Chapter 248

515 48 0
                                    

စာစဉ် 17 Chapter 248 မိမိရုပ်ရှင်ကို ပြန်ကြည့်ခြင်း

မီယာကို ညစာကို ပြင်ပေးပြီးနောက် ရဲ့လင်းချန်က ကျေကျေနပ်နပ် စားပြီးသော်လည်း ကျန်းယွင်ရှီက စားနေဆဲပင်။
"ရပြီ မင်း ညစာစားလို့ရပြီ၊ ပန်းကန်တွေ ဆေးဖို့လည်း မမေ့နဲ့ဦး"
ညစာကို ကျေနပ်သွားသဖြင့် ရဲ့လင်းချန်က မီယာကို၏ မျက်ဝန်းတွင်းမှ ငြိမ်၍ အာခံနေသော အရိပ်အယောင်ကို လျစ်လျူရှုကာ အပေါ်ထပ်သို့ တက်သွားလေသည်။
မီယာကို စားပွဲ၌ တစ်ယောက်တည်း ထိုင်နေမိသည်။ သူမ၏ ရှေ့လျှောက် ဆိုးရွားတော့မည့် ဘဝကို တွေးမိပြီး သူမစိတ်ထဲ၌ ဝမ်းနည်းစိတ်တို့ လှိုက်တက်လာပြီး မျက်လုံးများ နီရဲလာသည်။
သူမကိုယ်သူမ ဤမျှ ဝမ်းနည်းစရာကောင်းသော အခြေအနေသို့ ရောက်လိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပေ။ ဤသည်က အလွန် သနားစရာ ကောင်းလှပြီး မမျှတချေ။
လောင်းကစားဘုရင်၏ တပည့်က ဤသို့သော အခြေအနေသို့ ရောက်နေသည်ကို တစ်ယောက်ယောက်သာ မြင်သွားပါက သူတို့ မျက်လုံးများ ပြူးကျယ်သွားလောက်သည်။
နောက်တစ်နေ့တွင် ...
ရဲ့လင်းချန်က ရှောင်ဖေးဖေးနှင့် သဘောတူထားသော နေရာသို့ ရောက်နေလေပြီ။
ရှောင်ဖေးဖေးက မျက်မှန်တစ်လက် တပ်ကာ အနက်ရောင် အမျိုးသမီးဝတ် လက်ပြတ်အင်္ကျီကို ဝတ်ထားပြီး ကုတ်အင်္ကျီ အရှည်ကိုပါ ထပ်ဝတ်ထားကာ ဦးထုပ်ဆောင်းထားသည်။ သူမပုံစံက နတ်သမီးလေးတစ်ပါးနှင့် တူနေလေသည်။
"လင်းချန် နင် ရောက်လာပြီပဲ"
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို မြင်သွားသောအခါ အားတက်သွားပြီး ချက်ချင်း သူ့အနားသို့ လျှောက်လာကာ နှုတ်ဆက်လေသည်။
ထိုနေရာ၌ ရပ်နေစဉ်တွင် သူမက လူစိတ်ဝင်စားမှု အခံရဆုံးသူ ဖြစ်နေလေသည်။ သူမမျက်နှာကို ဖုံးထားသော်လည်း ဖြတ်သွားဖြတ်လာများက သူမကို အလိုလို လှည့်ကြည့်ကြသည်။ တစ်ချို့ဆိုလျင် အနားသို့ လာပြီး ပရောပရည် လာလုပ်သဖြင့် သူမ လူသိခံရမည်ကို‌ စိုးရွံကာ စိတ်ဖိစီးနေခဲ့သည်။
"အစ်မဖေးဖေး၊ အစ်မ ဒီနေ့ တကယ် လှနေတယ်"
ရဲ့လင်းချန်က ညင်သာစွာ စနောက်လေသည်။ ရှောင်ဖေးဖေးက အကြည့်လွှဲသွားပြီးနောက် သူ့လက်မောင်းကို မပြောမဆိုနှင့် ဖက်တွယ်လေသည်။ နှစ်ယောက်သား ရုပ်ရှင်ရုံထဲသို့ စုံတွဲသဖွယ် လျှောက်လာကြသည်။
