Part 93

1.9K 454 33
                                    

Unicode

မနက်ရောင်ခြည်မြင်ရချိန်တွင် ချုံအန်းမင်းကြီးသည် ခြေချင်းယှက်ကာ ဝံပုလွေမွေးစောင်ကိုခြုံလျက် ခုတင်ပေါ်တွင် ထိုင်နေသည်။ မျက်ခွံတစ်ဝက်သာဖွင့်လျက် သူမေးလိုက်သည်။ "သေတဲ့သူရှိသေးလား"

လူယုံမိန်းမစိုးကြီးက ရှေ့သို့ တိုးလာသည်။ "နဂို ဒဏ်ရာပြင်းတဲ့ နှစ်ယောက်ကိုတော့ ကယ်လို့မရခဲ့ပါဘူး။ တခဏအတွင်းမှာပဲ သူတို့ သေသွားကြပါတယ်။ ကျန်တဲ့ငါးယောက်ကလည်း ခုနလေးကမှ တစ်ယောက်ပြီးတစ်ယောက် သေသွားပါတယ်"

ချုံအန်းမင်းကြီးက မျက်စိဖွင့်လာသည်။ "ဘယ်လိုသေသွားတာလဲ"

မိန်းမစိုးကြီးက တိုးလျလျ လျှောက်တင်သည်။ "အဆိပ်သောက်ပြီးတော့ပါ။ ခြေရာလက်ရာမကျန်ရအောင် ကျွန်တော်တို့ ဂရုစိုက်ထားပါတယ်။ စိတ်မပူပါနဲ့၊ မင်းကြီး။ အစောင့်တွေက နှုတ်လုံပါတယ်။ သူတို့လျှောက်မဖွရဲပါဘူး။ မနက်ဖြန်ရောက်လို့ မင်းကြီး သူတို့ကိုမေးရင် လုပ်ကြံသူတွေက ပါးစပ်ထဲမှာ အဆိပ်ဖွက်ခဲ့ပြီး လုပ်ကြံဖို့ အခွင့်အရေး မမြင်တော့တဲ့အခါ ပြစ်ဒဏ်ကိုရှောင်ဖို့ သတ်သေသွားကြတယ်လို့ပဲ ဖြေပါလိမ့်မယ်။ ဒါတွေအကုန်လုံးက ဖြစ်နိုင်ချေရှိတဲ့ ဖြစ်ရပ်တွေပါပဲ"

ချုံအန်းမင်းကြီးမှာ ပို၍စိတ်အေးသွားရသည်။ မိန်းမစိုးကြီးက မေးကြည့်သည်။ "မင်းကြီး သူတို့ကို ဘာလို့မစစ်ဆေးတာပါလဲ။ သေချာပေါက်ကို ကျွန်တော်မျိုးတို့က စတေးဖို့ လူနှစ်ဆယ့်ငါးယောက်ပဲ ပြင်ဆင်ထားတာ။ အခုဆို ဆယ့်နှစ်ယောက်က ရုတ်တရက်ကြီး ပိုလာတယ်။ ဘာတွေများ ဖြစ်နေတာပါလဲ"

"မင်းကြီးကို လုပ်ကြံတဲ့အမှုဆိုတာ တရားခံရဲ့ အိမ်တော်နဲ့ ဆွေစဉ်မျိုးဆက် ရှစ်ဆက်ကို ကွပ်မျက်နိုင်တဲ့အမှုပဲ။ သူတို့ကို မနေ့ညက ဖမ်းမိတော့ သူတို့က သတ်သေဖို့ မကြိုးစားဘူး။ သူတို့က ထောင်နဲ့ချီတဲ့ ဓားချက်တွေနဲ့သေဖို့ စောင့်နေကြတာလား။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အခွင့်အရေး မရှိတာလည်း မဟုတ်ဘူး။ ဒါတောင် သူတို့က အသက်ကို ဒီအတိုင်း ထားထားကြတယ်" ချုံအန်းမင်းကြီးက အေးစက်နေသော အသံဖြင့် ပြောသည်။ "သူတို့ အသက်ရှင်ခဲ့ရင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရမှာကို တကယ်မသိတာလား။ သူတို့က ဒါကိုတောင် မကြောက်မှတော့ တော်တော် စိတ်ဓာတ်ပြင်းတဲ့သူတွေဆိုတာ သိသာနေတာပဲ။ အဲလိုလူတွေကို အမှန်ပြောဖို့အတွက် ငါတို့လုပ်နိုင်မယ်ထင်လား။ ငါ သူတို့ကို အခုမသတ်လိုက်ရင် မနက်ရောက်ပြီး သူတို့မပြောသင့်တဲ့စကားတွေ ပြောမှာကို စောင့်နေရမှာလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now