အခန်း (849)

722 146 2
                                    

အခန်း (၈၄၉)  : အကြွေးလာသိမ်းတာ

“ချင်းချယ် … ရှားမိသားစုနဲ့ ကိစ္စပြီးရင် ကမ္ဘာမြေက‌နေ ထွက်သွားကြမယ်။ မင်း ဘာမှလုပ်စရာ မကျန်တော့တာ သေချာရဲ့လား။ တာအိုကျင့်ကြံတာက ကံကြမ္မာကို ရေးထွင်းပြီး ခံစားရသမျှ အရာအားလုံးကို ပုံဖော်နေရသလိုပဲ၊ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု စတဲ့  စိတ်ခံစားချက်မျိုးစုံလည်း အပါအဝင်ပဲ …. ဒီနေရာနဲ့ ပတ်သတ်ပြီးတော့ မင်းကို တွေဝေနေစေတဲ့ အတွေးမျိုး မရှိစေချင်ဘူး။ အဲဒါက နောင်ကျ မင်းရဲ့ကျင့်ကြံဆင့် တိုးတက်ဖို့ အနှောင့်အယှက် ဖြစ်လာလိမ့်မယ် … ” ရှားမိသားစု ပိုင်နယ် အပြင်ဘက်တွင် ရပ်နေရင်း မိုဝူကျိက မိုချင်းချယ်အား လေးလေးနက်နက် ပြောလိုက်သည်။
“ သမီး ….” မိုချင်းချယ်က ကမ္ဘာမြေမှ ချက်ချင်းထွက်သွားဖို့ရာ အဆင်ပြေကြောင်းနှင့် ဘာမှဆက်နွယ်မှုများ မကျန်ရှိကြောင်း တကယ်ပြောပြချင်မိသည်။ သို့သော်လည်း မိုဝူကျိစကားကို နားထောင်ပြီးနောက် သူမက ပြန်တွေးမိသွားသည်။
သူမက မိုးမြေတာအိုကို တစ်ခါမှ မလေ့ကျင့်ဖူးသော်လည်း သူမ အဖိုးက လိမ်ညာမည် မဟုတ်ကြောင်း သိနေသည်။ သူမ အဖိုးက မပြီးပြတ်သေးသည့် ကိစ္စများကြောင့် ပြန်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
“ ဖိုးဖိုး …. တကယ်တော့ ကိစ္စနည်းနည်းတော့ ရှိတယ် ဒါပေမဲ့ … ”
မိုချင်းချယ်က ထိုအကြောင်းကို မည်သို့ပြောရမှန်း မသိတော့ပေ။ အစပိုင်း၌ သူမတွင် ဝမ်ရုန်အမည်ရှိ ချစ်သူကောင်လေး တစ်ယောက်ရှိခဲ့သော်လည်း  မိုမိသားစု၏ ဖော်မြူလာကြောင့် သူမက ချစ်သူနှင့် လမ်းခွဲဖို့ ရွေးချယ်ခဲ့သည်။
ထိုဖော်မြူလာ တခြားသူ သိသွားသည့် အကြောင်းအရင်းမှာလည်း သူမ ကောင်လေးကြောင့်သာ ဖြစ်၏။ သူမအနေနှင့် တစ်ခါတုန်းက ထိုဖော်မြူလာမှာ ရှားမိသားစု၏ ဆေးရည်ထက် နိမ့်ကျနေခြင်း မရှိကြောင်း လွတ်ခနဲ ပြောထွက်မိသွားခဲ့သည်။ သူမကို အံ့အားသင့်စေသည်က ဝမ်ရန်သည် သူမအား ထိုဖော်မြူလာ ပြရန် တောင်းဆိုလာခြင်း ဖြစ်၏။
သူမ အဖွားဖြစ်သူက ထိုသည်မှာ မိုမိသားစု၏ တစ်ခုတည်းသော အမွေအနှစ်ဖြစ်ကြောင်း ခဏတိုင်း မှာကြားခဲ့ပြီး မိုမိသားစု၏ အမျိုးသားတစ်ဦးဦးကိုသာ ပြသရမည် ဖြစ်ကြောင်း မှာခဲ့သည်။ သူမက ဝမ်ရုန်ကို ဘာကြောင့် ပြရမည်နည်း။ ဝမ်ရုန်က သူမကို လက်ထပ်ထားလျှင်ပင် သူမအနေနှင့် အဖွား၏ ဆန္ဒကို လျစ်လျူရှုပစ်မည် မဟုတ်ပေ။ ယခုတွင်မူ ချစ်သူအဆင့်သာ ရှိနေသေး၏။
