Part 92

1.9K 443 4
                                    

Unicode

မိန်းမစိုးစကားမဆုံးခင်မှာပင် ရွှမ်ချုံ၏မျက်နှာသည် လူသေကဲ့သို့ ဖွေးဖတ်သွားတော့သည်။ သူ့ဒူးများမှာ အခြေမခိုင်နိုင် ဖြစ်သွားခဲ့ပြီး ကြမ်းပေါ်သို့ ဒေါက်ခနဲ ခွေကျသွားတော့သည်။

ကျုံးဝမ် စိတ်ပျက်သွားရသည်။ ဒီအသုံးမကျတဲ့ လူကတော့။

ရွှမ်ကျင်းသည် အခြားလူတိုင်းထက် အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေခဲ့သည်။ အချိန်တစ်ခုကြာအောင် တန့်နေပြီးမှ ဖြစ်ပျက်နေသောအရာများကို သဘောပေါက်သွားတော့သည်။ သူ့မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ပြိုလဲနှင့်ပြီးသောသူကို စိတ်အားထက်သန်စွာဖြင့် မေးမြန်းလေတော့သည်။ "ပဉ္စမညီတော်၊ မင်းသားယွီက ဒီယာယီနန်းတော်ကို ဆောက်ထားတာလို့ ငါတို့က ပြောရုံပဲရှိသေးတယ်။ မင်းသားယွီ လုပ်ကြံသူတွေ လွှတ်လိုက်တယ်လို့ ပြောနေတာမှမဟုတ်ပဲ။ မင်း ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။ မင်း တစ်ခုခု သိထားတာများလား"

ရွှမ်ချုံကိုယ်တိုင်လည်း သူ ယခုအချိန်တွင် အဘယ်ကြောင့် အပြစ်မကင်းစိတ် ဖြစ်မိနေသလဲဆိုသည်ကို မသိပေ။ ချုံအန်းမင်းကြီးထံမှ ရက်တချို့ကြာအောင် အကျယ်ချုပ်ချခံရပြီးနောက်တွင် သူ လွယ်လွယ်နှင့် ထိတ်လန့်တတ်လာသည်။ အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားလျှင်ပင် သူ့နှလုံးမှာ ထိတ်ထိတ်ပြာပြာ ဖြစ်လာခဲ့သည်။ သူ့ကိုယ်သူ အနိုင်နိုင် တည်ဆောက်ပြီးနောက် ညင်ညင်သာသာ ပြောလိုက်လေသည်။ "ခမည်းတော်၊ ဦးရီးတော်က သေ-သေချာပေါက် ဘာမှမသိပါဘူး..."

သဘောမတူဟန်ဖြင့် ချုံအန်းမင်းကြီးက ရွှမ်ချုံကို ကြည့်နေသည်။ သူ့အကြည့်တို့တွင် မောပန်းနွမ်းလျမှုများ ပါနေသည်။

ချုံအန်းမင်းကြီးက ခေါင်းငုံ့လိုက်သည်။ "ငါလည်း မယုံပါဘူး... ထတော့"

ရွှမ်ချုံက အလျင်စလို မတ်တပ်ထရပ်လိုက်သည်။ တုန်ရီစွာဖြင့် နံဘေးတွင် သူ သွားရပ်နေလိုက်တော့သည်။

နန်းတော်မှာ ယာယီ တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ယာယီနန်းတော်အစောင့်ခေါင်းဆောင်က ဝင်လာပြီး လျှောက်တင်လေသည်။ "မင်းကြီးကို လျှောက်တင်ပါတယ်၊ ခြံဝန်းတိုင်းကို နှံ့စပ်အောင် ရှာပြီးပါပြီ။ ဒီငယ်သားနဲ့ တခြားသူတွေက မင်းကြီးကို စောင့်ရှောက်ကာကွယ်ဖို့ ကျရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးပါ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now