"လင်းချန် ရှောင်ဟွေနဲ့ ရှောင်ချင်က ဘယ်မှာလဲ"
ရှောင်ဖေးဖေး မေးလိုက်သည်။
ရဲ့လင်းချန်က သူ့ရင်ဘတ်ကို ပုတ်ပြပြီး သူ့အဝတ်အစားတွင်း၌ ပုန်းနေကြောင်း အရိပ်အယောင် ပြသည်။ ဝံပုလွေ ခေါင်းလေး နှစ်ခေါင်းက အင်္ကျီထဲမှ ပြူထွက်လာပြီး ရှောင်ဖေးဖေးကို ကြည့်လေသည်။
"သူတို့ တော်တော် ထွားလာတာပဲ"
ရှောင်ဖေးဖေးက တအံ့တဩ ပြောဆိုပြီး ဝံပုလွေပေါက်လေးများကို စိတ်ဝင်တစား ကြည့်နေပြီး သူမမျက်ဝန်းတွင် ချစ်ခင်စိတ်တို့နှင့် ပြည့်နှက်နေ၏။
ဝံပုလွေပေါက်လေးများက ယခင်တစ်ခေါက်ကထက် တော်တော်လေး ထွားနေသည်။ သိပ်မကြာခင် အချိန်အတွင်း၌ သူတို့သည် ရဲ့လင်းချန်၏ အဝတ်အစားထဲတွင် ဆံ့တော့မည် မဟုတ်ပါ။
"ဟုတ်တယ် သူတို့က အစားကြီးတယ်လေ၊ တော်တော်လေး ဝိတ်တက်လာတာ"
ရဲ့လင်းချန်က ရယ်နေသည်။
"ငါ သူတို့ကို ချီချင်တယ်"
ရှောင်ဖေးဖေးက စိတ်လှုပ်ရှားစွာ ပြောပြီး ဝံပုလွေပေါက်လေးတစ်ကောင်ကို ချီလိုက်သည်။ ထို့နောက် သူမက တအံ့တဩ ပြောလေသည်။
"သူတို့က တော်တော် လေးတာပဲ"
သူတို့ နှစ်ယောက်လုံး စကား တပြောပြောဖြင့် ရုပ်ရှင်ရုံထဲသို့ ရောက်လာကြသည်။ လူပေါင်းများစွာက လက်မှတ်ဝယ်ရန် တနန်းစီနေကြသည်။ e-tickets လိုင်းတွင်တောင်မှ တန်းစီနေသူများက ရှည်လျားလှသည်။
"နင့်ရုပ်ရှင်ကို ကြည့်ချင်နေတဲ့ လူအုပ်ကြီးကို ကြည့်ပါဦး"
ရှောင်ဖေးဖေးက များပြားလှသော လူအုပ်ကြီးကို ကြည့်ပြီး ပြောလေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက ရဲ့လင်းချန်ကို ဆွဲဆိတ်ကာ နှုတ်ခမ်းစူသွားသည်။
"ဟွန့် နင်က ငါ့ကို နင့်ရုပ်ရှင်ထဲမှာတောင် မပါခိုင်းဘူး"
ရဲ့လင်းချန် မချိပြုံးပြုံး၍ ခေါင်းခါလိုက်မိသည်။ ရှောင်ဖေးဖေးက သူ့ကောင်မလေး ဖြစ်ရသည့် ခံစားချက် ဝင်နေပုံရသည်။
ရုပ်ရှင်ရုံက ပွဲမစခင် ဆယ်မိနစ်အလို၌ ဖွင့်ပေးလေသည်။ လူမသိစေရန်အတွက် ရှောင်ဖေးဖေးက သူမတို့အတွက် ထောင့်ကျသော စုံတွဲခုံကို ဝယ်ထားသည်။
တစ်ချက်ကြည့်လိုက်လျင် ရုပ်ရှင်ရုံတစ်ခုလုံးက လူရာဂဏန်းမျှ ဆန့်ပုံပေါ်သော်လည်း ခုံအားလုံးက လူပြည့်နေသည်။
ရုပ်ရှင် စပြရန် ငါးမိနစ်လိုသေးသော်လည်း ခုံများက အပြည့်ပင်။ ရှေ့ဆုံးတန်းတောင်မှ လူပြည့်နေ၏။ ယင်းအား ထူးဆန်းသည်ဟု ဆိုရပေမည်။
လူများသဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုသံများကလည်း တစထက်တစ်စ ကြီးထါားလာသည်။ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ပြည့်နှက်နေ၏။
"ရုပ်ရှင်က စတော့မယ်၊ ပြောကြတဲ့အတိုင်း ကောင်းပါ့မလား ငါ သိချင်မိသား"
"တအား စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ ဝိုင်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ငါ သိနေတယ်၊ ဟော်ရန်ကျားရဲ့ အစပိုင်း အဆင့်တွေက အဲ့လောက် နိမ့်နေတာကို ငါဖြင့် ယုံတောင် မယုံနိုင်ဘူး"
"ဒီလောက် လူအများကြီး လာလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး၊ ဒီရုပ်ရှင်က ဘယ်လောက် နာမည်ကြီး နေတာလဲ"
"ဘရို ခင်ဗျား အဲ့လောက်တောင် မသိဘူးလား၊ အခု ဟော်ရန်ကျားရဲ့ လက်မှတ်တွေက နေရာတိုင်းမှာ ရောင်းကုန် နေတာလေ၊ ရှေ့ဆုံးတန်းက ခုံကို ရရင်တောင် ကံကောင်းနေပြီ"
"ငါလုပ်တာ မြန်သွားလို့ ကံကောင်းတယ်၊ ဒီနေ့ ဟော်ရန်ကျားက အပို ရုံတင်ချိန် ရှိဦးမယ်လို့ ငါ ထင်မထားမိဘူး၊ လက်မှတ်တွေက ခဏလေးနဲ့ ကုန်သွားတာ"
...
လူအုပ်ကြီးတွင် အများစုက လူငယ်များ ဖြစ်ပြီး အတွဲများ ပိုများလေသည်။ အချို့က အဖွဲ့လိုက် လာကြသည်။
နောက်ဆုံးတွင် နောက်ခံ တေးဂီတ ပွင့်လာပြီး ရုပ်ရှင် စပြလေသည်။
စစချင်းတွင် ဟော်ရန်ကျား၏ ငယ်ဘဝကို ပြသထားသည်။ သူ့ဖခင်သည် သိုင်းသမားတစ်ဦး ဖြစ်ပြီး တစ်စုံတစ်ယောက်နှင့် နေ့စဉ် ပြိုင်ကွင်းထဲ၌ တိုက်ခိုက်နေခဲ့သည်။ သို့သော် သူ့ဖခင်က သူ့အား သိုင်းပညာ လေ့လာခြင်းမှ တားမြစ်ထားပြီး သူ့အား ဘယ်လို စာဖတ်ရမလဲ ဆိုသည်ကိုသာ အတင်း သင်ခိုင်းခဲ့သည်။
တစ်နေ့တါင် သူ့ဖခင်သည် သူ၏ မာန်မာနကြောင့် ရှုံးနိမ့်သွားခဲ့ပြီး ကျင်းမန်၏ အတော်ဆုံးဟူသည့် ဘွဲ့ကို ဆုံးရှုံးခဲ့သည်။ ထိုဖြစ်ရပ်က ဟော်ရန်ကျား၏ စိတ်ထဲ၌ အမြစ်တွယ်သွားခဲ့သည်။
သူ့ဖခင်က အဘယ်ကြောင့် သိုင်းပညာနှင့် ဂုဏ်သိက္ခာကို တန်းတူ တန်ဖိုးထားလဲ သူ နားမလည်နိုင်ပါ။ ထိုအချိန်မှစ၍ သူ့ကိုယ်သူ နောင်အနာဂတ်၌ ကျင်းမန်၏ အတော်ဆုံး ဖြစ်ရမည်ဟု သန္နိဋ္ဌာန် ချခဲ့လေသည်။
