Chapter 235

568 61 1
                                    

စာစဉ် 16 Chapter 235 အဆင့်မြှင့်ခြင်း၊ ပထမဦးဆုံး အလတ်အလတ်အဆင့် ပညာ

တရုတ်ကွန်ဖူးက ညတွင်းချင်း ကျော်ကြားလာသည်။ လူပေါင်းများစွာသည် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူစိတ် တို့ကြောင့် အနားပင်မယူနိုင်ကြချေ။
ဝိုင်က တကယ်ကို အရည်အချင်း ရှိတဲ့သူပဲ။
ယနေ့ညတွင် မရေတွက်နိုင်သော လူများသည် ရဲ့လင်းချန်၏ တရုတ် ကွန်ဖူးပညာကို မြင်ပြီးနောက် ဟော်ရန်ကျားကို ကြည့်ရန် စဉ်းစားလာကြသည်။ ထိုအတွေးက ပေါ်လာသည်နှင့် ပြန်ဖျောက်ရန် ခက်လှသည်။ ဝိုင်သာ ၎င်း၌ ဝိုင်သရုပ်ဆောင်လျင် စိတ်လှုပ်ရှားစရာကောင်းသော သိုင်းရုပ်ရှင်ကား ဖြစ်မှာ အသေအချာပင်။
[ငါ မနက်ဖြန် ဟော်ရန်ကျားကို ကြည့်ဖို့ လက်မှတ်တွေ ဝယ်တော့မယ်၊ ရုပ်ရှင်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ရတာပဲ]
[ဟားဟားဟား အပေါ်ကလူရေ ... မင်း အရမ်း နောက်ကျသွားပြီ၊ ငါ ခုနက မနက်အစောပိုင်း ရုံတင်ချိန်မှာ ကြည့်ဖို့ လက်မှတ် ဝယ်ပြီးသွားပြီကွ]
[ချီးပဲကွာ၊ ငါ သိသလောက်ဆို ဟော်ရန်ကျားက ရုံတင်ချိန် တအား နည်းတာကွ၊ တစ်နေ့ကို တစ်ကြိမ်ပဲ ပြတာ၊ အဲ့တော့ ငါ စောင့်ရဦးမယ်]
[ဟော်ရန်ကျားရဲ့ အဆင့်သတ်မှတ်ချက်က နည်းနည်း နိမ့်တယ်နော်၊ သွားကြည့်မယ့်သူတွေ အဲ့ဒါကို မှတ်ထား သင့်တယ်]
[ဝိုင်ကြောင့် ငါ အဲ့ဒါကို ကြည့်ကိုကြည့်မှ ဖြစ်မယ်]
[ငါ ဟော်ရန်ကျားကို ကြည့်ခဲ့ပြီးပြီ၊ ငါ လုံးဝ အာမခံတယ်၊ အဲ့ဒါက တကယ့် ရုပ်ရှင်ကားကောင်း တစ်ခုပဲ၊ မင်းတို့ ကြည့်မိလို့ နောင်တရမှာ မဟုတ်ဘူး]
...
