Part 77

2.3K 528 89
                                    

Unicode

ယွီရှီ၏ကျောသည် မတ်ခနဲ ဖြစ်သွားသည်။ သူလက်မြှောက်လိုက်သည်။ ကျုံးဝမ်၏ ခြေထောက်ပေါ်သို့ တင်လိုက်ပြီး ဆက်လှုပ်ရှားမနေတော့အောင် ရပ်လိုက်သည်။

ရွှတ်နောက်နောက်ဖြင့် ကျုံးဝမ်ကပြောသည်။ "မင်း ဘာလို့ ငါ့ခြေထောက်ကို ကိုင်နေတာလဲ"

လျှပ်တစ်ပြက်အတွင်း ယွီရှီသည် သူ၏လက်ကို ပြန်ရုတ်လိုက်သည်။ ခုတင်စွန်းကို သူ၏သွယ်လျလျလက်များ ဖြူဖွေးလာသည်အထိ ဆုပ်ကိုင်ထားသည်။

ယွီရှီ ကျုံးဝမ်နှင့် ကိုယ်ချင်းမရင်းနှီးလိုသည် မဟုတ်ပါ။

ယခင်က သူတို့သည် စည်းဘောင်အတွင်းတွင်သာ ရှိခဲ့ကြသည်။ သူ ကျုံးဝမ်ကို လွတ်လပ်ခွင့် ပေးထားသည်။ ထိုမှသာ နောင်တစ်ချိန်တွင် သူ စိတ္တဇဖြစ်သွားလျှင်ဖြစ်စေ၊ သေသွားသည်ဖြစ်စေ၊ ကျုံးဝမ် သူ့လမ်းသူ လျှောက်နိုင်မည် ဖြစ်သည်။

ထို့နောက်တွင်လည်း သူသည် ကျုံးဝမ်ကို လေးနက်မှုမရှိသော ကိုယ်ချင်းရင်းနှီးရန်ကို ငြင်းဆိုနေဆဲပင်။ ကနဦးတွင် ဤသည်မှာ အရိုးထဲထိအောင် စွဲနေခဲ့သည့် သူ၏ငယ်စဉ်က မြင့်မြတ်သော အကျင့်စရိုက်များ ယခုချိန်ထိတိုင် သူ့ထံတွင် ကပ်တွယ်နေခြင်းကြောင့်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ စည်းမျဉ်းများနှင့် ကျင့်ဝတ်များကို ကျော်ခွသွားခြင်းသည် မှားယွင်းသည်ဟု သူအမြဲ ခံစားနေခဲ့ရသည်။

ထို့အပြင် ကျုံးဝမ်၏ ထိခိုက်ထားသော ခန္ဓာကိုယ်မှာ ခံနိုင်ရည်မရှိ။ သူတို့နှစ်ဦးသည် ယနေ့အချိန်ထိ ရောက်လာရန် များစွာသော အခက်အခဲတို့ကို ကျော်ဖြတ်ခဲ့ရသည်။ အရေးမပါသည့် အသေးအမွှားကိစ္စလေးကြောင့် သူတို့၏ဆက်ဆံရေး ကျဲသွားခဲ့လျှင် အလွန်စိတ်ပျက်ဖွယ် ကောင်းလှပေမည်။

သို့သော် ကျုံးဝမ်ကမူ အရေးကြီးသည့် အချက်တို့ကို ထည့်မစဉ်းစားခဲ့။

ကျုံးဝမ် ယွီရှီကိုကြည့်လိုက်သည်။ သူ ခပ်တိုးတိုး ရယ်မိသည်။ သူ ထိုကိစ္စကို အမှန်တကယ် လုပ်ချင်သည်မဟုတ်၊ ယွီရှီကို စနောက်လို၍သာဖြစ်ပြီး စကားမစခင် သိပ်ပြီးမစဉ်းစားခဲ့ပေ။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now