ရုပ်ရှင်၏ အစပိုင်းသည် ပြိုင်ကွင်းမှ တိုက်ပွဲများကိုသာ ဦးတည်ထားသည်။ တိုက်ပွဲများ တစ်ပွဲပြီး တစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဟော်ရန်ကျား၏ ကြီးပြင်းလာမှုကို ပြသထားလေသည်။ သူ၏ တိုက်ပွဲကို ခုံမင်စိတ်ကြောင့် သူ့ပြိုင်ဘက်များနှင့် နေ့စဉ် သူ တိုက်ခိုက်နေခဲ့သည်။ သူသည် သန်မာလွန်းသဖြင့် သူ့အား ဆန့်ကျင်သူအားလုံးကို အနိုင်ယူနိုင်ခဲ့သည်။
ထို့အပြင် သူသည် အလွန် မာနကြီး၍ မောက်မာကာ အကြံပေးမှုများကို နားမထောင်တတ်ပေ။
ထိုအခိုက်တွင် ရုပ်ရှင်က ၎င်း၏ အထွတ်အထိပ်သို့ တဖြည်းဖြည်း ကူးပြောင်းလာသည်။ တစ်ခုခု ဖြစ်လာတော့မည်ဟု လူတိုင်း ခံစားမိလာပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက် ဖြစ်ပေါ်လာ၏။
တော်တော်များများက ရုပ်ရှင်ထဲ နစ်မျောနေပြီး မျက်လုံးများက ပိတ်ကားထံတွင်သာ ငြိတွယ်နေသည်။ ပေါက်ပေါက်ဆုပ်ကို ထိမိသူပင် မရှိသလောက် ရှားလှလေသည်။
နောက်ဆုံးတွင် ဟော်ရန်ကျား၏ တပည့်တစ်ယောက် ဒဏ်ရာ ရလာသည်။ သူသည် အခြေအနေအား ထပ်၍ မစုံစမ်းဘဲ တစ်ဖက်လူကို တန်း၍ ပြဿနာ ရှာခဲ့သဖြင့် ထိုအချိန်က အတော်ဆုံး သိုင်းပညာရှင်ဖြစ်သည့် အကြီးအကဲချင်နှင့် ယှဉ်ပြိုင်ခဲ့ရသည်။
အကြီးအကဲချင်က သန်မာပေသည်။
သူတို့ တိုက်ခိုက်နေသည့် အခန်းတွင် နှစ်ယောက်လုံး၏ လှုပ်ရှားမှုများက ရုံထဲမှ ကြည့်ရှုသူများအား အသက်မရှူနိုင်အောင် လုပ်နိုင်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် လူတော်တော်များများက ရင်တဒိန်းဒိနး် ခုန်နေကြသည်။ ဤသို့သော အက်ရှင်ခန်းအား အခြားနေရာများ၌ ရှာမတွေ့နိုင်ပါ။
ရင်သက်ရှူမောစရာပင်။ လက်တွေ့ဆန်လွန်းလှ၏။
ထို့အပြင် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက တိုက်ပွဲ၏ အသက်ဖြစ်ပြီး ကြည့်ရှုသူများ၏ စိတ်နှလုံးကို ဖမ်းစား နိုင်ခဲ့သည်။ ယင်းက သိုင်းလောက အစစ်ပင်။ ဤသို့သော တိုက်ပွဲမျိုးက သေခြင်းရှင်ခြင်း တိုက်ပွဲ၏ အစစ်အမှန် ရုန်းကန်မှုများပင်တည်း။
အဆုံးတွင် ဟော်ရန်ကျား နိုင်သွားပြီး အကြီးအကဲချင် သေဆုံးသွားခဲ့သည်။
သို့သော် ရုပ်ရှင်ပိတ်ကားထံမှ အရောင်များက မည်းမှောင်လာသည်။ ဟော်ရန်ကျားသည် သူ၏ လုပ်ရပ်များ အပေါ် စတင်၍ နောင်တရလာခဲ့သည်။
