ရွှမ်ယွီက စာအုပ်ကို အလောတကြီး လှန်လေတော့သည်။ "ငါ-ငါ့မှာ နုံအတဲ့ ဦးနှောက်ပဲရှိတာ။ အစ်ကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူပြီးမျှခံပေးရမှာကိုတော့ သိပါသေးတယ်"

ရွှမ်ယွီ အခေါ်အဝေါ်ပြောင်းလိုက်သည်မှာ ကြာခဲ့လေပြီ။ 'အစ်ကိုကြီး'ဆိုသည်မှာ ကျုံးဝမ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ဆူပုပ်ပုပ်ဖြင့် ရွှမ်စုန်ရှင်းက ပြောသည်။ "အနည်းဆုံးတော့ နင့်မှာ အသိတရားကျန်နေသေးတာပဲ"

ရွှမ်စုန်ရှင်းသည်လည်း ခေါင်းငုံ့၍ သူထိုးထားသော ပုံကိုကြည့်လိုက်မိသောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ သူသက်ပြင်းချသည်။ "ငါ ဆက်မချုပ်တော့ဘူး။ နင် မနေ့ကရေးထားတဲ့စာ ဘယ်မှာလဲ။ ဆရာ ထပ်ပြီးစိတ်မတိုအောင်လို့ ငါ နင့်အစား ဖတ်ကြည့်ပေးမယ်"

ရွှမ်ယွီမှာ အနည်းငယ် တုန်ရီသွားသည်။ ကြောက်ရွံ့လျက် သူကပြောသည်။ "မနေ့က အစောင့်အစ်ကိုက တောကြက်တွေဖမ်းဖို့ ခေါ်သွားလို့။ အဲ-အဲဒါကြောင့် မရေးရသေးဘူး"

ရွှမ်စုန်ရှင်းမှာ စိတ်တိုလွန်း၍ သူ၏ချည်ထိုးအပ်ကို ငြိမ်ငြိမ်ကိုင်မထားနိုင်တော့ပေ။ "နင်၊ နင်..."

ရွှမ်ယွီက ချက်ချင်း ခုန်ထလိုက်ပြီး ရွှမ်စုန်ရှင်းအား တောင်းပန်သည့်အနေဖြင့် လက်ဖက်ရည်ငှဲ့ပေးလေသည်။ "စိ-စိတ်မတိုပါနဲ့။ လက်ဖက်ရည် အရင်သောက်လိုက်"

"မသောက်နိုင်ဘူး" ရွှမ်စုန်ရှင်းက ဒေါသတကြီး အော်သည်။ "တစ်နေ့လုံးအချိန်ရှိတာတောင် စာပြီးအောင် မရေးနိုင်ဘူး။ နင် အနာဂတ်မှာ ဘာလုပ်ချင်တာလဲ။ ဘာလုပ်နိုင်မှာလဲ။ ကောင်းကင်ကနေ အသားမုန့်တွေကျလာမှာကို စောင့်မှာလား"

ရွှမ်ယွီမှာ အဆူခံရသောကြောင့် မျက်နှာရဲသွားခဲ့သည်။ ထွက်ပြေးရန် အကြံတစ်ခု စဉ်းစားနေချိန်မှာပင် အိမ်တော်စစ်သည်တစ်ယောက်က အဝေးမှနေ၍ စာတစ်စောင်ကိုင်ကာ ခပ်သုတ်သုတ် ပြေးလာလေသည်။

အိမ်တော်စစ်သည်က အနားသို့ကပ်လာပြီး သူတို့နှစ်ဦးအား အကဲစမ်းနေသည်။ အလွန်အကင်းပါးစွာဖြင့် သူက ရွှမ်စုန်ရှင်းလက်ထဲသို့ စာကမ်းပေးလိုက်လေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now