သူမကို ဒေါသထွက်စေသည်က ဝမ်ရုန်သည် ထိုသတင်းအား ရှားမိသားစုထံ အကျိုးမြတ်အတွက် ပေးပို့ခဲ့ခြင်း ဖြစ်၏။ ဤအရာမှာ နောက်ဆုံး ကောက်ရိုးမျှင်လေး ဖြစ်ကာ သူမက တုံ့ဆိုင်းခြင်းမရှိ သူနှင့် လမ်းခွဲပြတ်ဆဲခဲ့သည်။
“ ငါသိပြီ …. လာလာ ထိုင်ဦး ” မိုဝူကျိက မိုချင်းချယ်အား ထိုင်ဖို့ရာ လက်ဟန်ပြလိုက်ပြီး ထပ်၍ မပြောခိုင်းတော့ပေ။ ထို့နောက် ကာကွယ်ရေး အစီအရင်ကိုသာ ခင်းကျင်းနေလေ၏။
မိုချင်းချယ် ထိုင်လိုက်သည်နှင့် သူက သူမဘေးပတ်လည်တွင် နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်များကို ရစ်ပတ်ထားလိုက်သည်။ ထိုစဉ် သူ့အသိစိတ်ပင်လယ်မှာလည်း ပြန်ကောင်းနေပြီ ဖြစ်ရာ သူ့ကျင့်ကြံဆင့်မှာလည်း အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မိုချင်းချယ်အား သူမအသိစိတ် ရှင်းလင်းသွားပြီး ကူညီပေးသည့် ကိစ္စရပ်မှာ ဘာမှမဆိုလောက်တော့ပေ။ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ် အကူအညီဖြင့် အမွေးတိုင်တစ်ဝက်စာလေးအတွင်း လုပ်ဆောင်ချက် တစ်ခုလုံး ပြီးဆုံးသွားလေ၏။
“ သမီး  …” မိုချင်းချယ်က အသိပြန်ကပ်လာသည့်အခါ သူမစိတ်မှာ ယခင်ကထက် အဆများစွာ ကြည်လင်နေကြောင်း သတိထားမိလိုက်သည်။ ယခင် သူမ နားမလည်ခဲ့သည့် အရာများစွာလည်း ပို၍ ရှင်းလင်းလာသည်။ သူမ တစ်ကိုယ်လုံးမှာ ပေါ့ပါးနေသည့်အတွက် သူမသာ အလိုရှိလျှင် ပျံသန်းနိုင်သည်ဟု ထင်မှတ်မိလာသည်။
“ ဖိုးဖိုး …. သမီး အင်မော်တယ် ဖြစ်လာတာလား ” မိုချင်းချယ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
မိုဝူကျိက ခေါင်းခါကာ  “ မင်းကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက်အောင်ပဲ ကူညီပေးလိုက်တာ … မင်းအနေနဲ့ နောင်ကျင့်ကြံရေးအတွက် မင်းကိုယ်မင်း အားကိုးရမယ် ”
သူက သူမအား  ထန်ကျန်းမန်ကို ဆက်ဆံပေးသလို မဆက်ဆံခဲ့ပေ။ ထန်ကျန်းမန်က သူတပည့် ဖြစ်လာဖို့ မရွေးချယ်ခဲ့သည့်အတွက် သူမ အလားအလာနှင့် ဝိညာဉ်လမ်းကြောင်းများ ပိုကောင်းလာစေဖို့ရာ  နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်အား ထုတ်သုံးပေးမည် မဟုတ်ပေ။ မိုချင်းချယ်က သူ့နောက်လိုက်မည်မှာ သေချာနေသောကြောင့် အခြေခံကောင်းကောင်း တည်ဆောက်ပေးဖို့ ကူညီပေးရမည်။ နောင်အနာဂတ်၌ မည်မျှ အောင်မြင်လာမည့်ကိစ္စအား သူမအပေါ်တွင် မှီခိုနေပေသည်။
ထို့ကြောင့် မိုဝူကျိက သူမကို မည်သည့်ကျင့်စဉ်မှ မထည့်သွင်းပေးသေးချေ။
