Chapter 250

584 50 0
                                    

စာစဉ် 17 Chapter 250 မတော်တဆမှု

ဆာဖာရီဥယျာဉ်သည် နိုင်ငံတွင်း၌ အကြီးဆုံး ဆာဖာရီ ဥယျာဉ်များထဲမှ တစ်ခုဖြစ်ပြီး ကြယ်ငါးလုံး အဆင့်ရှိ ကမ္ဘာ့လှည့် ခရီးသွား ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လေသည်။ ထို့အပြင် ဤဆာဖာရီ၌ အဓိက ဆွဲဆောင်နိုင်သော အရာတစ်ခု ရှိသည်။ ယင်းမှာ ပန်ဒါများ ရှိနေခြင်းပင်။
ပန်ဒါသည် တရုတ်နိုင်ငံ၏ သင်္ကေတဖြစ်သည်။ ၎င်းတို့က ချစ်စရာကောင်းပြီး ပွေ့ဖက်ချင်စရာကောင်းကာ အန္တရာယ် မရှိပေ။ သူတို့သည် အားလုံး၏ ချစ်ခြင်းခံရသော နိုင်ငံ့ရတနာများ ဖြစ်လေသည်။
ဆာဖာရီ ဥယျာဉ်သည် ကန့်သတ်မထားသော ဆာဖာရီ ဖြစ်သည်။ တိရိစ္ဆာန်များကို လွတ်လွတ်လပ်လပ် သွားလာခွင့်‌ ပေးထားသော်လည်း သူတို့၌ သူတို့၏ ကိုယ်ပိုင်နယ်မြေများ ရှိသည်။ ထို့ကြောင့် လူတို့သည် အထဲသို့ ဝင်သည်နှင့် အလွန် သတိထားရမည်ဖြစ်ပြီး ကားထဲမှထွက်၍ စိတ်ရှိသလို သွားလား၍ မဖြစ်ပေ။
အစ်မလင်းက လက်မှတ်များ ဝယ်၍ အထဲသို့ မောင်းဝင်လာ၏။
လမ်းတစ်လျှောက်တွင် ကိုယ်ပိုင်ကားများအပြင် ဆာဖာရီဥယျာဉ်၏ လှည့်လည်သွားလာသည့် ကားများလည်း ရှိသည်။ ယနေ့သည် အလုပ်များသော နေ့တစ်နေ့ ဖြစ်ပြီး ကလေးများ၏ ပျော်ရွှင်စွာ ရယ်မောနေသံများကို ကြားနေရသည်။
ရှောင်ဖေးဖေးက အလွန် စိတ်လှုပ်ရှားနေပြီး ဖြတ်သွားသော တိရစ္ဆာန်များကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေပြီး ကလေးမလေးတစ်ယောက်သဖွယ် ပြုမူနေသည်။
"ဒါ ဆာဖာရီကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား"
ရဲ့လင်းချန် သိချင်သဖြင့် မေးလိုက်သည်။ ရှောင်ဖေးဖေးက နှာခေါင်းရှုံ့၍ မကျေနပ်သလို ပြောလာသည်။
"ဟုတ်တယ်၊ အဲ့ဒါက စည်းကမ်းကို ဖောက်ဖျက်နေလို့လား"
"ဖေးဖေးက အနုပညာလောကထဲကို ငယ်ငယ်ကတည်းက ဝင်ခဲ့တာ၊ သူက အမြဲ သူ့သရုပ်ဆောင် စွမ်းရည် တိုးတက်လာအောင် လေ့ကျင်တာနဲ့ပဲ အချိန်ကုန်ခဲ့တာလေ၊ သူ နာမည်ကြီးလာတော့ အစီအစဉ်မျိုးစုံမှာ အလျင်စလို ဝင်ပါရတယ်၊ သူ့မှာ ဒီလိုအရာမျိုးတွေနဲ့ ပျော်ဖို့ အချိန်မရှိခဲ့ဘူး"
အစ်မလင်းက ကားမောင်းလျက် ရှင်းပြလေသည်။
"စိတ်မကောင်းစရာပဲ"
ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ ရှောင်ဖေးဖေးက ထူးဆန်းသော အကြည့်ဖြင့် ကြည့်လေသည်။
"လူတိုင်းကို နင်လို့ ခဏလေးနဲ့ နာမည်ကြီးလာမယ်လို့ ထင်နေတာလား"