အင်တာနက် ပလက်ဖောင်းတွင် ထိုအကြောင်းသာ နေရာယူထားသည်။ တရုတ်ကွန်ဖူးက အုတ်အော်သောင်းနင်း ဖြစ်စေပြီး တောမီးကဲ့သို့ နေရာအနှံ့ ကူးစက်ကာ အရာအားလုံးကို လွှမ်းမိုးသွားလေသည်။
ထိုညတွင် နေရာပေါင်းစုံ၌ တူညီသော အဖြစ်များ ဖြစ်ပျက်နေ၏။
ကောင်လေး [ကို ငါကသူရဲကောင်းအတွက် လက်မှတ်ကို ငွေပြန်ထုတ်ပြီး ဟော်ရန်ကျားအတွက် လက်မှတ် ဝယ်ခဲ့တယ်]
ကောင်မလေး [ဘာ ... ဒါ ဘာသဘောလဲ၊ အခုချက်ချင်း ပြန်လဲ]
ကောင်လေး [ဝူဟန်လို မိန်းမလိုမိန်းမရကောင်က သိုင်းရုပ်ရှင်ကား ရိုက်တာက ရှက်စရာပဲ၊ ငါ ဝိုင်ကို အားပေးတယ်]
ကောင်မလေး [ငါ့ဟန်ဟန်က ဘယ်တုန်းက ရှက်စရာ ဖြစ်သွားတာလဲ၊ သူက သိပ်ချောတာ၊ ဝိုင်က ကွန်ဖူးကို နည်းနည်းပါးပါးလောက် သိတာ မဟုတ်လား၊ ငါ့ဟန်ဟန်က အတော်ဆုံး]
ကောင်လေး [ငါ ဝူဟန်ရဲ့ ရုပ်ရှင်ကို လုံးဝ မကြည့်ဘူး]
ကောင်မလေး [ဝိုင်က ငါ့ဟန်ဟန်လေးကို အထင်သေးရဲတယ်လေ၊ အဲ့တော့ ငါ ဟော်ရန်ကျားကို သပိတ် မှောက်တယ်၊ ငါက သူရဲကောင်းကို ငါ ကြည့်ရုံတင် မကဘူး၊ ငါ့ဟန်ဟန်ကို အားပေးဖို့အတွက် ငါ့ဘာသာငါ ရုပ်ရှင် လက်မှတ် ဆယ်ခုလည်း ဝယ်ဦးမှာ]
[အမာခံ ပရိသတ်တွေက ကြောက်ဖို့ကောင်းပါလား၊ လမ်းခွဲရအောင်၊ တစ်သက်လုံး ဝူဟန်ရဲ့ ပိုစတာကိုပဲ သွားဖက် နေလိုက်တော့]
...
ထိုသို့သောအချိန်၌ ရဲ့လင်းချန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
သူ မနက်စောစော နိုးလာပြီး အကျင့်အတိုင်း သူ၏ ရေပန်းစားမှုအမှတ်ကို ကြည့်လိုက်သည်။ ကြည့်လိုက်သည်နှင့် သူ ကြက်သေ သေသွားပြီးနောက် သေချာအောင် မျက်လုံးကို ပြန်ပွတ်ကြည့်လိုက်သည်။
သူ၏ ရေပန်းစားမှုအမှတ်က ၉၀၀,၀၀၀ မှနေ၍ ၁,၀၅၂,၇၉၃ သို့ ထူးထူးခြားခြား မြင့်တက်သွားသည်။ တစ်သိန်းနီးနီး တိုးသွားခြင်းပါတကား။
*ဒါက ... အံ့ဩဖို့ကောင်းလိုက်တာ*
သူ ဖုန်းထုတ်၍ ဝေ့ပေါ်ထဲ ဝင်ကြည့်လိုက်သောအခါ သူက ရေပန်းစားသော ရှာဖွေမှုများထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ တကယ်တမ်းတွင် သူသည် ရေပန်းစားနေသော ရှာဖွေမှုစာရင်း၌ ပထမ ဖြစ်နေ၏။
ခေါင်းစီးမှာ "သရုပ်ဆောင်ဝိုင်၏ တရုတ်ကွန်ဖူးပညာ"
ဝေ့ပေါ်မှ မှတ်ချက်များကို သူ ဖတ်လိုက်ပြီးနောက် လူတော်တော်များများက ဝိုင်ကို အားပေးရန်အတွက် ဟော်ရန်ကျားကို ကြည့်ချင်နေကြသည်။