မိုဝူကျိက သူ့စကားအဆုံးတွင် ဆွဲကြိုးတစ်ခု ပေးလိုက်ပြီး  “ ဒါကို ဆွဲထားလိုက် …. သူ့အလိုလို သခင်အဖြစ် အသိအမှတ်ပြုလိမ့်မယ်။ အခု ငါက ရှားမိသားစုနဲ့ ဖြေရှင်းဖို့ သွားလိုက်ဦးမယ်။ မင်းလည်း နှုတ်ဆက်စရာရှိတာ သွားနှုတ်ဆက်ထားလိုက် …. မင်းကိစ္စပြီးသွားရင် ငါတို့ ထွက်သွားကြမယ် ”
“ ဒါပေမဲ့ အဖိုးကို ဘယ်လိုရှာရမှာလဲ ” မိုချင်းချယ်က မေးလိုက်၏။
“ မင်း ဘယ်နေရာရောက်ရောက် ငါ သိနေမှာ ” မိုဝူကျိက အပြုံးလေးဖြင့် ပြန်ဖြေပေးလိုက်သည်။
မိုချင်းချယ်က သူမခန္ဓာကိုယ်မှ အပြောင်းအလဲကို ခံစားမိပြီး ယုံကြည်ချက်တို့ မြင့်တက်လာလေသည်။ သူမက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏  “ အဲဆို သမီးသွားပြီနော် … အများဆုံး နှစ်ရက်လောက်ပဲ ကြာမှာပါ ”
“ ခဏ ” မိုဝူကျိက မိုချင်းချယ်အား လက်စွပ်တစ်ကွင်း ထုတ်ပေးလိုက်ပြီး သူမလက်ကို ကိုင်ကာ လက်စွပ်အပေါ် သွေးတစ်စက် ကျစေလိုက်၏။
“ ဒါက သိုလှောင်လက်စွပ်ပဲ …. အထဲမှာ အိတ်ကြီးကြီးတွေ ထည့်ထားလို့ရတယ်။ စိတ်ဆန္ဒနဲ့ လက်စွပ်ကို သုံးနိုင်လိမ့်မယ် ” သူက လက်စွပ်ကို ပေးရင်း ရှင်းပြလိုက်သည်။
“ အာ ” ဤတစ်ကြိမ် မိုချင်းချယ်က ကြောင်အမ်းသွားလေ၏။
…………………
ရှားမိသားစုက နံပါတ်တစ် မိသားစု ဖြစ်လာနိုင်ခြင်းမှာ သူတို့တွင် လျန့်မင်ဆေးရည် ရှိနေသည့်အတွက်ကြောင့် မကပေ။ ရှားယို့က အမိန့်ပေးလိုက်သည်နှင့် မိသားစုဝင်များက အစည်းအဝေးခန်းမဆီ ရောက်လာကြသည်။
ယခင်က ရှားမိသားစု၏ ခေါင်းဆောင် ရှားကျစ်တင်းသည် ကမ္ဘာမြေ၏ အခြေအနေမှာ ပိုပို ဆိုးလာမည် ဖြစ်ကြောင်း ပြောခဲ့ဖူး၏။ ထို့ကြောင့် ရှားမိသားစုအနေနှင့် အန္တရာယ်ကို  အာရုံခံမိကာ သူတို့ဘိုးဘေးများ၏ နယ်ပယ်အတွင်း ပျော်ရွှင်နေရင်း သေချာပေါက် မနေကြပေ။
ရှားမိသားစု၏ မျိုးဆက်များက အောင်မြင်မှု ဆွတ်ခူးနိုင်ပေ၏။ ရှားမိသားစု၏ ကလေးများတွင် ပါရမီအနည်းငယ် ပါသည်နှင့် တိယွမ်ဂြိုဟ်သို့ ပို့လွှတ်ခံကြရသည်။ တခြားသူများအတွက် တိယွမ်ဂြိုဟ်ကို သွားခြင်းက အင်မတန် ခက်ခဲနေသော်လည်း ရှားမိသားစုအတွက်မူ ဖုန်းတစ်ခါလောက် ခေါ်ရုံမျှ ဖြစ်၏။
ရှားယို့က အစည်းအဝေးခန်းသို့ ရောက်လာသည့်အခါ ရှားမိသားစု၏ အဓိကအဖွဲ့ဝင်အားလုံးလည်း ရောက်ရှိနေကြပြီ ဖြစ်၏။
