-8- (ရုပ်သေးရုပ်)

3.1K 675 44
                                    

(Unicode)

"ကျေးဇူးပြုပြီး အထဲကို ကြွခဲ့ပါ"
ဝေ့ရှောင်းက ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ကို ကုမ္ပဏီရုံးခန်းအတွင်းသို့ ဖိတ်သည်။

သူတို့ ထိုင်အပြီးမှာလည်း ဝေ့ရှောင်းက သူတို့နှစ်ယောက်ကို ကူညီမှုအသင်းက လူတွေအလား ကျေးဇူးဆက်တင်နေခဲ့သေးသည်။
ယွိကျန်းတု၏ တုံ့ပြန်မှုမှာကား ရိုးသားပေ၏။
"အဲ့လောက်ကြီးထိ ယဉ်ကျေးနေစရာမလိုပါဘူး...အခု ကျွန်တော်တို့က အခကြေးငွေပါယူမယ့်သူတွေဆိုတော့ ကူညီတယ်လို့လည်း မဆိုသာပါဘူး"

ရှန်းချွယ့်မှာ သူ၏လူကြီးလူကောင်းဆန်သော ဟန်ပန်အမူအရာကို တစ်စက္ကန့်လေးမျှတောင် ဖယ်ခွာခြင်းမရှိပဲ ခေါင်းညိတ်ကာ ဆိုလာခဲ့သည်။
"သူပြောတဲ့အတိုင်းပဲ"

ဝေ့ရှောင်းက ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် ယွိကျန်းတုကို ကြည့်လိုက်သည်။
သူ့စကားလုံးတွေမှာ နက်ရှိုင်းသော ဆိုလိုရင်းများကို ကွယ်ဝှက်ထားရင်းဖြင့်
"မင်း ဓာတ်လှေကားတံခါးကို ဘယ်လိုဖွင့်လိုက်တာလဲ ငါ မေးကြည့်လို့ရလား?"

ယွိကျန်းတု မူလအစ၌ကား ဒီလူ့ကိုလည်း မီးသတ်သမားတွေဆီမှာ သုံးခဲ့သော အလိမ်အညာမျိုးတွေဖြင့် တစ်ပတ်လှိမ့်ဖို့ ရည်ရွယ်ထားခဲ့ပြီး ငွေရပြီးတာနဲ့ လစ်ထွက်လိုက်မယ်ပေါ့...
သို့သော် မေးခွန်းကို ကြားအပြီးမှာ ဝေ့ရှောင်းတစ်ယောက် တစ်ခုခုကို သတိထားမိသွားပြီပဲဆိုတာကို ယွိကျန်းတု သိလိုက်ရသည်။

ကုမ္ပဏီရဲ့ အဓိကလျှို့ဝှက်ချက်ကြီးတော့ ပေါ်သွားလို့မဖြစ်။
ဒါပေမဲ့ တကယ်သာ ဝေ့ရှောင်းဖက်က သံသယ၀င်နေခဲ့ပြီဆိုလျှင် မလှိမ့်တပတ်ရိုက်ဖို့လည်း ခက်သွားချေမည်။

ယွိကျန်းတု အနည်းငယ် တုံ့ဆိုင်းသွားရပြီးနောက် ရှန်းချွယ့်ထံ လှမ်းကြည့်လိုက်သည်။
ရှန်းချွယ့်မှာကား လက်တစ်ဖက်ပေါ် မေးစေ့တင်ထားရင်း မျက်နှာထားက မပြောင်းမလဲဖြင့်
အသံသည်လည်း သွက်လက်နေကာ...
"ခင်ဗျား ပြောချင်တာကိုသာ တိုက်ရိုက်ပြောလိုက်ပါ ကွေ့ဝိုက်မနေစမ်းပါနဲ့"

ယွိကျန်းတု အင်မတန်လေးစားသွားရသည်။
သူတို့ကုမ္ပဏီလေးက သေးတယ်ဆိုပေမယ့် ဘော့စ်ရဲ့ သဘောထားကတော့ အဲ့လိုမဟုတ်ဘူးပဲ....

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now