ဤသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်းကို ကျုံးဝမ် တွေးကြည့်နေစရာပင်မလို။

လင်စစ်က လက်ဟန်ပြသည်။ "တစ်ခုခုတော့ လွဲနေပြီလို့ ကျွန်တော် ခံစားခဲ့ရတယ်။ နောက်ထပ်စုံစမ်းကြည့်တော့ မင်းသားယွီက တခြားတစ်ယောက်ကို ဒီအကြောင်းပြောပြ၊ အဲ့လူကိုအသုံးချပြီး ရွှမ်ရွေ့အိမ်ပြန်မှာကို တားခဲ့မှန်း သိခဲ့ရတာပါ။ ကျွန်တော် ဒီကိစ္စနောက်က အဓိပ္ပာယ်ကို သေချာမသိတာမို့ သခင်လေးကို မြန်မြန်လာပြောပြတာပါ"

ကျုံးဝမ်သည် ခုတင်ခေါင်းရင်းကို မှီလိုက်သည်။ သူ မျက်ခုံးများကို ထပ်မံ၍ တွန့်ချိုးလိုက်ပြန်သည်။ "ရွှမ်ရွေ့ကို ဒီမှာထားပြီး မင်းသားယွီက ဘာလိုချင်နေတာလဲ..."

လင်စစ်က လက်ဟန်ပြသည်။ "သခင်လေးနဲ့ မင်းသားငယ်ယွီကြားက ဆက်ဆံရေးကို မင်းသားယွီ မသိစရာအကြောင်း မရှိပါဘူး။ ရွှမ်ရွေ့ကို မြို့တော်မှာ နေခိုင်းပြီး မင်းသားငယ်ယွီကို စိတ်တိုစေချင်လို့များလား"

"မဟုတ်ဘူး" ကျုံးဝမ်က ခေါင်းခါသည်။ "ဒီကိစ္စတစ်ခုတည်း အတွက်နဲ့ဆို သူရင်ဆိုင်ရမဲ့ အခက်အခဲတွေနဲ့ယှဉ်ရင် မိုက်မဲရာကျတယ်။ သေရေးရှင်ရေး ဖြစ်နေချိန်မှာ ရွှမ်ရွေ့ကို အသုံးချပြီး ယွီရှီကို ခြိမ်းခြောက်ချင်တာများလား။ မဟုတ်ဘူး... အဲ့လိုလည်း မဟုတ်ပြန်ဘူး"

ကျုံးဝမ် ရယ်ချလိုက်မိသည်။ "ခြိမ်းခြောက်နေစရာမလိုဘူး။ ယွီရှီကိုယ်တိုင်က ရွှမ်ရွေ့ကို သတ်ချင်နေတာ"

"မင်းသားယွီက ဘယ်လောက်ထိ အာဏာသက်ရောက်လဲ။ အရေးပေါ်အခြေအနေမှာ သူ့အနေနဲ့ တော်ဝင်မိသားစုခုံရုံးက လူတစ်ယောက်ကို ထိန်းချုပ်နိုင်စွမ်းရှိလား"

လင်စစ်မှာ မသေချာလှပေ။ သူကလက်ဟန်ပြသည်။ "ကျွန်တော် သွားစုံစမ်းလိုက်ပါ့မယ်'

"ယွီရှီကိုလည်း စုံစမ်းကြည့်ဖို့ ငါပြောလိုက်မယ်" ကျုံးဝမ်ကပြောသည်။ "ဒါပေမဲ့ ငါခန့်မှန်းရရင် မင်းသားယွီက လုပ်နိုင်စွမ်း မရှိလောက်ဘူး"

လင်စစ်က ကျုံးဝမ်ကို ကြည့်နေသည်။ ကျုံးဝမ်ကဆက်ပြောသည်။ "တကယ်လို့ သူသာ တော်ဝင်မိသားစုခုံရုံးကို အမိန့်ပေးနိုင်ရင် အစကတည်းက ရွှမ်ရွေ့ကို တော်ဝင်မိသားစုခုံရုံးက ချန်အန်းပြန်ပို့မဲ့ကိစ္စ အစဖော်မှာကို မတားနိုင်ဘူးလား။ ဘယ်လိုဖြစ်ဖြစ်၊ အစကနေအဆုံးအထိ မင်းကြီးက ဒီကိစ္စကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးဘူး"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now