အခန်း (872)

712 136 2
                                    

အခန်း (၈၇၂)  :  တျန်းဂျီ အမှတ်အသား လေးခု

ယူကျန်းနာက ခေါင်းမော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုတ်မိလိုက်သည်။

အမြင်မှားမိတာလား ….

သူမက တစ်ယောက်ယောက် တံခါးဝမှ ချောင်းကြည့်လိုက်သလို ခံစားမိလိုက်သည်။

မကြာခင် ယူကျန်းနာက ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။ မည်သူပင် ဖြစ်စေ ထိုလူက ဤနေရာသို့ ရောက်လာမည်သာ ဖြစ်၏။ ထို့ကြောင့် အထင်မှားမှု မဟုတ်ဘဲ လူတစ်ယောက်က ချောင်းကြည့်ခဲ့သည်ဆိုလျှင် ထိုလူက သေချာပေါက် ဝင်လာလိမ့်မည်။

ထိုကံတရားကို ရရှိပြီးနောက် သူမ ပြန်သွားနိင်လေပြီ။ သူမ အစ်ကိုနှင့် သူမက ထိပ်တန်းအဆင့် ပြောင်းလဲမျှခြေ အဆောင်နှစ်ခု ရရှိ၍ အဆင့်နိမ့် နယ်မြေသို့ တိတ်တဆိတ် ရောက်ရှိလာကြခြင်း ဖြစ်၏။ သူတို့နှစ်ယောက်က အာကာပြင်ထဲ လမ်းခွဲလိုက်သောကြောင့် သူမ အစ်ကို မည်သည့်နေရာ သွားမှန်း မသိပေ။ သူမသာ ဤအခွင့်အရေးကို ရသည်နှင့် သူမ ဖခင်က သူမအား အချိန်အတော်ကြာ တံခါးပိတ် ထားမည်ဆိုလျှင်ပင် ထိုက်တန်ပေသည်။

မိုဝူကျိက နွံ့တောထဲတွင် ထိုင်ကာ ဘေးပတ်လည်ကို ဖုံးကွယ်ရေး အစီအရင်ဖြင့် ဖုံးကွယ်ထားလိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားတို့ကလည်း ခန္ဓာကိုယ်အနှံ့ ဆက်တိုက် ပြေးလွှားနေကြသည်။ သူက ဆယ်ကြိမ်မက  ခန္ဓာကိုယ်အနှံ့ ရှာဖွေကြည့်သော်လည်း ရလဒ်က သူ့အား စိတ်ပျက်စေသေး၏။ သူက မည်သည့် အမှတ်အသားကိုမှ ရှာမတွေ့ပေ။

အကယ်၍ ယခင်က ဖြစ်နေလျှင် မိုဝူကျိက သူ့ကိုယ်သူ အတွေးလွန်နေသည်ဟု တွေးမိနိုင်သေး၏။ သို့သော်လည်း ထိုမဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ကြုံပြီးသည့်နောက်တွင် သူက နိမိတ်မျိုးကို သိသိသာသာ ခံစားမိလာသည်။ သူ ကောင်းကင်ချောက်ကမ်းပါးမြို့တွင် ရှိစဉ်အခါက နိမိတ်ဆိုးကို ခံစားမိခဲ့သည်။ သို့သော်လည်း သူက တင်းပိုအင်မော်တယ်မြို့ကို ဆက်သွားရန် ရွေးချယ်မိခဲ့သည်။ အမှန်ပင် ဆိုးရွားသည့် တစ်စုံတစ်ခု ဖြစ်လာကာ ဟန်ချင်းရုပင် အဖမ်းခံလိုက်ရပြီး ဓားအကျဉ်းထောင်ထဲ ပို့လွှတ်ခံလိုက်ရသည်။

လူသားသစ္စာ (701-900)Where stories live. Discover now