြန် တုံ့ပြန်လိုက်မိ၍သာ သူမကို ထိန်းလိုက် နိုင်ခဲ့သည်။
မီယာကို ကိုက်မည်ကို သူ မကြောက်ပါ။ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကို သင်ယူပြီးနောက် သူ့ခန္ဓဦကိုယ်က တစ်နေ့တခြား သန်မာလာသည်။ သူ့ကြွက်သားများက မီယာကို၏ သွားများအား ကျိုးသွားစေမည်ကိုသာ သူ စိုးရိမ်ခဲ့ခြင်း ဖြစ်လေသည်။
"ဖြန်း ဖြန်း ဖြန်း"
ရဲ့လင်းချန် ဒေါသထွက်သွားပြီး ဆက်ရိုက်လေသည်။ မီယာကို ရှိုက်သံထွက်လာပြီး ငိုမှသာ သူ ရပ်လိုက်သည်။
အစက ရဲ့လင်းချန်သည် သူ စိတ်ထင်နေသည်ဟု တွေးမိပြီး ရပ်လိုက်မိသည်။ သေချာ နားထောင်ပြီးနောက် ထိုမိန်းကလေး တကယ် မျက်ရည်ကျနေသည်ကို တွေ့လိုက်ရလေသည်။
*မြတ်စွာဘုရား*
*ငါက ဒီလို စိတ်မာတဲ့ အမျိုးသမီးကို မျက်ရည်ကျတဲ့အထိ အပြစ်ပေးမိတာလား*
ရဲ့လင်းချန် မသိမသာ လန့်သွားသည်။ မီယာကိုက မရုန်းတော့သည်ကို မြင်သောအခါ သူ အနည်းငယ် သတိလက်လွတ် ဖြစ်သွားလေသည်။
သို့သော် ဤသို့ အရေးကြီးသော အချိန်မျိုး၌ မီယာကိုအား သူ့ခွန်အားကို သိလာအောင် လုပ်မှဖြစ်မည်ကို သူ သိနေသည်။ ထို့ကြောင့် သူ ကြိမ်းမောင်းလိုက်သည်။
"မင်း ဝတ်မှာလား မဝတ်ဘူးလား"
မီယာကိုက တရှုံ့ရှုံ့ လုပ်နေပြီး ပြန်မပြောချေ။
ရဲ့လင်းချန်၏ လက်များက ထပ်ရိုက်ရန် အသင့်ပြင်လာသည်ကို မြင်သောအခါ သူမ တံတွေးမျိုချ၍ ပြန်ပြော လိုက်သည်။
"ပြီးရော၊ ငါ ဝတ်မယ်၊ ဒါလေးများ ဘာခက်တာ မှတ်လို့"
ထိုအခါတွင်မှ ရဲ့လင်းချန်က လက်ရုတ်လိုက်ပြီး မီယာကိုအား အိမ်အကူ ဝတ်စုံ ပေးလိုက်သည်။ သူမ မျက်ရည်များဖြင့် ဖုံးနေသည်ကို မြင်သော်လည်း သူမအတွက် သူ စိတ်မကောင်း ဖြစ်သလို မခံစားမိဘဲ အေးစက်စွာ ကြည့်နေလိုက်သည်။
"မှတ်ထား၊ အလောင်းအစားက အလောင်းအစားပဲ၊ အခုချိန်ကစပြီး မင်းက ငါ့အစေခံပဲ၊ မင်းရဲ့ ခေါင်းထဲကနေ အဲ့ရူးကြောင်ကြောင် အတွေးတွေ ထုတ်ထားလိုက်တာ ပိုကောင်းမယ်"
မီယာကိုက ရဲ့လင်းချန်ကို အေးစက်စက် ပြန်ကြည့်သည်။ သူမမျက်ဝန်းတွင်း၌ ကြောက်နေသော အရိပ်အယောင်ကို မြင်နေရသည်။ နောက်ဆုံးတွင် သူမက လက်လျှော့ပြီး အိမ်အကူ ဝတ်စုံကို လဲလိုက်သည်။
အစ၌ သူမသည် ရဲ့လင်းချန်က လောင်းကစားတွင်သာ တော်သည်ဟု ထင်ခဲ့မိသည်။ သူက သိုင်းပညာကိုပါ ကျွမ်းကျင်လိမ့်မည်ဟု ထင်မထားမိပေ။ ယင်းက သူ့အား သူမ၏ ရန်သူတော်အဖြစ် ပိုသတ်မှတ်မိစေသည်။
မကြာခင်မှာပင် မီယာကိုက အိမ်အကူဝတ်စုံဖြင့် ပြန်လျှောက်လာသည်။ ၎င်းက အပြာဖျော့ရောင် ဗြောင်ဝတ်စုံဖြစ်ပြီး ဦးခေါင်းထက်တွင် ဆွဲဆောင်မှုရှိသော ယုန်ဘီးကုတ်လေး တပ်ထားသေးသည်။ တစ်ခဏလေး အတွင်းမှာပင် သူမ အရှိန်အဝါက ပြောင်းလဲသွားသည်။
