ထို့အပြင် သူ ကျုံးဝမ်ဘက်မှ ရပ်တည်ပေးခဲ့လျှင်ပင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေခံပစ္စည်းများသည် ရှီဟုန်၏လက်ဝယ်ရှိနေသည်။ ယွီရှီ ဘာများလုပ်နိုင်ဦးမည်နည်း။

တာ့လီခုံရုံးသို့ သွားရာလမ်းတွင် ကျုံးဝမ်သည်လည်း ခေါင်းရှုပ်နေမိသည်။ သူ့အမှုကို တရားမျှတရေးဌာနမှ တာ့လီခုံရုံးသို့ ယွီရှီတစ်ယောက် မည်ကဲ့သို့ လွှဲပြောင်းနိုင်ခဲ့ပါသနည်း။

ကျုံးဝမ်ကို ဖမ်းခေါ်ရသော တာ့လီထောင်အမှုထမ်းတို့သည်လည်း မသိကြ။ "ကျွန်တော်တို့လည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမသိပါဘူး။ ဒီနေ့မနက်လွှတ်တော်မှာ ကျွန်တော်တို့မင်းသားငယ်ယွီက ရှားရှားပါးပါး ရွှေနှုတ်တော်ဖွင့်ဟလို့ တော်ဝင်အကဲဖြတ် အကြီးအကဲရှီနဲ့ တော်တော်ကြာ စကားနိုင်လုခဲ့တယ်တဲ့။ နောက်ဆုံးမှာတော့..."

လွန်ခဲ့သောနှစ်ရက်ကမှ စိတ်မတည်မငြိမ်ဖြစ်နေခဲ့သည့် ယွီရှီတစ်ယောက် မနက်လွှတ်တော်တွင် တစ်ယောက်ယောက်အား အကျိုးအကြောင်း လျော်ကန်စွာ ချက်ကျလက်ကျ ငြင်းဆိုနေမည့်ပုံကို ပုံဖော်ကြည့်ရန်မှာ ကျုံးဝမ်အတွက် ခက်လွန်းလှပေသည်။ သူက အထိတ်တလန့်ဖြင့် မေးလိုက်သည်။ "နောက်ဆုံးမှာ ဘာဖြစ်လဲ"

တာ့လီထောင်အမှုထမ်းက တံတွေးမျိုချလိုက်သည်။ "အဆုံးမှာတော့... ဘာမှမထူးပါဘူး။ တော်ဝင်စိစစ်ရေးဌာနက လူတွေဆီမှာ အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ သက်သေတွေရှိနေတာ။ အဲ့ဒီအဆင့်နိမ့် အရာရှိတွေနဲ့ သခင်လေး အပြန်အလှန် ဆက်သွယ်ထားတဲ့ စာတွေကိုတောင်မှ သူတို့က ယူလာကြသေးတယ်။ အားလုံးကို စာရွက်ဖြူပေါ်မှာ မှင်အမည်းနဲ့ ရေးထားတာ။ မင်းသားငယ်ယွီမှာ သခင်လေးကို အပြစ်က ကွင်းလုံးကျွတ်လွတ်အောင် လုပ်ဖို့နည်းမရှိတော့ဘူး"

ကျုံးဝမ်ကပြောသည်။ "အဲ့တော့..."

"အဲ့တော့ဘာဖြစ်ရမလဲ..." တာ့လီထောင်အမှုထမ်းက ပြောသည်။ "အပြစ်ကလွှတ်ပေးဖို့ မဖြစ်နိုင်ရင် တခြားနည်းလမ်းကို ရွေးရမှာပေါ့။ ချက်ချင်းပဲ မင်းသားငယ်ယွီက အမှုကို တာ့လီခုံရုံးကို လွှဲပြောင်းပေးဖို့ မင်းကြီးဆီမှာ တောင်းဆိုခဲ့တယ်။ တော်ဝင်အကဲဖြတ်ကတော့ သေချာပေါက် ပြဿနာထပ်ရှာတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ မင်းသားငယ်ယွီက သူတို့နဲ့ ငြင်းခုံတာရပ်လိုက်တယ်။ အကျိုးအကြောင်းနဲ့ ငြင်းခုံဖို့ မလုပ်တော့ ပိုပြီးချောချောမွေ့မွေ့ ဖြစ်သွားတာပေါ့။ တွေ့တယ်မလား။ ကျွန်တော်တို့ အခုဆို သခင်လေးကို ခေါ်လာဖို့ တာဝန်ယူလိုက်ရပြီ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now