-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)

833 221 46
                                    

(Unicode)

နောက်တစ်နေ့ အလုပ်တွင် ယွိကျန်းတုလည်း ရှန်းချွယ့်၏ တောင်းဆိုချက်အတိုင်း Peppa ဥဆီ သွားလည်ရသည်။

သို့ရာတွင် သူ ရှန်းချွယ့်၏ ရုံးခန်းထဲ ရောက်ရောက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ထူးထူးဆန်းဆန်းပါပဲ ရှန်းချွယ့်က သူ့ရုံးခန်းအတွင်းတွင် Mozart သီချင်းများ ဖွင့်ထားသည်တဲ့လေ။
ထို သံစဉ်များကြောင့် ယွိကျန်းတုပင် သူ့ကိုယ်သူ စိတ်ဝိဉာဉ်ရော ကိုယ်ခန္ဓာပါ သန့်စင်ခံလိုက်ရသလို ခံစားမိသွားသည်။

အံ့ဩစွာဖြင့် သူ ရှန်းချွယ့်အား ကြည့်လိုက်၏။
"သူဌေး...ဘယ်အချိန်ကတည်းကစပြီး အခုလို ဂန္တ၀င်တေးသံတွေ ကြိုက်သွားရတာလဲ?"

ဇွဲနပမ်းကြီးလှစွာဖြင့် သွေးအေးတိုက်ပွဲ မပြီးသေးကြောင်း အတေးအမှတ်ကြီးထားသည့် ရှန်းချွယ့်က အကြည့်အေးစက်စက်တစ်ခုဖြင့်သာ တုံ့ပြန်လာသည်။

သူက ယွိကျန်းတုကို ပါးစပ်ပိတ်ဖို့ရန် ရှူး ဟု လက်အမူအရာ လုပ်ပြလာ၏။
"ဒါ Peppa ကို လူလားမမြောက်သေးခင် ဥဘဝကတည်းက ကျန်းကျန်းမာမာနဲ့ ဥပေါက်လာစေဖို့ ပျိုးထောင်ပေးတဲ့ သီချင်းပဲ"

ယွိကျန်းတု :"............"

ရှန်းချွယ့် မျက်နှာ၌ တာ၀န်၀တ္တရားများစွာကို သယ်ပိုးထားရသည့် ပုံပေါက်နေခဲ့လေသည်။
"အခုလို ငယ်ငယ်လေးကတည်းက နည်းပြ ပေးထားဖို့က တကယ် အရေးကြီးတာ
ငါ Peppa ဥပေါက်တဲ့အချိန်ကျ music taste မရှိတဲ့ ကလေးမျိုး မဖြစ်လာအောင် အခုကတည်းက ထိန်းကျောင်းသွားမလို့"

ယွိကျန်းတုမှာ ပြန်ပြောစရာ စကားပင် မရှိပါလေ။ ထို့အတွက် သားဖောက်မည့် ငှက်သိုက်ရှိရာ ရှေ့တည့်တည့်မှာ ကတုန်ကယင် ထိုင်ချရင်း ဥတစ်ဥအား ၀ပ်ပေးနေသည့် ဖြူဖွေးဖွေး ဘဲမကြီးကို ကြည့်လိုက်လေသည်။

သူ ရောက်လာတာကို သတိထားမိတာနှင့် ထိုဘဲမကြီးကလည်း ဥပေါ်၌ တက်ထိုင်ထားသည်ကို ဖင်နည်းနည်းကြွပေးပြီး ဥ အခြေအနေအား တစ်စိတ်တစ်ပိုင်း ပြသပေးလာသည်။

ယွိကျန်းတုလည်း ထို ဥ တစ်ပိုင်းတစ်စလေးအား လက်ဖြင့် ခပ်ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ သူ၏ အကြည့်များက ဒီလိုခေတ်ကြီးထဲ မွေးဖွားလာရမည့် ပေါက်စနလေးအပေါ် ဂရုဏာ သက်မိနေသည့် အကြည့်မျိုး ပါ၀င်နေ၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now