အကြီးအကဲချင်၏ ဈာပနကို သူ တက်ရောက်ခဲ့သည်။ သူ ပြန်ရောက်ချိန်တွင် သွေးထွက်သံယို မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရလေသည်။ သူ့ဇနီးနှင့် သမီးသည် ရန်သူများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ထိုအခါတွင်မှ အဘယ်ကြောင့် သူ့ဖခင်က သိုင်းပညာနှင့် မာန်မာနတို့ကို တန်းတူထားပြီး တတ်နိုင်ချိန်တိုင်း အမြဲ ခွင့်လွှတ်ခဲ့ရသည့် အကြောင်းရင်းကို သူ နားလည်သဘောပေါက်သွားခဲ့သည်။
ဇာတ်လမ်းထဲတွင် မိုးများ ဆက်လက် ရွာသွန်းနေပြီး ရုပ်ရှင်ရုံထဲ၌ အခြေအနေက ထိုင်းမှိုင်းနေသည်။
ဟော်ရန်ကျားက မြစ်ထဲခုန်ချရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် မထင်မှတ်ဘဲ မြစ်ရေစီးကြောင်းအတိုင်း သူ မျောပါသွားပြီး အေးချမ်းသော ရွာငယ်လေး တစ်ရွာသို့ ရောက်သွားခဲ့လေသည်။
ထိုရွာတွင် အမျိုးသားများက လယ်ယာစိုက်၍ အမျိုးသမီးများက ကောက်ရိတ်သိမ်းကြသည်။ သူတို့၏ ဘဝက ရိုးရှင်းသော်လည်း မည်သည့် တိုက်ခိုက်ခြင်းများ၊ ရန်ငြိုးများ မရှိဘဲ အေးချမ်းပျော်ရွှင်စရာ ကောင်းလှသည်။ ထိုနေရာ၌ သူ အချိန်အတော်ကြာအောင် တောင့်တနေခဲ့သော အေးချမ်းမှုကို ရှာတွေ့ခဲ့သည်။
ထိုအခိုက်တွင် ရုပ်ရှင်ရုံထဲ၌ ရှိုက်သံများ ထွက်လာပြီး ကြည့်ရှုသူများထံမှ ကြေကွဲဝမ်းနည်းသံများ ပေါ်ထွက် လာ၏။
ရုပ်ရှင်က ဟော်ရန်ကျား၏ ဘဝအကြောင်း ပြသနေသော်လည်း ကြည့်နေသူများသည် သူတို့၏ ဘဝကို ပြန်မြင်နေကြသည်။ ဟော်ရန်ကျား၏ လူငယ်ဘဝသည် သူတို့အများစုနှင့် တူလှသည်။ သူတို့သည် မောက်မာပြီး မာနကြီးခဲ့ကြသည်။ အေးချမ်းသော ဘဝသည်သာ ဘဝ၏ နောက်ဆုံး ပန်းတိုင်ဖြစ်ကြောင်း အချိန်အတော်ကြာမှ သိရှိခဲ့ရသည်။
ဟော်ရန်ကျားသည် ထိုရွာ၌ အတော်ကြာအောင် နေခဲ့သော်လည်း နောက်ဆုံးတွင် သူ ရွာမှ ထွက်လာခဲ့သည်။ သူ့နေရာဟောင်းသို့ ပြန်သွားပြီး ကြည့်ချင်ခဲ့မိသည်။
သို့သော် သူ ပြန်ရောက်သွားသောအခါ အံ့ဩခဲ့ရလေသည်။ တစ်လောကလုံးက ပြောင်းလဲ၍ နေ၏။
နေရာတိုင်းတွင် အနောက်တိုင်းသားများနှင့် ပြည့်နေပြီး တရုတ်လူမျိုးများ ကျွန်ပြုခံနေရသည်။ လူတိုင်းက နေ့ရက်တိုင်းကို အကြောက်တရားဖြင့် ကျော်ဖြတ်နေရသည်။ အတိတ်အခါက စည်ပင်သာယာခဲ့သော မြင်ကွင်းမျိုး မရှိတော့ဘဲ စိတ်ဓာတ်ကျစရာ မြင်ကွင်းသာ ရှိနေလေတော့သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now