ဤသည်က လုံးဝကို မရည်ရွယ်ထားသည့် ကိစ္စပင်။ အစက သူသည် ဟော်ရန်ကျား၏ အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဟု ခေါင်းပူမတတ် စဉ်းစားနေခဲ့သည်။ မနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားသော အခြေအနေများက အများပြည်သူ၏ အားပေးမှုကို ရရှိသွားစေသည်။
သူ၏ ရေပန်းစားမှု အမှတ်က နောက်ဆုံးတွင် တစ်သန်း ကျော်သွားလေပြီ။ တစ်နည်းအားဖြင့် သူ၏ ပညာ ဗဟုသုတကို အလယ်အလတ်အဆင့်သို့ မြှင့်နိုင်ပြီဟု ဆိုလိုနေသည် မဟုတ်ပါလော။
ရဲ့လင်းချန် နှလုံးခုန်နှုန်း မြန်လာ၏။ နှလုံးက တဒိန်းဒိန်း ခုန်နေပြီး အလွန် စမ်းကြည့်ချင်စိတ် ဖြစ်ပေါ်နေသည်။
သူ၏ အခြေခံ ဗဟုသုတက သာမန် လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီး သူ့အား ကမ္ဘာပေါ်၌ သူမတူသောလူ ဖြစ်အောင် လုပ်ပေးခဲ့သည်။ အလယ်အလတ်အဆင့် ဗဟုသုတက သူ့အား ပျံသန်းနိုင်အောင်ပင် လုပ်ပေးနိုင်လောက်သည်။
ရဲ့လင်းချန် ထပ်၍ တုံ့ဆိုင်းမနေတော့ဘဲ စနစ်ထဲ ဝင်လိုက်သည်။
လက်ရှိတွင် အခြေခံ ပညာဗဟုသုတက စုစုပေါင်း ရှစ်ခု ရှိသည်။ ယင်းမှာ ...
ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံအဆင့်)၊ လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အခြေခံအဆင့်)၊ ရုပ်ဖျက်ပညာ (အခြေခံအဆင့်)၊ အရဟာ လက်သီးစွမ်းအား (အခြေခံအဆင့်)၊ သားရဲယဉ်ပါးခြင်း ပညာ (အခြေခံအဆင့်)၊ ခွေးဘာသာစကား (အခြေခံအဆင့်)၊ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အခြေခံအဆင့်)။
သူ့တွင် အခြေခံအဆင့် ပညာ ရှစ်ခု ရှိသော်လည်း ၎င်းတို့က ရဲ့လင်းချန်ကို အကူအညီမဖြစ်စေဟု ပြော၍မရနိုင်ပါ။ ဤစွမ်းရည် ရှစ်ခုတည်းနှင့်တင် သူ မြို့ကို စိုးမိုးနိုင်ပေသည်။ အကယ်၍ သူ့စွမ်းရည်များကိုသာ အခြေခံအဆင့်မှ အလယ်အလတ်အဆင့်၊ ထို့နောက် အဆင့်မြင့်အဆင့်သို့ တိုးမြှင့်နိုင်ပါက သူ့စွမ်းရည်က မယုံနိုင်စရာ ကောင်းလာမှာ အသေအချာပင်။
*ကဲ ... စလိုက်ကြတော့ပေါ့*
ရဲ့လင်းချန် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ စိတ်အားထက်သန်မှုကြောင့် အသက်ရှူရ ခက်နေသည်။
အလယ်အလတ်အဆင့်သို့ အဆင့်မြှင့်တင်ခြင်း စတင်ပါပြီ။
အဝါရောင် အလင်းတန်းက တောက်ပနေပြီး စွမ်းရည်ပညာ ရှစ်ခုကြား၌ ခေါက်တုံ့ခေါက်ပြန် ပြေးနေသည်။ ရဲ့လင်းချန် စိုးရိမ်ပူပန်နေသလို စိတ်လည်း လှုပ်ရှားမိသည်။
နောက်ဆုံးတွင် အလင်းရောင်က ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အခြေခံအဆင့်) ၌ ရပ်သွားလေသည်။
