Part 33

2.4K 572 27
                                    

Unicode

ထိုနေ့မှစ၍ ယွီရှီတစ်ယောက် တတိယမင်းသားအိမ်တော်ကို မသွားတော့သကဲ့သို့ မင်းသားယွီအိမ်တော်၏ ခြံပြင်ကိုလည်း ခြေတစ်လှမ်းမှမထွက်တော့ပေ။

သူအတွေးလွန်နေမိသည်လားကို ကျုံးဝမ်မသိ။ သို့သော် တခဏအတွင်းတွင် ချန်အန်းမင်းသားအိမ်တော်ရှိ သူလျှိုတော်တော်များများမှာ မြင်ကွင်းမှ ပျောက်သွားကြကုန်သည်။

သူမမြင်နိုင်သောတစ်စုံတစ်ရာမှာ ရုတ်တရက်ပျောက်သွားသကဲ့သို့ ကျုံးဝမ်ခံစားနေရသည်။

ဒုက္ခမများတော့သော်လည်း ရင်ထဲတွင် ဟာတာတာဖြစ်ကျန်ရစ်သည်။

မင်းသားငယ်ယွီ၏ အပြုအမူများမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ရက်တော်တော်ကြာအောင် သူ့အိမ်တော်တွင်းမှ မထွက်ဘဲ ပြဿနာလည်း မရှာပေ။ သူငယ်စဉ်ကကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။

သို့တိုင်အောင် ကျုံးဝမ်မှာ ရတက်မအေးပိုဖြစ်လာရသည်။

သူ့အနေနှင့် လင်စစ်ကို စာများစွာပို့သော်လည်း ပြန်စာမရခဲ့။ စိုးရိမ်စွာဖြင့် ကျုံးဝမ်မှာ လင်စစ်ထံသို့ လူများလွှတ်ကာ ချန်အန်းသို့ ပြန်ခိုင်းမည့်အကြောင်း ဆက်မပြောတော့ဟု အသိပေးရသည်။ ထိုမှသာ လင်စစ်သည် နောက်ရက်တွင် ရှက်ရှက်နှင့်ပေါ်လာသည်။

"မင်းမသွားချင်ဘူးဆိုလည်း မေ့လိုက်တော့" လင်စစ်၏ စိုးရိမ်ထိတ်လန့်နေသော ပုံကိုကြည့်ကာ ကျုံးဝမ်ရယ်ရခက် ငိုရခက်ဖြစ်နေမိသည်။ "ငါကမင်းကို အတင်းအကျပ်လုပ်လို့ ရမှာတဲ့လား"

လင်စစ်က ကျုံးဝမ်ကိုကြည့်ကာ စိတ်အားထက်သန်စွာ လက်ဟန်ပြသည်။ "သခင်လေးသာ အတင်းသွားခိုင်းရင်တော့ ကျွန်တော်သွားပါ့မယ်"

"ငါ့မှာ အဲ့လိုလုပ်ဖို့ အချိန်မရှိဘူး" ကျုံးဝမ်က လင်စစ်ကို ထိုင်ခိုင်းသည်။ ရုတ်တရက်ဆိုသလို သူကပြောသည်။ "မင်း ချန်အန်းကို မပြန်ချင်တာ ရွှမ်ကျင်းကြောင့်လား"

လင်စစ်မှာ ထိုင်ခုံပေါ်မှ ပြုတ်ကျမိမတတ်ပင်။

ကျုံးဝမ်တွေးလိုက်သည်။ ထင်တဲ့အတိုင်းပဲ။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now