အစ်မလင်းက သရော်လေသည်။
"စူပါစတား တစ်ယောက် ဖြစ်လာဖို့ ဖေးဖေးက အခက်အခဲတွေ အများကြီးကို တောင့်ခံလာရတာ"
"အဆင်ပြေပါတယ်၊ အဲ့ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲကို"
ရှောင်ဖေးဖေးက အပြုံးနှင့် ဘာမှမဖြစ်သလို ဘေးချိတ်ထားလေသည်။
ရဲ့လင်းချန်က ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်ပြီး အတွေးများနေ၏။ သူသည် ပါရမီရှင်စနစ်ကြောင့် ဤသို့ ပြောင်းလဲလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့်သာ မဟုတ်လျင် သူသည် သာမန်လူများထဲမှ တစ်ယောက်သာ ဖြစ်နေလောက်သည်။ လူသိများရန် နေနေသာသာ သူ့လက်ကျန် သက်တမ်းတစ်လျှောက်လုံး စားဝတ်နေရေး အတွက် ပင်ပင်ပန်းပန်း ရှာဖွေနေရလောက်လေသည်။
သူ တကယ်ပင် ကံကောင်းခဲ့သည်။
"တကယ်တော့ ငါ့အိမ်မက်က ငွေရေးကြေးရေး မပူရဘဲ ငါ့ဘဝနဲ့ငါ ပျော်ပျော်နေနိုင်ဖို့ပဲ"
ရှောင်ဖေးဖေးက ပြုံး၍ ပြောပြသည်။
"ဒါဆိုရင် အစ်မက အစ်မအိပ်မက်တွေကို ပိုင်သလောက် ရှိနေပါပြီ"
ရဲ့လင်းချန်ကလည်း အပြုံးနှင့် ပြန်ပြောလေသည်။ ရှောင်ဖေးဖေးက စိတ်အေးလက်အေး ရှိနေပုံ ပေါ်နေသည်က အံ့ဩစရာ မရှိတော့ပေ။ သူမက လွတ်လပ်ပေါ့ပါးသော ဘဝကို ရရှိရန် ကြိုးစားနေသောသူပါတကား။
"ဟီးဟီး တစ်ဝက်လောက်လေးပါပဲ"
ရှောင်ဖေးဖေးက ရယ်နေသည်။
"တစ်ဝက်ပဲလား"
"ဟုတ်တယ် ငါ့ဘဝရဲ့ အချစ်ကို ရှာဖွေပြီး လက်ထပ်ပြီးတော့ ကလေးလေးတွေ မွေးဦးမှာ"
‌ေ၇ှာင်ဖဖးဖေးက စနောက်နေသလို ဟန်ပန်ဖြင့် ပြောပြီး ရဲ့လင်းချန်အား တစ်ချက် ခိုးကြည့်လေသည်။
"မိန်းကလေးတစ်ယောက်အတွက် ဒါက တကယ့်ကို အရေးပါတဲ့ ကိစ္စပဲ"
ရဲ့လင်းချန်က ခေါင်းညိတ်ထောက်ခံ၍ ဘာမှထပ်မပြောတော့ပေ။ ရှောင်ဖေးဖေး ဘာပြောရမှန်းမသိ ဖြစ်သွား လေသည်။
ထို့နောက်တွင် ရဲ့လင်းချန်၏ ပါရမီရှင်ပုံစံ ပေါ်ထွက်လာသည်။ လမ်းတစ်လျှောက်တွင် သူက တိရစ္ဆာန်အားလုံး၏ နာမည်ကို ပြောပြပြီး သူတို့၏ အမူအကျင့်ကို ရှင်းပြသဖြင့် ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့ သူ့ထံမှ ဗဟုသုတ များစွာ ရရှိလာကြသည်။ ထို့အပြင် သူတို့၏ သူ့အပေါ် လေးစားစိတ်က ပိုတိုးလာသည်။
ထို့အပြင် ရဲ့လင်းချန်၏ ရှင်းပြချက်များက ပျော်စရာကောင်းပြီး စိတ်ပြေလက်ပျော် ဖြစ်သည်။ ဧည့်လမ်းညွှန်များ ထက်ပင် ပိုကောင်းသေးသည်။ စကားလေးအချို့နှင့် သူက သူတို့၏ စိတ်ထဲ၌ နက်ရှိုင်းသော ပုံရိပ် စွဲထင်အောင် လုပ်နိုင်ပေသည်။ ကားထဲတွင် ရှောင်ဖေးဖေး၏ ရယ်သံကို မကြာခဏ ကြားနေရသည်။