*အဆင့်မြှင့်သွားမှာက ကွန်ဖူးလား*
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွင်း၌ စိတ်လှုပ်ရှားသော အရိပ်အယောင် ပေါ်လာသည်။
ကွန်ဖူးအပေါ် သူ၏ ချစ်မြတ်နိုးစိတ်က တစ်ကြိမ်တစ်ခါမှ ဆုတ်ယုတ်မသွားချေ။ အချိန်ကြာာလာသည်နှင့်အမျှ သူ ပိုပို၍သာ မျှော်လင့်မိလာသည်။ သူ၏ ဝူရှအိပ်မက်သို့ သူ ပိုပို၍ နီးစပ်လာ၏။
တလျှပ်လျှပ် လင်းလက်နေသော ရွှေရောင် အလင်းနှင့်အတူ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၏ အနောက်မှ စကားလုံးက အခြေခံအဆင့်မှနေ၍ အလယ်အလတ်အဆင့်သို့ ကူးပြောင်းသွားသည်။
ရဲ့လင်းချန်၏ အတွေးထဲတွင် မူလလေ့ကျင့်ရေး အကွက်များအပြင် ပို၍ မတူညီသော သိုင်းကွက်များ ထပ်မံ ဝင်ရောက်လာသည်။ ထိုသိုင်းကွက်များကို အဆီအငေါ်မတည့်ဟု ဆိုနိုင်ပြီး ယင်းတို့က လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပုံပျက်စေလောက်သည်။
အလယ်အလတ်အဆင့် ဖြစ်သောကြောင့် အခြေခံအဆင့်နှင့် ယှဉ်လိုက်လျင် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး၏ ခန္ဓာကိုယ် လိုအပ်ချက်များက ပို၍ မြင့်မားလာသည်။ အမျိုးစုံသော ပစ္စည်းပစ္စယများကို သုံး၍ ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းက ခန္ဓာကိုယ်၏ ကြွက်သားများနှင့် အရိုးများကို ပို၍ ကျစ်လျစ် သန်မာလာစေသည်။ ၎င်းက ကြွက်သားများကို အလိုအလျောက် ထိန်းညှိပေးနိုင်ပြီး အရိုးအနေအထားများအား ယာယီ ပြောင်းလဲ ပေးနိုင်ပေသည်။
ဥပမာအားဖြင့် ဆိုရလျင် လူတစ်ယောက်၏ လက်သီးအားက ပေါင်တစ်ရာဝန်းကျင် ရှိပါက ရဲ့လင်းချန်သည် ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများကို သူ၏ ညာလက်သို့ စုစည်းနိုင်သဖြင့် ညာလက်တွင် သူ့ခွန်အားအကုန်လုံး ရောက်ရှိနေသကဲ့သို့ ဖြစ်သွားပေမည်။ ဤနည်းအားဖြင့် သူ၏ခွန်အားက ပေါင်နှစ်ထောင်အထိ တိုးမြင့်သွားနိုင်၏။
ထို့အပြင် တစ်ယောက်ယောက်က သူ့အား ဓားဖြင့်ခုတ်ရန် ကြိုးစားပါက သူသည် ကြွက်သားအများစုကို တိုက်ခိုက်ခံရသည့် နေရာသို့ စုစည်းနိုင်သည်။ လုံးဝဥဿုံ ကာကွယ်နိုင်သည်ဟု မဆိုနိုင်သော်လည်း ဒဏ်ရာ မပြင်းထန်နိုင်ပါ။
*မိုက်တယ်ဟ*
ရဲ့လင်းချန် မျက်လုံး အရောင်တောက်သွားသည်။ အလတ်အလတ်အဆင့် ဟူသည့်အတိုင်းပင် တိုးတက်မှုများက အခြေခံအဆင့်ထက် ကြီးမားလွန်းလှသည်။ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးနှင့် အရဟာ လက်သီးစွမ်းအား ပေါင်း၍ တိုက်ခိုက်လျင် သေစေနိုင်စွမ်း ကြီးမာလောက်သည်။ လက်သီးတစ်လုံးက အိမ်တစ်အိမ်လုံးကိုပင် ပြိုစေနိုင်လောက်၏။