မောက်မာသော အမျိုးသမီးလေး တစ်ဦးမှ ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးအသွင်သို့ ပြောင်းလဲ သွားခဲ့သည်။ သို့သော် သူမမျက်နှာတွင် သုန်မှုန်သော အမူအရာ ပေါ်နေ၏။ သူမက ဂနာမငြိမ် ဖြစ်နေပြီး အနေရခက်စွာ လမ်းလျှောက်နေသည်။ လက်ရှိတွင် သူမလက်များက ပူလောင်နေလေသည်။
"အခုမှပဲ ပိုလိုက်သွားတော့တယ်"
ရဲ့လင်းချန်က ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။
"အခု အိမ်ကို သန့်ရှင်းရေး သွားလုပ်၊ ငါ မင်းကို နောက်မှ လာစစ်မယ်၊ မင်း လိုအပ်ချက်တွေကို မပြည့်မီဘူးဆိုရင်တော့ ငါ ..."
သူက ကြက်တောင်မွေးကို မီယာကိုရှေ့၌ လွှဲယမ်းပြ၍ ခြိမ်းခြောက်လေသည်။
မီယာကို အံကြိတ်လိုက်သော်လည်း အသံမထွက်ရဲပေ။
ထို့နောက် ရဲ့လင်းချန်က အပေါ်ထပ်သို့ တက်သွားသည်။ မီယာကိုကို ဆုံးမခြင်းက မတော်တဆကိစ္စရပ်သာ ဖြစ်ပြီး သူ့ဘဝတွင် အနည်းငယ် ပျော်စရာ ရသွားလေသည်။
နတ်ဘုရားများကို သုတ်သင်ခြင်းသည် လမ်းကြောင်းမှန်ပေါ်၌ ရှိနေပြီး ရလဒ်များက ထိပ်ဆုံး၌သာ ရပ်တည်နေကာ လစဉ်အဆင့်များ စာရင်း၌ နံပါတ်တစ်နေရာကို အခိုင်အမာ ရယူထားသည်။ တစ်ချိန်တည်းမှာပင် တရုတ် စာပေ website တစ်ခုလုံးက ဤရှန်းရှအမျိုးအစား ဝတ္ထု၏ ခေါင်းစဉ်ကိုသာ အစွမ်းကုန် ကြော်ငြာနေ၏။
အထူးသဖြင့် ဇာတ်ကြောင်းက ဖွံ့ဖြိုးလာလေ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပုံစံအမှန်က ပိုပေါ်လာလေ ဖြစ်လာပြီး ရှန်းရှလောက၏ အနှစ်သာရကို အပြည့်အဝ ဖော်ပြနေပြီး စာဖတ်သူများအား ဇာတ်ကောင် တစ်ဦးချင်းစီ၏ အကျင့်စရိုက်ကို မြင်တွေ့လာစေသည်။
အစောပိုင်း အခန်းများက ဇာတ်အိမ်တည်ဆောက်ရုံ သက်သက်မျှသာဟု ဆိုနိုင်ပေသည်။ ယခုအခါတွင် ဇာတ်လမ်း၏ အလယ်ကို ရောက်နေပြီဖြစ်သဖြင့် ဇာတ်အိမ်ကို ပုံဖော်ရန် အချိန်တန်လေပြီ။
ရဲ့လင်းချန်တစ်ယောက် စာရေးသူ ကဏ္ဍထဲသို့ ဝင်လိုက်သည်နှင့် မှတ်ချက်များစွာနှင့် လွှမ်းမိုးခံရလိမ့်မည်ဟု မျှော်လင့်မထားမိချေ. အများစုက များများတင်ပေးရန် ဆော်ဩသည့်စာများပင်။ အပေါ်ဆုံးမှ အောက်ဆုံးအထိ ခုနစ်ဆယ် ရာခိုင်နှုန်းက များများတင်ပေးရန် တောင်းဆိုထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဝေဖန်သော မှတ်ချက်များလည်း ရှိပြီး ထုံးစံအတိုင်း ရဲ့လင်းချန်က ဥပေက္ခာ ပြုထားလိုက်သည်။ ၎င်းတို့အား သူ ဖျက်ပစ်ရန်ပင် ပျင်းနေမိသည်။