ထိုအခိုက်တွင် ရှောင်ဟွေနှင့် ရှောင်ချင်တို့က ကားထဲတွင် ခုန်ဆွခုန်ဆွ လုပ်နေ၏။ သူတို့သည် အပြင်မှ တိရစ္ဆာန်များကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး မကြာခဏ အော်ဟစ်ကာ အပြင်မှ တိရစ္ဆာန်များကို အစွယ်ထုတ် ပြလေသည်။
သူတို့မျက်လုံးများက အပြင်သို့ ထွက်ချင်ကြောင်း ပြနေမှန်း ရဲ့လင်းချန် သတိထားမိသည်။
သူက အမြဲတမ်း သူတို့ကို သူ့အနားတွင်သာ ထားခဲ့သည်။ သူတို့ကို လေ့ကျင့်ပေးရန် အပြင်သို့ ခေါ်သွားသော်လည်း သဘာဝက သူတို့၏ အကောင်းဆုံးအိမ် ဖြစ်နေဆဲပင်။
"သနားစရာ ရှောင်ဟွေနှင့် ရှောင်ချင်လေး"
ရှောင်ဖေးဖေးသည်လည်း သတိထားမိကာ ညည်းညူလေသည်။
"ငါတို့သာ သူတို့ကို အပြင်ထုတ်ပေးလို့ရရင် ကောင်းမှာပဲ"
ရဲ့လင်းချန် ရုတ်တရက် အကြံတစ်ခု ရလာပြီး ဝံပုလွေပေါက်လေး နှစ်ကောင်ကို ကြည့်လိုက်သည်။
သူတို့ကို သူ ကောင်းကောင်း လေ့ကျင့်ပေးခဲ့ပြီးသား ဖြစ်သဖြင့် သူတို့ ပျောက်သွားရန် မဖြစ်နိုင်ပေ။ ဤဆာဖာရီတွင် သူတို့ကို ခြိမ်းခြောက်နိုင်သော တိရစ္ဆာန်က အနည်းငယ်သာ ရှိသည်။ အနည်းဆုံးတော့ သူတို့ အသက် အန္တရာယ် ခြိမ်းခြောက်ခံရသည့် အနေအထားမျိုး မရှိနိုင်ပါ။
*သူတို့ကို ... လွတ်လွတ်လပ်လပ် ပြေးလွှားခိုင်းရင် မကောင်းဘူးလား*
"ကောင်းသားပဲ"
ရဲ့လင်းချန်၏ စကားက ရှောင်ဖေးဖေးကို သတိအနေအထား ဖြစ်သွားစေသည်။
"နင် သူတို့ကို လွှတ်ပေးဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား"
"ဟုတ်တယ်လေ"
ရဲ့လင်းချန် ရယ်လိုက်ပြီး ရှောင်ဟွေနှင့် ရှောင်ချင်အား အချက်ပြလိုက်ပြီး သူ့အနောက်မှ လိုက်ခဲ့ပြီး သူ့အမိန့်ကို နားထောင်ကာ ပြဿနာ မရှာရန် ပြောဆိုလေသည်။
ရှောင်ဟွေနှင့် ရှောင်ချင်တို့က စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ရဲ့လင်းချန်ဘေးတွင် တက်ကြွစွာ ခုန်ပေါက်နေ၏။
"ဒယ်ဒီက ငါတို့ကို အပြင်မှာ ကစားခွင့်ပေးလိုက်ပြီကွ၊ အာဝူး ... ငါ အရမ်း စိတ်လှုပ်ရှားနေပြီ"
"မင်း အဲ့သိုးကို မြင်လိုက်လား၊ ငါတို့ အပြင်ထွက်လို့ရရင် သွားခြောက်ရအောင်
"အဲ့အကြံ ကောင်းတယ်လို့ မင်း သေချာ သိလို့လား၊ ဒယ်ဒီ စိတ်ဆိုးသွားမလား မသိဘူး"
"ငါတို့က ခြောက်ရုံလေး ခြောက်တာကို၊ ငါတို့ အခု တော်တော်လေး သန်မာနေပြီလို့ ငါ ထင်တာပဲ"
...