ရဲ့လင်းချန်သည် ပြည်ပနိုင်ငံတစ်ခု၌ ရောက်နေသဖြင့် သူ့စွမ်းရည်အသစ်ကို စလေ့မကျင့်နိုင်ပါ။
သူ အိပ်ရာမှထ၍ မနက်စာ စားပြီးနောက် မစ္စတာလုနှင့် ချိန်းဆိုထားသော နေရာသို့ သွားလိုက်သည်။
"ဆရာရဲ့"
လုထျန်းရှုံးနှင့် လုဟောင်တို့သည် မနက်စောစောကတည်းက စောင့်နေခဲ့ကြသည်။ သူတို့၏ ပင်ပန်းနေသော မျက်နှာက စိုးရိမ်တုန်လှုပ်ပုံ ပေါ်နေပြီး မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့သည့်ပုံပင်။
ကာစီနိုသို့ သွားနေချိန်တွင် လုဟောင်က ရဲ့လင်းချန်အား အခြေအနေများကို ရှင်းပြလေသည်။
ထိုလောင်းကစား ပြိုင်ပွဲ၌ ပါဝင်သည့် အိမ်ခြံမြေ ကုမ္ပဏီများက ၅၈ ခု ရှိသည်။ ထိုအထဲတွင် ငါးဆယ်က ပြည်တွင်း တရုတ် ကုမ္ပဏီများ ဖြစ်ပြီး ရှစ်ခုက နိုင်ငံခြား အိမ်ခြံမြေ ကုမ္ပဏီများ ဖြစ်လေသည်။
ယခုနှစ်၏ ကောင်းမွန်လှသော မြေနေရာကြောင့် ကုမ္ပဏီများက မထင်မှတ်ထားသော လောင်းကစား အကျော် အမော်များကို ဖိတ်ခေါ်ထားကြသည်။
"နိုင်ငံခြားကနေ ဖိတ်ထားတဲ့သူတွေထဲက လောင်းကစားဘုရင်ရဲ့ တပည့် မီယာကိုကို ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ကျင်းဟမ်က ဖိတ်ထားတာနဲ့ မျက်လုံးပြာမျောက် မန်ကျိုးကို ဝေ့ဟုန်က ဖိတ်ထားတာ၊ အဲ့နှစ်ယောက်အပြင် နန်ရှန်းက လောင်းကစား အရူးလည်း လာတယ်၊ ပြီးတော့ နိုင်ငံခြား ကုမ္ပဏီ ရှစ်ခုလည်း ရှိသေးတယ်၊ သူတို့တွေက သမိုင်းမှာကတည်းက ရှိခဲ့တဲ့သူတွေပဲ၊ သူတို့ကို အထင်သေးလို့ မရဘူး"
လုဟောင်နှင့် လုထျန်းရှုံးတို့ နှစ်ယောက်လုံးက တစ်ညလုံး အချက်အလက်များကို တိတ်တဆိတ် စုဆောင်းခဲ့သည်။ အခြေအနေကို ပိုနားလည်သဘောပေါက်လာသည်နှင့်အမျှ သူတို့၏ စိတ်အခြေအနေက ပိုပို၍ လေးနက်လာ၏။
ရဲ့လင်းချန်က တည်ငြိမ်နေသော မျက်နှာနှင့် အားလုံးကို နားထောင်နေသည်။ သူက အသာတကြည် ခေါင်းညိတ်ပြပြီး ဘာမှမတုံ့ပြန်ချေ။
သူ စိတ်ထဲမှနေ၍ ဈေးကိုစ၍ တွက်ပြီးနေပြီ ဖြစ်သည်။ ကုမ္ပဏီက ငါးဆယ့်ရှစ်ခု ရှိပြီး တစ်ခုစီက ဆယ်သန်းတန် တိုကင်ပြားများ သုံးနိုင်သည်။ ထို့ကြောင့် စုစုပေါင်း ပမာဏက သန်းငါးရာ့ရှစ်ဆယ်ပင်။
အနိုင်အရှုံးကိစ္စကတော့ ...
ပါရမီရှင်တစ်ယောက်က သာမန်သေမျိုးတွေကို ကြောက်စရာလား။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now