-32.1- (မရဏပြည်၏ လက်အောက်ခံ ကုမ္ပဏီရုံးခွဲအသစ်)

2.6K 500 6
                                    

(Unicode)

ယွိကျန်းတု ထိုစကားကို ပြောလိုက်ချိန်က ပါးစပ်ထဲရှိရာ ရွှတ်နောက်နောက် ပြောချလိုက်ခြင်းသာ ဖြစ်သည်။ အခုလေးတင်ပဲ သူ့အမေဆီကနေ အဲယားကွန်းလေအေးပေးစက်အသစ်အကြောင်း ဖုန်းဆက်မေးလာနေတာမို့ ထိုကိစ္စနဲ့ဆက်စပ်ပြီးတော့ တောက်ဓမ္မကိုယ်တော်နှစ်ပါးကို စ‌နောက်ချင်စိတ် ပေါ်လာခိုက် ပါးစပ်က ထွက်မိထွက်ရာ ထွက်သွားခဲ့ခြင်းမျိုးပင်။

သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့သည်က ထိုသူများမှာ သူ၏ ရွှတ်နောက်နောက်စကားများ၏အဓိပ္ပါယ်ကိုတောင် ရွှတ်နောက်နောက်မှန်း သဘောမပေါက်ဘဲ
အဲ့ဒီအစား မျက်နှာထားများဟာ အတည်ပေါက်တွေ ဖြစ်နေခဲ့ကြသည်။
ယွမ့်ချင်၏ မျက်နှာမှာဆိုလျှင် အံ့ဩမင်သက်ခြင်းတွေအပြည့်။
သူက တလေးတစားဖြင့်
"ထင်ထားတဲ့အတိုင်းပဲ လူလေး ရှောင်ယွိကတော့ ဒီနည်းပညာပိုင်းမှာ တကယ်ကို ဉာဏ်ကြီးရှင် ပီသပါပေတယ်...
ဦးနှောက်က အမြဲတမ်း ချက်ဆို ဂွက်ခနဲ ဗုံးပေါက်တော့တာပဲ...
ငါတို့တွေ ဘာလို့ အရင်က ဒါမျိုး မတွေးမိရတာပါလိမ့်"

တောက်ဓမ္မဘုန်းတော်ကြီးမုကလည်း သဘောတူ ထောက်ခံလာခဲ့သည်။..
"အကယ်လို့ ကိုယ်တော်တို့သာ မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာတစ်ခု တီထွင်နိုင်လိုက်မယ်ဆိုရင်
ဒကာ ဒကာမတွေ အနေနဲ့ သူတို့အိမ်မှာ သူတို့ ကိုယ်တိုင်ကိုယ်ကျ မကောင်းဆိုးဝါးဖယ်ရှားနိုင်သွားမယ်..
ကိုယ်တော်တို့ကို သပ်သပ်ပင့်ပြီး ဂါထာမန်းမှုတ်ခိုင်းစရာလည်း လိုတော့မှာ မဟုတ်ဘူး..
ဒါ တကယ်ကိုကျင့်ကြံရေးရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးနိုင်မယ့် အကြံဉာဏ်ပဲ"

ယွိကျန်းတု :"............"

ခဏလေးနေကြပါဦး..
အရင်က ဒီကိုယ်တော်နှစ်ပါး ဒီလိုမျိုး မဟုတ်ကြပါဘူး...
ကိစ္စတွေကို အခုလို လွယ်လွယ်လေး လက်ခံတတ်ကြတဲ့ လူစားမျိုးတွေ မဟုတ်ကြဘူးမလား...

သို့နှင့် သူလည်း အကူအညီရလိုရငြား ရှန်းချွယ့်၏ မျက်လုံးထဲသို့ တည့်တည့် လှမ်းကြည့်လိုက်၏။
တိုက်ဆိုင်စွာပဲ သူဌေးဖြစ်သူဟာလည်း ထိုအချိန် သူ့ကို ကြည့်နေတာကြောင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီးနောက် ရှန်းချွယ့်က ဂုဏ်ယူပြောင်မြောက်သော အပြုံးကြီးဖြင့် ရဲရဲကြီး ပြောချတော့သည်။
"ထင်ထားတဲ့အတိုင်းပဲ ကျွန်တော့်ကုမ္ပဏီရဲ့ CTO ဆီက အကြံဉာဏ်ဆိုတော့ ဘာမှ သံသယ၀င်စရာကို မလိုဘူး"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now