"ငါအချက်ပြတာကို သေချာသတိထားပြီး အချိန်မရွေး ပြန်လာရမယ်"
ရဲ့လင်းချန်က အမိန့်ထုတ်လိုက်ပြီးနောက် အနီးအနား၌ ဘယ်သူမှမရှိချိန်တွင် ကားတံခါးကို မသိမသာ အသာလေး ဟလိုက်သည်။
ရှောင်ဟွေနှင့် ရှောင်ချင်က အူလိုက်ပြီး အလျင်အမြန် ခုန်ထွက်သွားသဖြင့် အရိပ်ကိုသာ မြင်လိုက်ရသည်။
ကားထဲမှ ကြည့်လိုက်ရုံနှင် သူတို့က လွတ်လပ်မှုကို ပြန်ရလိုက်သဖြင့် စိတ်အား တက်ကြွနေကာ စိတ်လှုပ်ရှားစွာ ပြေးလွာပြီး အချို့သော တိရစ္ဆာန်များကို အူကြပြီး မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"သူတို့ အဆင်ပြေပါ့မလား"
ရှောင်ဖေးဖေး စိုးရိမ်လေသည်။
"သူတို့ ပျောက်သွားတာ ဒါမှမဟုတ် အခြားတိရစ္ဆာန်တွေကြောင့် ဒဏ်ရာရတာမျိုးတွေ ဖြစ်လာရင်ရော"
"စိတ်အေးအေးထားပါ၊ အဆင်ပြေပါတယ်"
ရဲ့လင်းချန် ပြုံးလိုက်သည်။
သူတို့ကားက ရှေ့သို့ဆက်၍ မောင်းသွားလေသည်။ ရဲ့လင်းချန်သည် မကြာခဏ ဝံပုလွေအူသံများနှင့် အခြား တိရစ္ဆာန်များ၏ အလန့်တကြား အော်သံများကို မကြာခဏ ကြားနေရသည်။ သူ အောင့်သက်သက်ဖြင့် ရယ်၍ ခေါင်းရမ်းလိုက်မိသည်။
ထိုစဉ် အစ်မလင်း အံ့ဩသွားပြီး ကားကို အရှိန်လျှော့လိုက်သည်။
"အရှေ့မှာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ"
ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ်နေကြသည်။ သူတို့ လှမ်းကြည့်လိုက်သောအခါ အရှေ့၌ ကားတော်တော်များများ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ လူအများက ကားထဲမှ ထွက်လာပြီး တစ်စုံတစ်ရာကို လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။
"ဘာဖြစ်တာလဲ၊ ဘာလို့ သူတို့က ဆာဖာရီထဲမှာ ကားထဲကနေ ထွက်နေကြတာလဲ"
ရှောင်ဖေးဖေး သိချင်စိတ်ဖြင့် မေးလေသည်။
"ဒါက အန္တရာယ်များတဲ့ ဧရိယာနဲ့ နီးနေလောက်တယ်၊ ကျွန်တော် ဆင်းပြီး တစ်ချက် ကြည့်လိုက်ဦးမယ်၊ အစ်မတို့ ဖြည်းဖြည်းချင်း မောင်းလာကြပါ"
