Chapter 209

679 80 4
                                    

စာစဉ် 14 Chapter 209 အရှင်လတ်လတ် မြင်တွေ့ရသော နတ်ဆေးဆရာ

"ရောင်းရင်းကျန်း မင်း တကယ် အဲ့ကောင်လေးပေါ်မှာ ယုံကြည်ချက် ရှိတာလား"

ပါမောက္ခချန် မနေနိုင်ဘဲ မေးလိုက်သည်။

ပါမောက္ခကျန်းက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလေသည်။

"တကယ်လို့ သူ အရာအားလုံးကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရင် လေပူလက္ခဏာ တုပ်ကွေးကို ရင်ဆိုင်ဖို့ ပိုခက်သွားမယ်၊ အဲ့လိုသာ ဖြစ်သွားရင် ဒီရောဂါကြောင့် လူဘယ်လောက်များများ သေမလဲ ငါ မတွေးတတ်ဘူး"

"လေပူလက္ခဏာ တုပ်ကွေးက ခန့်မှန်းမရနိုင်တဲ့ ရောဂါပဲ၊ ဘယ်သူမှ သေချာပေါက် မကုနိုင်ဘူး၊ ငါလည်း ဘာပဲဖြစ်ဖြစ် မယုံဘူး"

သူတို့အပြင် လူနာများ၏ မိသားစုဝင်များလည်း ရှေ့တိုးရန် ချီတုံချတုံဖြစ်သလို ခံစားနေရသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီး နေ့လယ်သို့ ရောက်လာလေသည်။ ပါမောက္ခကျန်း၏ နဖူးတွင် ချွေးများ စို့နေ'။ အခြေအနေက ဤမျှ အရေးကြီးသောအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း မည်သူမှ ကုသမှုအတွက် ရှေ့တိုးချင်သူ မရှိသေးပေ။

"လဲ့လဲ့၊ လဲ့လဲ့"

ထိုစဉ် လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ စုံတွဲတစ်တွဲ၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းလာပြီး သီးသန့်ခွဲထားသော ဧရိယာမှ ကလေးတစ်ယောက်ကို အော်ဟစ်ခေါ်ဆိုနေကြသည်။

ကလေးမလေး၏ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူမမျက်လုံးများက မှေးလာပြီး မြေကြီးပေါ် လဲကျကာ သလိလစ်သွားလေသည်။

"လဲ့လဲ့"

ကလေး၏ မိခင်က မျက်ရည်လည်ရွဲ ဖြစ်နေလေပြီ။ သူမက မှန်ကို တဒုန်းဒုန်းထု၍ ကူကယ်ရာမဲ့စွာ ငိုယိုနေသည်။

"ဆရာဝန်တွေ ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို ကယ်ပေးပါ"

သူမ ဘေးဘီကို ဝေ့ကြည့်ပြီးနောက် ပါမောက္ခကျန်းနှင့် အခြားသူများကို မြင်သွားပြီး အနားသို့ ချက်ချင်း ပြေးလာသည်။ သူမက ကြမ်းပြင်ပေါ် ဒူးထောက်၍ နဖူးတိုက်ကာ တောင်းပန်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now