“ အားလုံးလည်း အဖြစ်အပျက်ကို သိလိုက်ကြမှာပါ။ လျန့်မိုင်နယ်အတွင်းက စက်ရုံတွေအကုန်လုံး ပျက်စီးသွားပြီ။ ပြောရတာ ယုတ္တိမတန်ပေမဲ့ အမှန်တကယ် ဖြစ်ခဲ့တာပဲ …. ကျုပ်လည်း အစတုန်းက မယုံကြည်ချင်ဘူး …” ရှားယို့က ခေါင်းဆောင်နေရာတွင် ဝင်ထိုင်လိုက်ပြီး စိတ်ခံစားချက်များကို ချုပ်ထိန်းထားသော်လည်း ဒေါသတရားကိုတော့ ချုပ်ထိန်းထားလို့ မရပေ။
“ ဘယ်သူဖြစ်ဖြစ် ရှားမိသားစုကို ထိရဲတယ်ဆိုတော့ အသက်ရှင်ဖို့ မေ့ထားလိုက်သင့်တယ် ” ရှားယို့ စကားမဆုံးခင် ဘေးတွင် ထိုင်နေသော အသက်ကြီးကြီး အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ပြောလိုက်သည်။
ထိုသူမှာ ရှားကျစ်တောက် ဖြစ်ပြီး ရှားကျစ်၏ ဦးလေး ဖြစ်ကာ ယခင်မိသားစုခေါင်းဆောင် ရှားကျစ်တင်း၏ ညီလေး ဖြစ်၏။
“နောက်ကွယ်မှာ အာကာသညွှန်ကြားရေး အဖွဲ့ ရှိနေတယ်လို့ ထင်တယ်။ သူတို့တွေက အရင်းအမြစ်တွေ ရလာတာနဲ့ အဲလိုလုပ်ရဲကြမှာပဲ … ပြီးတော့ အရင်တစ်ခါက ကျုပ်တို့ရှားမိသားစုက ရှီလီကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ထားတာကြောင့် နေမယ် ” နောက်တစ်ဦးက ရှေ့ထွက်ကာ ပြောလိုက်ပြန်သည်။
ရှားယို့ မျက်မှောင်အနည်းငယ် ကျုတ်လိုက်ပြီး သူ ဆက်မပြောခင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်  “ အဲဒါက အာကာသညွှန်ကြားရေး အဖွဲ့ မဟုတ်ဘူး။ သူတို့မှာ လုပ်နိုင်စွမ်း မရှိဘူး။ အာကာသညွှန်ကြားရေးအဖွဲ့ရဲ့ ရှီလီက ချီရှုမြို့ရဲ့ လေ့လာရေး ရင်ပြင်မှာပဲ ရှိသေးတယ်။ သူက ကျုပ်ကြောင့် လုံးဝ မလှုပ်နိုင်ဘူး။ တကယ်လို့ သူ ဖြစ်နေရင်တောင် ကျုပ် ခင်းထားတဲ့ ကာကွယ်ရေး ဖောက်ထွက်ရအောင် သူက အဲလောက် အားကောင်းမှာ မဟုတ်ဘူး ”
ထိုအသံ ထွက်ပေါ်လာပြီးနောက် ဆံရှည်ရှည် လူငယ်လေးတစ်ဦး ထွက်လာသည်။
“ ရှားကျစ် ပြန်လာပြီပဲ ” ရှားယို့က မိသားစုခေါင်းဆောင် ဖြစ်သော်လည်း ရဲရဲတင်းတင်း မပြုမူရဲပေ။ ရှားကျစ်က ငယ်ရွယ်နေဟန် ပေါ်သော်လည်း လက်တွေ့၌ သူ့ထက် အသက်များစွာ ကြီး၏။
မိသားစုခေါင်းဆောင် ရှားယို့ အသံထွက်လာသည်နှင့် ရှားကျစ်တောက် အပါအဝင် အားလုံးက ထရပ်လိုက်ကြသည်။
ရှားယို့ဘေးသို့ ထိုင်ခုံ ချပေးလိုက်သူလည်း ရှိပေသည်။ ရှားကျစ်က ထိုနေရာတွင် ဝင်ထိုင်လိုက်လေ၏။ ရှားကျစ် ထိုင်ပြီးသည့်နောက်မှ အားလုံးက ဝင်ထိုင်လိုက်ကြသည်။
“ ရှားကျစ် … အဲဆို ဘယ်သူလုပ်တာလဲ သိလား ” ရှားယို့က မရေမရာ မေးလိုက်သည်။
လူငယ်လေးက နှာခေါင်းရှုံ့ကာ အသံနှိမ့်၍  “ အဲဒီလူက မရိုးရှင်းဘူး။ အဖြစ်အပျက်ကို သွားစစ်ဆေးပြီးပြီ။ ကြည့်ရတာ အင်မတန် အားကောင်းတဲ့ ကျင့်ကြံသူ တစ်ဦးဦးရဲ့ လက်ချက် ဖြစ်လောက်တယ် ”