ရဲ့လင်းချန် ကားထဲမှ ဆင်းလိုက်သည်။ လူအုပ်ထဲ၌ အမျိုးသမီးတစ်ယောက်က စိုးရိမ်ပူပန်၍ တုန်လှုပ်နေသော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် အဘွားအိုတစ်ယောက်တို့ကလည်း တူညီသော အရပ်သို့ ကြည့်နေကြသည်။ ထိုအဘွားအို၏ အသက်ရှူသံက တိုတောင်း၍ မြန်ဆန်နေသည်။ သူမ မျက်ရည်လည်ရွဲ ဖြစ်ကာ ကြောက်လန့်၍ တုန်လှုပ်နေသည်။ သူမလက်ထဲတွင် ဘုရားပုတီးကုံး ရှိနေပြီး ဘုရားထံ ဆုတောင်းနေ၏။
"ထျန်းထျန်း မြန်မြန် တက်လာခဲ့"
အမျိုးသမီး၏ အသံက စူးရှနေပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"မြန်မြန်၊ နောက်ကို လှည့်မကြည့်နဲ့၊ ဒီကို မြန်မြန် ပြေးလာခဲ့"
လူလတ်ပိုင်းအရွယ် အမျိုးသားက လူအုပ်ကြီးကို အကူအညီ တောင်းလေသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို တုတ်ရှည်ရှည် တစ်ချောင်းလောက် ကူရှာပေးပြီး ကျွန်တော့်သားကို ဆွဲပေးပါဦးဗျာ၊ ကျေးဇူးပြုပြီးတော့ အားလုံး ကူညီပေးကြပါ"
ရဲ့လင်းချန် သေချာအာရုံစိုက်၍ ကြည့်လိုက်သောအခါ ရှေ့ခပ်လှမ်းလှမ်းတွင် ကောင်လေးတစ်ယောက်က ပြန်တက်ရ ခက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ရွှံ့များ ပေကျံကာ စိုးရိမ်နေပုံ ရသည်။
"ဟူး ... ဒီမိဘတွေက ဘယ်လိုလုပ် အဲ့လောက် နမော်နမဲ့ နိုင်ရတာလဲ၊ ဘယ်လိုလုပ် ကိုယ့်ကလေးကို ကားပေါ်ကနေ ဆင်းခွင့်ပေးရတာလဲ"
"အဲ့ကလေးက ရှူးပေါက်ချင်နေတာလို့ ငါ ကြားလိုက်တယ်၊ အစက သူက အနီးအနားက သစ်ပင်နားဆီ လျှောက်သွားတာ၊ ဒါပေမဲ့ မတော်တဆ ခြေချော်ပြီး အောက်ကို ပြုတ်ကျသွားတာလေ"
"ကိုယ့်လူတို့ တစ်ခုခု သွားရှာရအောင်၊ ငါတို့ သူ့ကို ဆွဲတင်နိုင်မလား ကြည့်ရတာပေါ့"
"ဒီနေရာက တော်တော်လေး မြင့်တယ်၊ ပြီးတော့ အရမ်း ကျဉ်းတယ်၊ သူတစ်ယောက်တည်း အပေါ် ပြန်တက်လာဖို့က ခက်လွန်းတာပဲ"
"ဘာလို့ ဆာဖာရီ ကယ်ဆယ်ရေးအဖွဲ့က တအား နှေးနေတာလဲ၊ ဒါ ဘယ်လိုတောင် ကျွမ်းကျင်တာကြီးလဲကွ"
"လခွမ်း ဟိုကို ကြည့်ကြဦး၊ တစ်ခုခု လာနေတယ်"
လူတိုင်း တအံ့တဩ ဖြစ်သွားကြသည်။ အမျိုးသမီးသည် စိတ်ခံစားချက်အားလုံး ပျောက်ဆုံးပြီး မတည်ငြိမ် တော့ချေ။ သူမအသံက ပြောင်းသွားပြီး ထိန်းမရအောင် တုန်ယင်လာသည်။
"ထျန်းထျန်း မြန်မြန် တက်လာခဲ့၊ အနောက်ကို မကြည့်နဲ့၊ မြန်မြန်လုပ် ..."

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now