232+233+234+235

1.1K 143 12
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၃၂
(သခင်လေးလီ၏ နက်ရှိုင်းလွန်းသော အဖြေစကား)

လီနင်းဖန် ပြုံးလျက် ပြောလာသည်။
“မင်္ဂလာပါဗျာ...ဒါနဲ့ စစ်သူကြီးရဲ့နာမည်ကို ကျုပ်မသိရသေးဘူးနော်”

“သခင်လေးလီ...ကျုပ်နာမည်က ရစ်ခ်ျ ပါ”
ရစ်ခ်ျ လေးစားစွာ ပြန်ဖြေခြင်း ဖြစ်သည်။

သူ စိတ်လှုပ်ရှားနေလေသည်။ ဆရာကြီးသည် ဘုရင်မင်းမြတ်က ယုံကြည်လေးစားသဖြင့် အရေးကြီးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဘုရင်မင်းမြတ်က သူ့အတွက် တပ်သားသစ်စုစည်းရန် ဆရာကြီး နေထိုင်သော ပတ်ဝန်းကျင်အား ရွေးချယ်စီစဉ်ခဲ့သည်။ ယခုဆရာကြီးမှာ ဤနေရာသို့ ရောက်နေပြီဖြစ်သဖြင့် ရိုင်းစိုင်းသော တစ်စုံတစ်ယောက်က သူ့အား မတော်တဆ စော်ကားမိမည်ကို သူ စိုးရိမ်သွား၏။

ရစ်ခ်ျ....

အလွန် ကောင်းမွန်သော နာမည်ဖြစ်သည်။ သူသည် ကြွက်သားတုတ်ခိုင်သော စစ်သူကြီး ဖြစ်ရုံသာမက အောင်ပွဲများ ပိုင်ဆိုင်ထားသော စစ်သားတစ်ယောက် ဖြစ်ဟန် ရှိသည်။

လီနင်းဖန် ရယ်မောလိုက်လေသည်။
“တကယ် ကောင်းတဲ့ နာမည်ပဲ”

“သခင်လေးလီ...လူတွေကို ကယ်ဆယ်ခဲ့တဲ့ သခင်လေးရဲ့ အစီအစဉ်က တကယ်ကို ထက်မြက်လွန်းပါတယ်...ကျုပ်သာဆိုရင် အဲ့ဒီလိုအကြံဥာဏ်မျိုး တွေးနိုင်မှာ မဟုတ်ဘူး”
ရစ်ခ်ျ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုခြင်း ဖြစ်ပေသည်။

သူသည် ရိုးသားပွင့်လင်းသူ တစ်ဦးဖြစ်သည်။ စစ်ပွဲအတွင်းတွင် တိုက်ရည်ခိုက်ရည် ကောင်းသော်လည်း အကြံဥာဏ်ဖြင့် အကွက်ချစီစဉ်ရာတွင် အားနည်းသည်။ ထို့ကြောင့် ဆရာကြီး၏ စိတ်ကူးစိတ်သန်း အား သူ နက်နက်ရှိုင်းရှိုင်း အထင်ကြီးနေမိ၏။

“ကျုပ်က နည်းလမ်းလေးပဲ ပေးလိုက်တာပါ...အသေးစိတ် ပုံဖော်ပြီး လုပ်ဆောင်သွားတာက ခင်ဗျားတို့ရဲ့ ဘုရင်ပါ”
လီနင်းဖန် ခေါင်းခါလိုက်ကာ မေးတော့သည်။
“စစ်ပွဲ အခြေအနေ ဘယ်လိုလဲ”

“မဆိုးပါဘူး”

ရစ်ခ်ျ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ဆက်ပြောသည်။
“တောင်ဘက် လူရိုင်းကောင်တွေက မျိုးရိုးဗီဇအရ အရမ်း သန်မာလွန်းတယ်...သူတို့က အစွမ်းကုန် တိုက်ခိုက်ပြီး  တားဆီးဖို့ မလွယ်လောက်ဘူး”

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now