ထိုသတင်းက ရှားယို့လက်များအား တုန်ယင်လာစေကာ ဘေးနားရှိ ခွက်ကို တိုက်မိသွားလေ၏။ ရေပူများက သူ့ခြေထောက်ပေါ် ကျသွားသော်လည်း ဘာမှမခံစားရသည့်အလား ပြုမူနေသည်။
ကျင့်ကြံသူ …
တခြားသူများက ထိုအသုံးအနှုန်းကို မရင်းနှီးကောင်း မရင်းနှီးကြနိုင်သော်လည်း ရှားယို့အတွက်မူ ထိုသို့ မဟုတ်ပေ။ အကြောင်းမှာ ရှားမိသားစု၌ ကျင့်ကြံသူ နှစ်ယောက် ရှိနေ၍ ဖြစ်သည်။ တစ်ယောက်မှာ ရှားကျစ် ဖြစ်ပြီး နောက်တစ်ယောက် လွန်ခဲ့သည့်နှစ်များစွာက ပျောက်ကွယ်သွားသော ရှားရိုယင် ဖြစ်၏။ ခန္ဓာကိုယ်လေ့ကျင့်ရေး ဆေးရည် ဖော်မြူလာ ယူဆောင်လာသူမှာ ရှားရိုယင်သာ ဖြစ်၏။
ရှားကျစ်က ရှားရိုယင်၏ မောင်လေး ဖြစ်ပြီး ရှားယို့က ရှားကျစ်၏ ကျင့်စဉ်မှာ ရှားရိုယင် ချန်ထားပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း ရှားကျစ်က ကျင့်စဉ်အား တခြားရှားမိသားစုဝင်များအား ပြောပြဖို့ ဘာဆိုဘာမှ မဆိုထားသောကြောင့် သူလည်း ဝင်မပြောနိုင်ပေ။
“ အဲဆို ရှားမိသားစုက ဘယ်လိုဖြစ်လာမှာလဲ ” ရှားကျစ်၏ စကားများကို နားထောင်ပြီး ရှားယို့ရင်ဘတ်ထဲ ဒေါသလှိုင်များ ထလာမိသည်။ သူ့ဒေါသလှိုင်းမှာ ရှားမိသားစုအတွင်း အားနည်းသူများအပေါ်တွင် သက်ရောက်မှုရှိသော်လည်း ရှားမိသားစုထက် အားကောင်းသည့်သူ ပေါ်လာသည်နှင့် သူက အလိုလို ရှုံးနိမ့်ပြီးသား ဖြစ်၏။
“ ခေါင်းဆောင် စိတ်မပူပါနဲ့ …. ကျုပ်အစ်မကြီးက မိသားစုကို တည်ဆောက်နိုင်ခဲ့တယ်။ ကျုပ် ထွက်မသွားခင် မိသားစုအတွက် အန္တရာယ်အားလုံးကို ရှင်းပေးသွားမှာပါ။ ကျုပ်က နောက်တဆင့် ရောက်သွားပြီဆိုတော့ အဲလူသာ ကမ္ဘာမြေမှာ ရှိနေရင် ဘယ်နေရာမှာ ပုန်းပုန်း သူ့ကို အနိုင်ယူပစ်နိုင်တယ် ” ရှားကျစ်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး သူ့စကားလုံးများတွင် ယုံကြည်ချက်အပြည့် ပါဝင်နေသည်။
ရှားယို့က ထိုအကြောင်းကြားသည့်အခါ ချက်ချင်း စိတ်ပေါ့သွားပြီး တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ အဲဆို အာကာသညွှန်ကြားရေး အဖွဲ့ကို သွားပြီး ကမ္ဘာမြေကနေ ယာဉ်ပျံတွေ ထွက်မသွားနိုင်တာင် တားထားလိုက်မယ် ”
သူက ရှားကျစ် မည်မျှတော်ကြောင်း သေချာသိထားလေရာ ရှားကျစ်၏ အစ်မဖြစ်သူမှာ သူ မခန့်မှန်းနိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေလေပြီ။ ထို့ကြောင့် သူက ရှားကျစ် စကားများကို သံသယ မဖြစ်ပေ။