သို့သော် အချို့သော ကောမန့်များက ရဲ့လင်းချန်၏ အာရုံကို ဖမ်းစားသွားသည်။
"ငါကဝိုင်ရေ၊ မင်းရဲ့ နတ်ဘုရားများကို သုတ်သင်ခြင်းက ပစ်မှတ်ထား ခံနေရတယ်၊ တစ်ယောက်ယောက်က မင်းကို ရန်ရှာနေပြီ"
"စာရေးသူ ဘယ်မှာလဲ၊ ကျေးဇူးပြုပြီး ပြန်တိုက်ပါဗျို့"
"နတ်ဘုရားများကို သုတ်သင်ခြင်းက သရော်ခံနေရတယ်"
အချို့မှတ်ချက်များက link ပင် တွဲပေးထားသေးသည်။ ရဲ့လင်းချန် မျက်ခုံးပင့်၍ ထို link ကို နှိပ်လိုက်သည်။
ပေါ်လာသည်က ကြီးမားသော စာတန်းတစ်ခုပင်။ ယင်းက မနေ့တစ်နေ့က သတင်းတစ်ခု ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားများကို သုတ်သင်ခြင်းက စတင်ရောင်းချသည်နှင့် အံ့ဩလောက်စရာ ရလဒ်များ ရလာသဖြင့် website ၏ အသည်းအသန် ကြော်ငြာခြင်း ခံရသည့် ပစ်မှတ်တစ်ခု ဖြစ်လာသည်က သဘာဝပင်။
ဒိန်ချဉ်ကလည်း ရဲ့လင်းချန်ကို နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် ဆောင်းပါး ပြင်ထားမည်ဟု ပြောခဲ့သည်။
ခေါင်းစီးမှာ [ဝတ္ထုတစ်ပုဒ်တည်းနဲ့‌ ကျော်ကြားတာက ဒဏ္ဍာရီ မဟုတ်တော့ဘူး၊ ဝတ္ထုအသစ် တစ်ပုဒ်နဲ့ လူသစ် စာရေးဆရာ တစ်ယောက်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက ဒဏ္ဍာရီအားလုံးကို ဖြတ်ကျော်ပြီး တစ်နေ့တည်းနဲ့ သန်းချီရောင်းရတဲ့ ဝတ္ထု ဖြစ်လာပြီ]
ထို့နောက် ၎င်းက နတ်ဘုရားများကို သုတ်သင်ခြင်း၏ နောက်ခံကို မိတ်ဆံထားသည်။ စာအများစုက နတ်ဘုရားများကို သုတ်သင်ခြင်း၏ စတင်ရောင်းချသည်နှင့် ရလာသည့် ရလဒ်ကို ကြော်ငြာ၍ စာရင်းဇယားများကို ချပြလေသည်။
စတင် ရောင်းချပြီးသည်နှင့် လစဉ် အမှတ်ပေးစာရင်း၌ နံပါတ်တစ် ဖြစ်လာခြင်း။
ရာချီသော ငွေအဆင့် အရှင်သခင်များ၏ အားပေးခြင်း ရရှိပြီး လက်ဆောင်များနှင့်တင် ယွမ်သန်းချီ ရရှိခြင်း။
စရောင်းချသည့် နေ့မှာတင် ကြိုက်နှစ်သက်သူ သန်းချီရရှိပြီး ရောင်းအားက ယွမ်သိန်းချီလာခြင်း။
မည်သည့် စာရင်းဇယားမဆိုက လူအများကို မှင်သက်စေ၏။ အဆင့်များအကြောင်း ဘာမှမသိသည့်လူတောင်မှ ယွမ်တန်ဖိုးကို ကြည့်ရုံနှင့်တင် ထိတ်လန့်သွားလောက်သည်။ ယင်းက ငွေများ ပုံနေသည်နှင့် အတူတူပင်။
စာရင်းဇယားများအပြင် ဤဆောင်းပါးက စာဖတ်သူများ၏ ရင်ထဲမှ အွန်လိုင်းစာပေ၏ ပုံရိပ်ကို တိုးမြှင့်နိုင်လိုသည့် မျှော်လင့်ချက်ဖြင့် စတင်မရောင်းချခင် ရဲ့လင်းချန် ရေးထားသည့် ကဗျာကိုပါ တင်ထားလေ၏။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now