ယွီရှီက ကြမ်းပေါ်သို့ ပစ်ချခံထားရသော အတွင်းဝတ်နှစ်ထည်နှင့် စောင်ထွေးကြီးကို အဝေးသို့ ခပ်သာသာ ကန်လိုက်သည်။ ခုတင်ခန်းစီးများကို အဆုံးထိ မတင်လိုက်ပြီးနောက် သူပြောလိုက်သည်။ "ငါလုပ်မယ်"

ယွီရှီသည် ခုတင်ဘေးတွင်ထိုင်ကာ ကျုံးဝမ်ကို စောင်ပုံထဲမှ ဆွဲထူလိုက်သည်။ နူးညံ့သောခေါင်းအုံးတစ်လုံးကို ကျုံးဝမ်၏ကျောနောက်သို့ထည့်ကာ ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည်။ "စား"

"အဲ့လောက်မဆိုးပါဘူး" ကျုံးဝမ် ရယ်မိသည်။ "ငါ့ကိုပေး။ ငါ့ဘာငါ စားနိုင်ပါတယ်"

"မလှုပ်နဲ့" ယွီရှီက ပန်းကန်ကိုင်ထားသောလက်ကို အဝေးသို့ရွှေ့လိုက်ပြီး ပြောလိုက်သည်။ "ငြိမ်ငြိမ်နေ"

ကျုံးဝမ်မှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့။ "ငါ့လက်တွေ ကျိုးသွားတာမှ မဟုတ်တာ။ ငါ မင်းနဲ့ စားပွဲမှာ ထိုင်စားမယ်..."

"မလိုဘူး။ ငါ အလျင်မလိုဘူး" ယွီရှီက မျက်မှောင်ကြုတ်သည်။ "အကြောင်းမရှိဘဲ မလှုပ်နဲ့"

ရွေးစရာမရှိတော့ဘဲ ကျုံးဝမ်သည် ယွီရှီ သူ့အားခွံ့ကျွေးသည်ကို နာနာခံခံဖြင့်သာ စားလိုက်ရတော့သည်။

ကျုံးဝမ်အားကျွေးနေစဉ် ယွီရှီသည် အလွန်ဂရုတစိုက်ရှိလှသည်။ ဤသည်မှာ သူ ကျုံးဝမ်အား ယခင်က ဆေးတိုက်စဉ်ကလည်း မှန်သကဲ့သို့ ယခုအချိန်တွင်လည်း မှန်ပေသည်။

ဆန်ပြုတ်အလုတ်တိုင်းကို နှစ်ကြိမ်နှစ်ခါမှုတ်ပြီး ကြွေဇွန်းကို သူ့နှုတ်ခမ်းနှင့်လည်း ထိကြည့်သေးကာ မပူတော့မှန်း သေချာအောင်လုပ်ပြီးမှ ကျုံးဝမ်အား ခွံ့ကျွေးလေသည်။ ကျုံးဝမ်၏နှုတ်ခမ်းစွန်းများကို မတော်တဆ ဆန်ပြုတ်အနည်းငယ် ပေပွအောင်လုပ်မိလျှင် ပန်းကန်ကို ချက်ချင်းချကာ ဆက်မကျွေးခင် ကျုံးဝမ်၏နှုတ်ခမ်းများကို လက်ကိုင်ပဝါဖြင့် သန့်ရှင်းအောင် သုတ်ပေးသေးသည်။

ညင်သာ၍ စဉ်းစားပေးတတ်လွန်းသည်။ ယမန်နေ့ညနှင့်ယှဉ်လျှင် ယွီရှီသည် တခြားသူလုံးလုံးကဲ့သို့ပင်။

မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိသောအခါ ကျုံးဝမ်မှာ ကျောများထုံထိုင်းနေဆဲပင်။ ဆန်ပြုတ်တစ်ဇွန်းအပြည့်ကို မျိုချလိုက်ပြီး တိုးတိုးကလေး မေးလိုက်သည်။ "မင်း ဘာလို့ ငါ့အပေါ် ရုတ်တရက်ကြီး ကောင်းပြနေတာလဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now