“ မလိုပါဘူး ….. ကျုပ်က ကိုယ့်ဘာသာ ပုန်းအောင်းနေမှာ မဟုတ်ဘူး ” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မိုဝူကျိက ရှားမိသားစု၏ အစည်းအဝေးခန်းအတွင်း ဝင်လာသည်။
“ မင်းက ဘယ်သူလဲ ” ရှားယို့က အထိတ်တလန့် ထရပ်လိုက်သည်။ ရှားမိသားစုက အစည်းအဝေးလုပ်သည့်အခါ အပြင်ဘက်မှ လေပင် ဝင်မလာနိုင်ကြောင်း ပြောလျှင် အပိုပြောနေခြင်း ဖြစ်ပေမည်။ သို့သော် အနည်းဆုံးတော့ မည်သူမှ ဝင်မလာနိုင်ပေ။ ရှားကျစ် လုပ်နိုင်သည်မှာ သူက ရှားမိသားစု၏ အဓိကလူ ဖြစ်နေ၍ ဖြစ်သည်။
မိုဝူကျိ ဆက်ပြောမည့်အရေးကို မစောင့်ဆိုင်းဘဲ ရှားကျစ်တောက်က တုန်လှုပ်စွာ မေးလိုက်လေ၏  “ မင်းက မိုဝူကျိရဲ့ မျိုးဆက်မလား ”
သူတို့စုံစမ်းစစ်ဆေးမှုများအရ မိုဝူကျိတွင် အသတ်ခံရပြီးနောက် မျိုးဆက် မကျန်ရစ်ခဲ့ပေ။ သူနှင့် တစ်ညတာ ကုန်ဆုံးခဲ့သော အမျိုးသမီးကိုလည်း ရှားရိုယင်က တန်းသတ်ပစ်လိုက်ခြင်း ဖြစ်၏။ သို့သော် အကယ်၍ ဤသို့ဖြစ်နေခဲ့လျှင် သူတို့ရှေ့တွင် ရှိနေသည့်သူက မိုဝူကျိနှင့် အဘယ်ကြောင့် ဆင်နေရသနည်း။
“ မင်းက ငါတို့သုတေသန စင်တာတွေကို ဖျက်စီးပစ်လိုက်တာလား ” ရှားကျစ်က ထိုင်ခုံမှ ထလာလိုက်သည်။ သူက မိုဝူကျိသည် မည်မျှ ကြောက်မက်ဖို့ကောင်းကြောင်း အာရုံမခံမိပေ။ မိုဝူကျိက သာမာန်လူတစ်ယောက်နှင့် ကွာခြားနေသည့်ပုံ မပေါ်ပေ။ ကြည့်ရသည်မှာ သူက မိုဝူကျိအား အထင်ကြီးမိဟန် ရှိ၏။
“ ဟုတ်တယ် ငါဖျက်စီးလိုက်တာ …. ဒီကို အကြွေးလာသိမ်းတာ။ အဲဒီနေရာကို ဖျက်စီးလိုက်တာ ပထမအဆင့်ပဲ …. ဒုတိယအဆင့်က ရှားမိသားစုဆီ လာပြီးတော့ လူတချို့ကို သတ်ပစ်ဖို့ …” မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်။
သူနှင့် တစ်ညတာ ကုန်ဆုံးခဲ့သည့် အမျိုးသမီးမှာ ဝမ်ရှောင်ချီ ဖြစ်နေပြီး  ရှားရိုယင်က သူ့အား တစ်ချိန်လုံး အသုံးခဲ့သည်ကို သိပြီးနောက် မိုဝူကျိက ရှားမိသားစု၏ အသက်များဖြင့် ပြန်ပေးဆပ်ခိုင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ရှားကျစ်က အေးစက်စွာ ရယ်မောလိုက်ပြီး မိုဝူကျိအား ဆွဲကိုင်ဖို့ ကြိုးစားလိုက်ရင်း အော်ဟစ်လိုက်သည်  “ မင်းက သေချင်နေ …  ”
သို့သော် ရှားကျစ်က စကား တစ်ဝက်တပျက် ရပ်တန့်သွားလေ၏။ သူ့ခြေထောက်များမှာ မြေပြင်နှင့် မထိတော့ဘဲ သူ့လက်များကလည်း မလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရသည်။ သူ့ဘေးပတ်လည် တည်နေရာတစ်ခုလုံးမှာ အေးခဲသွားပြီး သူ့အား ရပ်တန့်သွားစေသည်


လူသားသစ္စာ (701-900)Where stories live. Discover now