မင်းကြီးသည် ယခုနှစ်တွင် သက်တော်ခြောက်ဆယ်ပြည့်တော့မည်ဖြစ်သော်ငြား သားတော်သုံးပါးသာ ကျန်ရှိတော့သည်။ သူ့ထံတွင် မြေးတော်များလည်း မရှိပေ။ တတိယမင်းသားမှအပ ကျန်သည့် ကျန်းမာရေးကောင်းသော သားတော်များမှာ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် စတုတ္ထမင်းသားရွှမ်ကျင်းနှင့် အသက်နှစ်ဆယ်အရွယ် ပဉ္စမမင်းသားရွှမ်ချုံတို့ဖြစ်ကြသည်။

လင်စစ်က တုံ့ဆိုင်းနေပြီးနောက် နောက်အပိုင်းကို ဆက်မရေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဖြည်းညင်းစွာ လက်ဟန်ပြလိုက်သည်။ "အစောပိုင်းနှစ်တွေမှာ မင်းကြီးရဲ့ထီးနန်းက ကောင်းကင်ရဲ့အလိုဆန္ဒမဟုတ်ဘဲ မသန့်ရှင်းတဲ့ နေရာကလာတယ်လို့ ရှေ့ဖြစ်ဟောတဲ့သူတစ်ယောက်က ပြောဖူးတယ်။ သူက ကောင်းကင်ဘုံရဲ့ ချီးမြှောက်မှုကို ရရှိမှာမဟုတ်လို့ ကံကြမ္မာကို သူကိုယ်တိုင် ပြောင်းလဲရမယ်။ သေချာတာကတော့ သူ့ရဲ့ဆက်ခံသူရရှိနိုင်စွမ်းကို ထိခိုက်ခဲ့တယ်။  ဒါကြောင့်မို့ မင်းကြီးရဲ့ ကလေးတွေအများစုက အသက်ရှင်ကျန်မနေနိုင်ခဲ့တာ"

ကျုံးဝမ်သည် အေးဆေးတည်ငြိမ်စွာဖြင့်သာ တုံ့ပြန်ခဲ့သည်။ "သူတို့ထဲက တချို့တွေ အသက်ရှင်နေသေးတယ် မဟုတ်လား။ ရင့်ကျက်ပြီး ကျန်းမာရေးကောင်းတဲ့ မင်းသားနှစ်ပါးတောင်ရှိနေပြီပဲ။ တော်ပြီပေါ့"

လင်စစ်သည် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဘာကိုပြောချင်တာလဲဆိုတာ ငါသိတယ်" ကျုံဝမ်က ပြုံးလျက်ဆိုသည်။ "မင်းကြီးရဲ့သားတွေက ငယ်ငယ်နဲ့ ဆုံးပါးတဲ့ အလေ့အထရှိတယ်။ မင်းက သူ ရွှမ်ရွေ့နဲ့ ရွှမ်ယွီကိုတွေ့ရင် စိတ်အလိုမကျဖြစ်ပြီး တခြားအတွေးတွေတွေးမှာကို စိတ်ပူနေတာပဲ။ မင်းကြီးက ငါတို့ကို ရုတ်တရက်ကြီး မြို့တော်ကို ခေါ်ရတဲ့အကြောင်းအတွက် ယုတ္တိအတန်ဆုံးဖြေရှင်းချက်က ဒါပဲ"

လင်စစ်က ခေါင်းညိတ်ပြသည်။

ကျုံးဝမ်က သူ့ကိုနှစ်သိမ့်လိုက်သည်။ "အဲ့ဒါကြောင့်မို့လို့ ဒီကိုမလာခင် အဲ့ဒီအကြောင်းတွေကို တဆိတ်ကိုတအိတ်လုပ်ပြီး ရွှမ်ရွေ့ကို ပြောပြထားတယ်။ သူ့မှာ ကြောက်လွန်းလို့ ပြီးခဲ့တဲ့ရက်တွေမှာ ကောင်းကောင်း မအိပ်နိုင် မစားနိုင်ဖြစ်နေတယ်။ ခရီးတစ်လျှောက်လုံး သူ့ခန္ဓာကိုယ်မှာ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းပြီး ပိန်သွားတယ်။  သူ့မျက်လုံးတွေက အသက်မပါတော့ဘဲ အပြင်ပုံပန်းက ဖျော့တော့လာတယ်။ မင်းကြီးသာ သူ့ကိုဒီလိုပုံနဲ့တွေ့ရင် သေချာပေါက် စိတ်အေးမှာပဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now