"မင်းတော်တော်လေးကို သတိရှိခဲ့တယ်" ယွီရှီက လက်ထဲရှိ ဝတ္ထုစာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ "မင်း ငါ့ရဲ့အပေါ်ရုံကိုတောင် ဖြည်ခဲ့သေးတယ်"

ကျုံးဝမ် ချက်ချင်းပဲ ငြင်းဆိုမိသည်။ "မဖြစ်နိုင်ဘူး။ ငါအိပ်နေတုန်း ဘေးနားမှာလူတွေရှိတာကို ကြိုက်ခဲ့ဖူးတာမဟုတ်ဘူး။ ငါလင်စစ်နဲ့ တစ်အိပ်ရာထဲအိပ်ဖူးတယ်။ ငါတို့နှစ်ယောက်ကြားမှာ ရေတစ်ခွက်ထားရင်တောင် တစ်စက်မဖိတ်ဘူး"

"ဒါပေမဲ့ မင်းငါ့အင်္ကျီကိုဆွဲတာ ဒါပထမဆုံးမဟုတ်ဘူး။ မင်းကို နည်းနည်းစီ သတိရအောင် လုပ်ပေးရဦးမလား" ယွီရှီမှာ စိတ်တိုလွန်း၍ ရယ်မောနေမိသည်။ "အရင်က မင်း ငါ့ရဲ့အင်္ကျီစကိုပဲ ဆွဲတာ။ အခုဆို မင်းက... မင်းဝန်မခံဘူးလား။ ကောင်းပြီလေ။ မင်း အဲ့ညက မအိပ်ခင် စံပယ်ပန်းလက်ဖက်ရည် သောက်ခဲ့လား၊ မသောက်ခဲ့ဘူးလား ပြော"

ကျုံးဝမ် ဆွံ့အသွားသည်။

သူသောက်ခဲ့သည်။

အိမ်တော်ထိန်းဖုန်၊ ထိုအဘိုးအိုကြီးသည် သူလက်ဖက်ရည်သောက်ပြီး အိပ်မပျော်မှာကို စိုးရိမ်ခဲ့ဟန်တူသည်။ ထို့ကြောင့် အစေခံများအား ရိုးရိုးလက်ဖက်ရွက် ပြင်ဆင်ခိုင်းမည့်အစား စံပယ်ပွင့်အနည်းငယ်ကို လက်ဖက်ရည်အိုးထဲသို့ ထည့်ခဲ့သည်။

ကျုံးဝမ်၏မာနတို့မှာ ပျောက်ဆုံးသွားရပြီး ထစ်ထစ်အအဖြင့် ပြောမိသည်။ "ငါ တကယ် န-နမ်း..."

"မင်းငါ့ကိုနမ်းခဲ့ရုံတင်မကဘူး။ ပြီးတော့လည်း..." ယွီရှီက ကျုံးဝမ်ကို ဆက်ကြည့်မနေတော့။ သူရပ်လိုက်သည်။ ထို့နောက် အံကိုကြိတ်ကာ ပြောလိုက်သည်။ "မင်းက ငါအသေးစိတ်ပြန်ပြောပြတာကို ကြားချင်တာလား"

ကျုံးဝမ်၏မျက်နှာထက်မှ နီရဲရဲရှက်သွေးဖြာမှုက နားများထိတိုင် ရောက်သွားသည်။ "မလိုပါဘူး"

ယွီရှီ အသက်ဝဝရှူရှိုက်လိုက်သည်။ အနည်းငယ်တည်ငြိမ်သွားပြီးနောက် မျက်ခုံးများကို စုကျုံ့ကာ ပြောလိုက်သည်။ "ဒါကနောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ကြိမ်သာ ထပ်ဖြစ်ခဲ့ရင် မင်းကို လွယ်လွယ်နဲ့မလွှတ်ပေးဘူး"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာजहाँ कहानियाँ रहती हैं। अभी खोजें